Saturday, July 3, 2010

မဲရဖို့ မကြံအပ်တာ လုပ်နေကြ

(ခွပ်ဒေါင်းအလံ အသုံးပြုမှုနှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် စစ်အစိုးရနှင့်နီးစပ်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက သူတို့၏ ပါတီအလံနှင့် တံဆိပ်ကို သမိုင်းဝင် ကျောင်းသားသမဂ္ဂ၏ ခွပ်ဒေါင်းအလံအား အသုံးပြုထားခြင်းအား အနုပညာ၊ စာပေစာနယ်ဇင်း အသိုင်းအဝိုင်းမှ အထင်ကရ ပုဂ္ဂိုလ်များက ကန့်ကွက်ထားသည်။

ကန့်ကွက်သူများထဲတွင် ထင်ရှားသော စာရေးဆရာများဖြစ်ကြသည့် ဒဂုန်တာရာ၊ လူထုစိန်ဝင်း၊ မောင်ဝံသ၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့လည်း ပါဝင်သည်။

ကန့်ကွက်ရသည့် အကြောင်းရင်းကို သိနိုင်ရန် စာနယ်ဇင်း အမှုဆောင်ဟောင်း ကဗျာဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်) နှင့် နိုင်ငံကျော် စာရေးဆရာကြီး ဒဂုန်တာရာတို့ကို ဆက်သွယ်မေးမြန်းတင်ပြထားသည်။


ဒဂုန်တာရာ

ပါတီတခုက ခွပ်ဒေါင်းအလံ အသုံးပြုမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်မယ်လို့ သိရတယ်။ ဘာကြောင့် ကန့်ကွက်တာလဲရှင်။

''ဟုတ်တယ်။ ကျောင်းသားသမဂ္ဂ သုံးတယ်။ အဲဒါကြောင့် နောက်လူတွေ ရောကုန်မှာစိုးလို့၊ ဟိုတုန်းကဟာကို မသုံးတာ ကောင်းတာပေါ့နော်။ ကျနော်က ဒီသဘောပဲ''

အခုလို ကော်မရှင်ကို ကန့်ကွက်တဲ့ကိစ္စကိုရော ကော်မရှင်က လက်ခံပြီး အရေးယူပေးမယ် လို့ထင်လား။

''ရွေးကောက်ပွဲဥပဒေမှာ ပါတဲ့အတိုင်းပဲ။ ကန့်ကွက်နိုင်တယ်ဆိုလို့ ကန့်ကွက်တာပဲလေ။ ရွေးကောက် ပွဲကော်မရှင်က သတင်းစာကနေ ကြေညာတယ်ဆိုတော့ အဲဒီပေါ်မှာလည်း မူတည်တယ်။ အသိအမှတ်ပြုတာ၊ မပြုတာကတော့ သူတို့အပိုင်းပါ။ လက်ခံ၊ လက်မခံ စောင့်ကြည့်ရမယ်''

ကိုလေး (အင်းဝဂုဏ်ရည်)

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက ခွပ်ဒေါင်းအလံ အသုံးပြုတာကို ဘာကြောင့် ကန့်ကွက်တာလဲ။

''သူတို့နဲ့ ဘာဆိုင်လို့လဲဗျာ။ ဒီအလံက ကျောင်းသားထုရဲ့ အလံပဲ၊ ပါတီအလံမှ မဟုတ်တာ။ ပါတီအလံ လုပ်ချင်ရင် ကိုယ့်ဘာသာ အန်အယ်ဒီ လုပ်သလို လုပ်လေ။ ကျောင်းသားတွေ ဦးဆောင်တဲ့ ၈ လေးလုံးကို မမေ့လို့ ကျောင်းသားအလံ ဖြစ်လာတယ်။ ‘မဲ’ ရမလားဆိုပြီးတော့ မကြံအပ်၊ မကြံစည်ရာတွေ လုပ်တာပဲ။ သူတို့ကိုယ်၌က အလင်းရောင်မှ မရှိဘဲ။ မိမိအရောင်နဲ့ မိမိပြောင်မှ ကောင်းတာ။ သူများအရောင် ငှားတာ ခဏပဲ''

ဒီခွပ်ဒေါင်းအလံကို ဘယ်သူတွေက စပြီး အသုံးပြုခဲ့ကြသလဲရှင်။ ကဒေါင်းနဲ့ ခွပ်ဒေါင်းအလံ သမိုင်းအကြောင်းကို နည်းနည်း ရှင်းပြပေးပါလား။

''ခုနှစ်တော့ မမှတ်မိဘူး။ တော်ဘုရားလေး ဦးအောင်ဇေ သီပေါမင်းရဲ့မြေး တံဆိပ်တော်လို့ ခေါ်တယ်။ အဲဒါ ကဒေါင်းပဲ။ ဒေါင်းဟာ ဒို့အသက်ပဲ။ ဒို့ရဲ့ အလံပဲ။ ဒို့ရဲ့ အထိမ်းအမှတ်ပဲ။ မြန်မာပြည်ရဲ့ ရုပ်ပဲ။ ခွပ်ဒေါင်းကတော့ ကျောင်းသားတွေထဲက ယူတာ။ ကဒေါင်းက အားမရဘူး။ ကနေတာက Peace ပေါ့၊ ငြိမ်းချမ်းရေးကာလမှ သုံးတာ။ ခွပ်ဒေါင်းက တိုက်ပွဲဝင်တဲ့ ဒေါင်းလုပ်လိုက်တာပဲ''

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီး ကျောင်းသားသမဂ္ဂလည်း တခြားအဖွဲ့အစည်းတွေလို ပိတ်ပင်ခံနေရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

''ပါလီမန်ဒီမိုကရေစီစနစ်က နည်းနည်းနူးညံ့သေးတာပေါ့။ စစ်အာဏာရှင်စနစ်က ဘယ်သူကိုမှ ထားမှာ မဟုတ်ဘူး။ အကုန်သတ်ပစ်မှာပဲ။ ထောင် နှစ် ၁၀၀ ချလိုက်မှာပဲ။ ဒီမိုကရေစီစနစ်မှာက သပိတ်မှောက်ရရုံမကဘူး၊ ဝန်ကြီးချုပ်အိမ်မှာတောင် သွားဆဲလို့ ရသေးတယ်။ ကြိုက်တာလုပ်လို့ ရတယ်။ အာဏာရှင်စနစ် ၃ ရပ် ရှိတယ်ကွာ။ လူတယောက်ရဲ့ အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်။ ဘယ်အာဏာရှင်စနစ်မှ မကောင်းဘူး''

ဒေါင်းပုံအသုံးပြုမှုကို ကန့်ကွက်တာ ကော်မရှင်က လက်ခံမယ်လို့ ထင်လား။

''ကော်မရှင်ကို ထည့်တွက်မနေနဲ့၊ သူတို့ (စစ်အစိုးရ) က လုပ်ချင်ရာလုပ်မှာပဲ။ သူတို့ (စစ်အစိုးရ) က Supporting လုပ်တဲ့လူတွေကို လက်တွဲခေါ်သွားမှာ။ ဆိုလိုတာက သူတို့ (စစ်အစိုးရ) က အကယ်ဒမီ ဇာတ်ဆောင်ပဲ။ ဇာတ်ပို့တဲ့ လူတွေကို ခေါ်သွားမယ်။ ကန့်လန့်လုပ်တဲ့လူတွေကို သတ်ပစ်မယ်၊ ဒါပဲ။ ရှင်းရှင်းလေးပဲ။ ဘာမှ တရားဥပဒေ မရှိဘူး''

၈၈ မျိုးဆက်ကျောင်းသားလူငယ် (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက ဒီခွပ်ဒေါင်းအလံကို ဆက်ပြီး အသုံးပြုနေမယ်ဆိုရင် ဘယ်လိုဆက်လုပ်မလဲရှင်။

''တိုက်ပွဲဆိုတာ ပုံစံပြောလို့ရတာ မဟုတ်ဘူးလေ။ မဟာဗျူဟာနဲ့ နည်းဗျူဟာ ရှိတယ်။ မဟာဗျူဟာ ဆိုတာက စစ်အာဏာရှင်စနစ် ပြုတ်ကျရေး။ နည်းဗျူဟာဆိုတာက ဘယ်လိုဖြုတ်ချမယ်ဆိုတာပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “အကြမ်းဖက်ပြီး အာဏာယူတဲ့ ဟာကို အမွေမပေးချင်ဘူး” ဆိုတာပဲ ကောင်းတယ်''

ဒီကိစ္စက တိုင်းပြည်ကို ပိုပြီးတော့ ရှုပ်ထွေးလာမှု မဖြစ်စေနိုင်ဘူးလား။

''လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ရောင်းဝယ်ခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သွားလာခွင့်၊ ရိုက်ကူးခွင့် ဒါတွေ မရသမျှတော့ လူတွေက ဒုက္ခဖြစ်မှာပဲ။ ဒို့ဗမာ သခင်အစည်းအရုံးတုန်းက “ဖိရင်ကြွမယ်၊ ထိရင်ချမယ်” ဆိုတဲ့ ကြွေးကြော်သံ တင်ခဲ့တာ။ ဖိရင်ကြွမှာပဲ။ သူဖိသလောက် ကြွမှာပဲ။ ဒါကြောင့် ပျော့ပြောင်းအောင် လုပ်ပေးနိုင်လို့ရှိရင် တိုင်းပြည် ငြိမ်သက်မယ်၊ ဒါပဲ''

(ကိုဝိုင်း တည်းဖြတ်သည်။) မူရင်းဆိုဒ်သို့

No comments:

Post a Comment