Tuesday, July 6, 2010

“ မှန်ကန်တဲ့ ဘုံရည်မှန်းချက်အပေါ်အတူရပ်တည်နှိုင်ပါစေ ”

နှစ်ပေါင်းနှစ်ဆယ်ကျော်လွန်လာပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် ကျေနပ်မှု့ရှိပါသလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဗွီအိုအေ ဗုဒ္ဓဟူးနံနက် တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်းကို (11.11.09) နေ့မှာလွှင့်ထုတ်ခဲ့ပါတယ်၊ စာရေးသူလည်း ပြည်သူတဦးအနေနဲ့ အသံဖိုင်ပေးပို့ပြီး အမြင်ကို တင်ပြခဲ့ပါတယ်။

မကျေမနပ်ဖြစ်မိတာတော့ အမှန်ပါ၊ သို့သော် အားလုံးကို တပြေးညီ မကျေနပ်တာတော့ မဟုတ်ပါဘူး၊ ဒီမိုကရေစီ တော်လှန်ရေးအတွက် မဟာဗျူဟာချမှတ်သူတွေ၊ ပေါ်လစီမိတ်ကာ ဆိုသူတွေကို အဓိက မကျေနပ်တာပါ၊ နောက်မကျေနပ်တာက ဒီမိုကရေစီဆိုတာလောက်ကိုပဲ သိကြပြီး၊ ဘယ်လိုဒီမိုကရေစီမျိုးလဲ၊ ဘုံဦးတည်ချက်ကဘာလဲ၊ မြန်မာပြည်ကို ဘယ်လိုမျိုး ဒီမိုကရေစီစံနစ်မျိုးနဲ့ ကိုက်ညီမှုရှိမလဲဆိုတာကို မသိကြပဲ နေရာအသီးသီး၊ အဆင့်အသီးသီးနဲ့ အဖွဲ့အမျိုးမျိုးမှာ တာဝန်ယူလှုပ်ရှားနေကြတဲ့သူတွေအပေါ်ကိုလည်း မကျေနပ်ပါဘူး၊ ဒီမိုကရေစီကိုလိုချင်လို့ နောက်ကလိုက်ပြီး လှုပ်ရှားပေးနေတဲ့ လူထုမှာတော့ အပြစ်မရှိပါဘူး၊ ဂုဏ်ယူစရာပါ။

ဒီမိုကရေစီရေးကို ဦးဆောင်ခေါင်းရွက် လုပ်ကိုင်နေသူတွေသည် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်နေသူတွေကများပါတယ်၊ ပြည်တွင်းမှာ ပိုများပါတယ်၊ ပေါ်လစီမိတ်ကာကြီးများသည် သူတို့ လိုချင်သည့် ဒီမိုကရေစီစံနစ်ကို သူတို့သိရှိနားလည်ပြီးသားပါ၊ သို့သော် ပေါ်လစီမိတ်ကာကြီးတွေ အထဲမှာပင် သူတို့ပုံဖေါ်လိုသည့် ဒီမိုကရေစီစံနစ်အပေါ်မှာ တထပ်တည်းကျရန် ညှိပြီးကြပြီလား ဆိုတာ သံသယဖြစ်နေရဆဲပါ၊ တကယ်တန်း ပြန်ကြည့်မယ်ဆိုရင် ပေါ်လစီမိတ်ကာဆိုတဲ့ ပုဂ္ဂိုလ် ကြီးတွေဟာ များများစားစားမရှိကြပါဘူး၊ လက်ချိုးရေတွက်လို့ရနှိုင်လောက်တဲ့ အရေအတွက်ပါ၊ မြန်မာ့ ဒီမိုကရေစီရေးတိုက်ပွဲမှာ ပြည်တွင်းရော ပြည်ပမှာပါ အမည်အမျိုးမျိုးနဲ့ အဖွဲ့အစည်း အသီးသီးရှိနေကြပါတယ်၊ အင်အယ်ဒီကို ဝိုင်းရံကြ၊ ဒေါ်စုကို ဝိုင်းရံကြ၊ ဦးဝင်းတင်ကို ဝိုင်းရံကြလို့ ဆိုတဲ့ အဆိုပြုချက်တွေကို အများစုက ထောက်ခံပြောဆိုနေကြပေမယ့် ဘုံဦးတည်ချက်တခုကို သတ်မှတ်တည်ဆောက်နှိုင်မှုတော့ မရှိကြသေးပါဘူး၊ ဒါကြောင့် သူ့မဟာဗျူဟာနဲ့ သူရှိနေကြပါ လိမ့်မယ်၊ ဒါကြောင့်လည်း အကြောင်းကိစ္စပေါ်လာတိုင်း မတူညီတဲ့ လေသံတွေ ထွက်လာတာ တွေ့နေရပါတယ်၊ ဥပမာ ဒီပဲရင်းအရေးအခင်း ပေါ်ပေါက်တဲ့အခါ အမေရိကန်သမ္မတ ဂျော့ဘုရှ်က မြန်မာစစ်ခေါင်းဆောင်တွေကို လူဆိုးစာရင်းသွင်းတယ်။ မြန်မာနိုင်ငံ လွတ်လပ်မှု့နဲ့ ဒီမိုကရေစီ ဥပဒေ (၂၀၀၃) ကို အတည်ပြုလတ်မှတ်ရေးထိုးတဲ့အခါ မြန်မာအတိုက်အခံ အဖွဲ့အစည်းတွေ အားလုံး တပြေးညီ ကြိုဆိုထောက်ခံကြတာမျိုး မရှိခဲ့ပါဘူး၊ အမေရိကန်မဝင်ရေးအသံတွေတောင် ကြားခဲ့ရပါသေးတယ်၊ နာဂစ်လေဘေးကြီး ဖြစ်တုံးကလည်း ကယ်ဆယ်ရေးနိုင်ငံခြားစစ်သင်္ဘော ကြီးတွေ မဝင်ရေးမှာ န.အ.ဖ နဲ့ တဖက်တည်း ရပ်တည်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ အခု မစ္စတာဂျင်ဝက် ကိုယ်တိုင် မြန်မာနိုင်ငံကို ရောက်ရှိလာတယ်၊ ဗိုလ်ချုပ်မှူးကြီးနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကိစ္စတွေကိုပင် အချို့က မြန်မာ့ပြည်တွင်းရေးကို အတင်းအဓမ္မ စွက်ဖက်နေပြီလို့ပြောတယ်၊ အချို့ကလည်း အကောင်းဘက်ကမြင်တယ်၊ ဆိုလိုချင်တာက ကိစ္စကြီးတွေ ပေါ်ပေါက်လာတိုင်းမှာ အဖွဲ့အစည်းအတွင်းနဲ့ အဖွဲ့အစည်း အသီးသီး တို့၏ နိုင်ငံရေးရပ်တည်ချက် ကွဲပြားခြားနားမှုရှိတာကို တွေ့နေရတယ်လို့ ပြောချင်တာပါ။ ဘုံဦးတည်ချက် မတည်ဆောက်နိုင်ဘဲ တူတာတွဲလုပ် မတူတာခွဲလုပ်ကြဆိုတဲ့ မူနဲ့တပ်ပေါင်းစု လိုလို၊ စုပေါင်း အဖွဲ့လိုလို လုပ်ခဲ့ကြလို့ နှစ်ပေါင်းနှစ်ဆယ် ရေရှည်မျောခဲ့တဲ့ တော်လှန်ရေးဖြစ်စဉ် ကြီးပါပဲ။ ဒါက သဘောတရားပိုင်း ကွဲလွဲမှု့ အားနည်းချက်ကို တင်ပြတာပါ။

လက်တွေ့ပိုင်းမှာ မြင်နေရတဲ့ နိုင်ငံရေးနည်းဗျူဟာတွေကတော့ ပြည်တွင်းမှာ လူထုအုံကြွ လှုပ်ရှားတဲ့နည်းမှာ လမ်းဆုံးနေသလို ပြည်ပမှာ မြန်မာ့အရေး ကမ္ဘာကသိရေးနဲ့ မြန်မာ့အစ်ရှုး ကုလလုံခြုံရေးကောင်စီကို ရောက်ရေးမှာ လမ်းဆုံးနေတာတွေ့ရပါတယ်၊ ဒီနည်းဗျူဟာနှစ်ခုစလုံး သည် အောင်မြင်မှု့မရကြသေးပါ၊ ပြည်တွင်းမှာ လူထုလှုပ်ရှားမှု့ဖြစ်အောင် ဒေါ်စုကခေါင်းဆောင်နိုင် ပေမယ့် ဒေါ်စုကို အိမ်ချုပ်ချထားလိုက်တာနဲ့ လူထုအုံကြွဆန့်ကျင်ရေးလမ်းစဉ်ဟာ ရပ်သွားတော့ တာပါပဲ၊ ပုဂ္ဂိုလ်ရေးယုံကြည်ကိုးစားမှု့ကို ရှေ့တန်းကိုရောက်အောင် အလွန်အကျွံတွန်းပို့သလိုဖြစ် နေရင် အဲဒီ ပုဂ္ဂိုလ်က ခေါင်းဆောင်မှု့မပေးနိုင်တဲ့အချိန်မှာ တိုက်ပွဲဟာ သေနေရှုံးနေ ရတော့တာပါပဲ၊ အဓိကခေါင်းဆောင်က မလှုပ်ရှားနိုင်တဲ့အချိန်မှာ ဒု ခေါင်းဆောင် တ. ခေါင်းဆောင် တို့က တိုက်ပွဲ ကို ဆက်လက်ဦးဆောင်နိုင်ရပါမယ်၊ ဒီလိုဦးဆောင်မှု့မပေးနိုင်ရင် တိကျတဲ့ တိုက်ပွဲပုံစံနဲ့ မူဝါဒတွေ အားနည်းချို့ယွင်းနေပြီလို့ ယူဆရပါလိမ့်မယ်၊ အင်အယ်ဒီသည် ၂၀၁၀ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး အပေါ်မှာ ညီညွတ်စွာဆုံးဖြတ်ချက်ချနိုင်၊ မချနိုင် ဆိုတာ စောင့်ကြည့်ကြရမှာပါ။

ပြည်ပမှနေပြီး ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရောက်ရေးအတွက်ကြိုးပမ်းခဲ့ကြပါတယ်၊ တရုတ်ဗီတိုနဲ့တွေ့လို့ နောက် ကောက်ကျပြီး ရပ်တန်းကရပ်နေပါတယ်၊ ဒါလည်းအမေရိကန်က ကမကထပြု ဆောင်ရွက်ချက် တခုပါပဲ၊ မအောင်မြင်ခဲ့ပါဘူး။ မြန်မာ့အရေးကို ကမ္ဘာကသိရေးနဲ့ နိုင်ငံရေးအကျဉ်းသား လွတ် မြောက်ဖို့ တောင်းဆိုရေးဆိုတာလောက်သာ လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။ ဆယ်စုနှစ် နှစ်ခုလောက် ပြည်ပလှုပ်ရှားမှု့ဟာ အားရကျေနပ်မှု့ ရှိပါသလားလို့ လူထုကိုသာမေးကြည့်ပါ။ လူထုက ဆုံးဖြတ်အဖြေပေးနိုင်ပါတယ်။ ပြည်ပကိုထွက်ပြီး ဒီမိုကရေစီရရှိရေးအတွက် ဦးဆောင်သူ တွေရဲ့အခန်းကဏ္ဌသည် မြန်မာ့အရေး ကုလလုံခြုံရေးကို ရောက်ရေးမှာ လမ်းဆုံးနေတာ ကိုကြည့်ရင် သူတို့ရဲ့ မဟာဗျူဟာကိုတွက်ဆနိုင်ပါတယ်၊ ပြည်ပကိုထွက်ပြီး နိုင်ငံကြီးတွေရဲ့ အကူအညီကို ရအောင်ယူရေးဆိုတာ မပါပါဘူး၊ ဒါကြောင့်လည်း ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းရေးဆိုတဲ့ လူကြား ကောင်းပြီး အသုံးမတည့်တော့တဲ့ သီအိုရီကို ထပ်ခါထပ်ခါ ကြွေးကြော် နေကြရတာပါ။ နိုင်ငံခြားကို ထွက်တဲ့သူရဲ့ တာဝန်သည် နိုင်ငံခြားအကူအညီရဖို့ပဲဖြစ်တယ် ဆိုတဲ့ အချက်ကို ဘေးဖယ်ပြီး၊ နိုင်ငံခြားအကူအညီနဲ့ နိုင်ငံတကာလှည့်ခါ ဖိုရမ်၊ ဝပ်ရှော့တွေနဲ့ အချိန်ကုန်နေခြင်းသည် တကယ့်အခြေအနေကောင်းတရပ်ကို လက်လွတ်ဆုံးရှုံးခြင်းပါပဲ၊ ပြည်သူ အတွက်လို့ ဆိုင်းပုဒ်တင် ထားသူတွေဆိုရင် ပြည်သူ့အတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးခြင်းပါပဲ။ မည်သို့ဆိုစေ နှစ်ပေါင်း နှစ်ဆယ် ကြာလာတဲ့အခါ အမေရိကန်သည် ထဲထဲဝင်ဝင် လှုပ်ရှား လာပြီမဟုတ်ပါလား၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဘယ်သူက ဘာများတက်နိုင် ကြလို့လဲ၊ ဒါကြောင့် ပြည်ပရောက်အဖွဲ့အစည်းတွေရဲ့ အဖြေမထွက်တဲ့ လှုပ်ရှားမှု့တွေကို အားရကျေနပ်မှု့ မရှိဘူးဆိုရင် လွန်မယ်မဟုတ်ပါဘူး။

ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတဲ့ အမေရိကန်သည် ယ္ခု မြန်မာ့အရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်လာပါသည်၊ စစ်အစိုးရနှင့်လည်း ဆက်ဆံရေး တိုးမြှင့်လာပြန်ပါသည်၊ ဒါတွေသည် အတိုက်အခံတို့ဘက်က တိုက်တွန်းချက်အရ လိုက်လုပ်နေတာမဟုတ်ဘူးဆိုတာ သေချာပါသည်။ သူဝင်ချင်ဝင်မယ်၊ သူထွက်ချင်ထွက်မယ်၊ သူ့မဟာဗျူဟာနှင့်သူ လှုပ်ရှားနေတာပါ၊ သူ့ကို ဘယ်သူကမှ မဟန့်တားနိုင်ဘူးဆိုတာ သဘောပေါက်စရာပါ၊ ဒါကြောင့်မြန်မာ့အရေးမှာ အမေရိကန်ကို သာမညနေရာမှာထားပြီး တွက်ခဲ့မိရင် မှားပါလိမ့်မယ်၊ ဒီအချက်သည် မြန်မာပြည် ဒီမိုကရေစီ ရရေးအတွက် စဉ်းစားတဲ့နေရာမှာ အဓိကဖြစ်နေပြီဆိုတာ လက္ခံနိုင်ပါမှ မှန်ကန်စွာ တွေးခေါ်နိုင်ခြင်းဖြစ်ပါလိမ့်မယ်။ ဒီလိုမှန်ကန်စွာတွေးခေါ်နိုင်ရင် ရွေးကောက်ပွဲဝင်ရေး မဝင်ရေး သည် အဓိက အခက်အခဲနေရာမှ သာမညနေရာသို့ ဘက်ပြောင်းသွားနိုင်ပါတယ်၊ ကိုလိုနီခေတ်က တွဲရေးခွဲရေးကြောင့် လွန်စွာနစ်နာမှု့မျိုးတွေ ယ္ခုတဖန် မဖြစ်ကြရန်မှာ ခေါင်းဆောင်တွေ ပေါ်လစီချ မှတ်သူတွေသည် ဘုံဦးတည်ချက်ညီညွတ်မှု့ကို တည်ဆောက်ဖို့လိုအပ်ပါကြောင်း။



ဦးဖိုးသာအောင် မူရင်းသို့

(19.11.09)

No comments:

Post a Comment