Tuesday, July 6, 2010

သမိုင်းကို ဘယ်သူတွေဖြတ်တောက် နိုင်သနည်း

သမိုင်းကို ဘယ်သူတွေဖြတ်တောက် နိုင်သနည်း

ဦးဖိုးသာအောင်

၂၀၀၉ ခုနှစ် သြဂုတ်လသည် မျက်မှောက်မြန်မာ့သမိုင်းဖြစ်စဉ်အတွက် ထူးခြားနေတာကတော့အမှန်။ အမေရိကန် အထက် လွှတ် တော်အမတ်ကြီး မစ္စတာဂျင်ဝက် မြန်မာပြည်ကိုရောက်လာတယ်၊ သူ့နိုင်ငံသား ဂျွန်ဝီလီယံယက်တောကို ထောင်ထဲကနေပြီး ပြန်ခေါ်သွားတယ်၊ ဒေါ်အောင်ဆန်း စု ကြည်ကိုတော့ ရွေးကောက်ပွဲရက်ကို လွန်အောင် အိမ်ချုပ်တနှစ်ခွဲ ထပ်ပြီးချလိုက်ပြန်တယ်၊ ကောင်းကောင်းမွန်မွန်နေရင် ဗိုလ်ချုပ်သမီးလေးမို့  လွှတ် ရင် လွှတ်ပေးမယ်လို့ လည်း အထက်စီးကနေပြီး နှိမ်နှိမ်ချချ ပြောဆိုခံ ရတဲ့ အသံ တွေလည်း ထွက်လာပါတယ်။ ဒါနဲ့ တဆက်တည်း အမေရိကန် အစိုး ရအနေနဲ့  စီးပွါးရေးပိတ်ဆို့ မှုတွေ ရုပ်သိမ်းမယ်၊ အင်အယ်ဒီက ရွေးကောက်ပွဲဝင်ပါ၊ တရုတ်ကလည်း မြန်မာအစိုးရအပေါ် ဖိအားတွေပေးပါ ဆိုတဲ့ စကားတွေလည်း ကြားရပါ တယ်၊ နောက်ဆက်တွဲကတော့ အပစ်ရပ် ကိုးကန့် အဖွဲ့ တရုတ်တွေကို ဗိုလ်သန်းရွှေရဲ့ စစ်တပ်က တိုက်ထုတ်ပစ်လိုက် တယ်၊ နောက်ထပ်ပြီး ကေအိုင်အိုတို့  မိုင်းလားနဲ့ *ဝ* တို့ကိုလည်း တိုက်အုံးမယ်လို့ သတင်းတွေ ထွက်နေပြန်တယ်။ အင်အယ်ဒီ အပါအဝင် နိုင်ငံ ရေးအတိုက်အခံ အဖွဲ့ အစည်းတွေလည်း ကြက်သေသေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်တယ်၊ နိုင်ငံရေးသမား ပရီပိုဇယ်စားတွေလည်း အမေရိကန်သံအမတ်ကြီး ဂျင်ဝက်က စလိုက်တဲ့ကိစ္စမှို့ ခေါင်းနဘန်းကြီးပြီး ပရီပိုဇယ်ပျောက် မှာကို စိုးရိမ်နေကြတယ်၊ အချို့ လည်းစုမိဆောင်းမိနဲ့  ဘယ်နိုင်ငံမှာ အခြေချမယ်ဆိုတာစီစဉ် နေကြပြီ။

ဒီအခြေအနေမျိုးမှာ မြန်မာ့အတိုက်အခံနိုင်ငံရေးလောကကို သိသိသာသာတမျိုး မသိမသာတမျိုး လွှမ်းမိုးချုပ်ကိုင်ပြီး နှစ်ပေါင်း များစွာ သြဇာပေးလမ်း ညွှန်ခဲ့တဲ့ ဆရာကြီးတွေလည်း မျက်ဖြူဆိုက်ရမယ့်ကိန်း ရောက်ကုန်ပါပြီ၊ နိုင်ငံရေးဆိုတာကြွေတလှည့် ကြက်တခုန်ပါလားလို့ သံဝေဂယူစရာပါ၊ အခုခုန်တဲ့ ကြက်က လည်း သာမန်ကြက်မဟုတ်ဘဲ ကမ္ဘာ့စူပါပါဝါကြက်ကြီးမို့  ခုန်ချက် ကတော့ ပြင်းထန်လွန်းလှပါတယ်၊ ဘယ်သူမှ မတားနိုင်ပါဘူး၊ သို့ သော်ဆရာကြီးတွေရဲ့ အပြစ်တင်ရှုတ်ချသံတွေကတော့ ကြားနေရမြဲပါ။

အမေရိကန်ဂျင်ဝက်ကို ဗမာပြည်ဒီမိုကရေစီရေးကို သပ်လျှိုသူ၊ ဗမာ့နိုင်ငံရေးရဲ့  အခရာကျတဲ့ပြဿနာမှာ ဖက်တဖက်ကိုခြေစုံပစ် ဝင်ရပ်သူ၊ ဗမာ့နိုင် ငံရေးကို အတိအလင်း ခ လောက်ဆန်သူအဖြစ် စွတ်စွဲရှုတ်ချသံ ကိုလည်းကြားရပါတယ်။ န.အ.ဖ ရဲ့ ရွေး ကောက်ပွဲကိုဝင်မယ့် ဗောင်းနားတောင်း ပြင် နေ သူတွေကိုလည်း န.အ.ဖရဲ့ ပေးစာကမ်းစာကိုမျှော်လင့်နေကြတဲ့ သူဖုန်းစား လောက်အထိ နှိမ်ချတဲ့ အသံတွေလည်း ထွက်နေပါ တယ်၊ တဖက်က လည်း န.အ.ဖ ၏ ကတိမတည်မှု၊ ယုတ်မာမှု့၊ မိုက်ရိုင်းမှု့ တွေကိုလည်း စဉ်ဆက်မပြတ် ပြောကြဆိုကြရေးကြတုန်းပါပဲ။ ပြောကြဆိုကြလေသံတွေနဲ့ ရေးကြသားကြ စာလုံးတွေရဲ့  နောက် က တကယ့်ဖြစ်ရပ်တွေကတော့ မြန်မာပြည်မှာ အတိုက်အခံတွေနဲ့ သူပုန်တွေရဲ့ ရှေ့ ရေးဟာ ဘယ်လဲဘာလဲ လို့ မေးရမလိုဖြစ်နေ တာပါပဲ။


ပြည်သူလူထုသည် စစ်အစိုးရဆိုတာကို မကြိုက်ပါ၊ ဒီမိုကရေစီအစိုးရကိုလိုချင်တာလည်း လူတိုင်း အသိပင်ဖြစ်ပါတယ်၊ဒီမိုကရေ စီဆိုတာမှာလည်း ပစ္စည်းမဲ့ဒီမိုကရေစီရောင်ရောင်၊ ကွန်မြူနစ်ရောင်ရောင်၊ ဆိုရှယ်လစ်ရောင်ရောင်အစိုးရမျိုး၊ စံနစ်မျိုးကိုလည်း ပြည်သူလက်မခံပါ၊ ပြည်သူဆိုတာ သူတို့ ရဲ့ အဓိကကျတဲ့ စားဝတ်နေရေးဖူလုံပြည့်ဝပြီး လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိတဲ့ နိုင်ငံရေးစံနစ်ကို လိုလား သူများပဲဖြစ်ပါတယ်၊ ပြည်သူသည် အောင်မြင်မှု မအောင်မြင်မှု ကိုထားအုံး၊ ထိုက်တန်သည့် အကျိုး အ မြတ်ကိုရမယ်ဆိုရင် ရင်းရဲသူများဖြစ်ကြပါတယ်၊ပြည်သူကို အားကိုးသည့် ခေါင်း ဆောင်ဆိုသူများသည် လည်း ပြည်သူ့ အတွက် အကျိုးတစုံတရာဖြစ်ရပါမယ်လို့ ရဲရဲကြီးအာမခံသူ၊ အမျှော်အမြင်ရှိသူ ပင်ဖြစ်ရပါမယ်၊ ပြည်သူကို မိမိတို့ နိုင်ငံရေးအတွက် အသုံး ချသလိုဖြစ်ခဲ့လျှင် ခေါင်းဆောင်ကောင်းမပီသတော့ပါ၊ ဒါကြောင့် ပြည်သူ့ ဘက်ကတော့ရှင်းပါတယ်။

စစ်အစိုးရဘက်ကိုကြည့်လျှင် ကောင်းချက်တစ်ခုမှမရှိပါလို့ ပြောနိုင်ပါတယ်၊ဗိုလ်ချုပ်မှူးကြီးမှအစ ဒလဝမ်အဆုံး လာဘ်ပေးနေရ တဲ့နိုင်ငံပါ၊ တရား ဆိုတာဗလာ၊ ဥပဒေဆိုတာ နတ္ထိပါပဲ၊ ဒါလည်း တကမ္ဘာလုံး ကသိပါတယ်။ စစ်အစိုးရရဲ့ မကောင်းကြောင်းကို ဝါဒဖြန့် ကင်ပိန်းထုပြီး နိုင်ငံ တကာလှည့် နေသူတွေက လည်း ဒါကို တကယ့်နိုင်ငံရေးလုပ်နေသရောင်ရောင်နဲ့ လူထုကိုညာဝါး နေတာတွေလည်း ပွသူပွ ကျသူကျနဲ့ နိဂုံးချုပ်ကြတော့မှာပါ။ စစ်အစိုးရမကောင်းတာများ နင်ပြောမှလားလို့ ပြန်ပြီးမေးစရာပါ၊ စစ်အစိုးရဟူသည် ဘယ်တော့မှမကောင်းပါ။ ဒါကြောင့် စစ်အစိုးရက ဘာပဲလုပ်လုပ် တိုင်းပြည် အတွက်မကောင်းနိုင်ပါ။ သို့သော် စစ်အစိုးရက လူတွေအကြောင်းကို နားလည်သည်၊ အတိုက်အခံတွေအကြောင်းကို သဘောပေါက် သည်၊ နှိုင်းရဓမ္မနိယာမ ကို ကျွမ်းကျင်သည်၊ ဆန်ကွဲကို မဝတဝစားနေရသည့် လူထုကို ဆန်ကြမ်းကျွေးပြီး မင်္ဂလာယူကာ ကယ်တင်ရှင်ကြီးလုပ်လိမ့် အုန်းမည်၊ ဒါကြောင့် စစ်အစိုးရဆိုတာလည်းရှင်းပါသည်။

မြန်မာ့အရေးနဲ့ တိုက်ရိုက်ပါတ်သက်နေသည့် အမေရိကန်အစိုးရကိုကြည့်ပါအုံး၊ အခုမှပါတ်သက်ခဲ့ ကြတာမဟုတ်ပါ၊ ဟိုးရှေးပဝေ သဏီကတည်းကပါ၊ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ အမေရိကန်သည်လည်း ကမ္ဘာ့ထိပ်သီး စူပါပါဝါနိုင်ငံကြီးဖြစ်ခဲ့သည်၊ လက်ဝဲ လင်္ကျာအားပြိုင်တဲ့ စစ်အေးတိုက်ပွဲကြီး ဖြစ် ခဲ့ချိန်မှအစ အမေရိကန်သည် စစ်ရေးအရ မဟာဗျူဟာကျသည့်နိုင်ငံတွေကို ဆက်ဆံ မှု့ တွေ တိုးမြှင့်လာသည်၊ ဒီအထဲ မှာ မြန်မာပြည်လည်း ပါခဲ့ ပါ သည်၊ ကွန်မြူနစ်တရုတ်ပြည်နဲ့ ကုလားပြည်ရဲ့ အကြားမှာရှိတဲ့ မြန် မာပြည် သည် အမေရိကန်အဖို့ ပိုပြီးအာရုံကျစရာဖြစ်ပါသည်၊ ဒါကြောင့် မြန်မာ ပြည်မှာ အုပ်ချုပ်တဲ့အစိုးရသည် သူ၏ မဟာမိတ် ဖြစ်ချင်သည်မှာ ငြင်းစရာမလိုပါ၊ မဟာမိတ်မဖြစ်တောင်မှ သူ့ ရဲ့ စီးပွါးရေးနဲ့ စစ်ရေးမဟာဗျူဟာတို့ ကို မထိခိုက်စေသော၊ အား ပေးထောက်ခံမှု့ ရှိသောအစိုးရတခုဖြစ်အောင် သူကြိုးစားမည်မှာလည်း မြေကြီး လက်ခတ်မလွဲပါ၊ သူ့ ရဲ့ မူဝါဒနဲ့ မဟာ ဗျူဟာတွေ ကို ထိခိုက်စေမည့် အစိုးရတရပ်ဖြစ်လာမည်ကိုတော့ သူမလိုလားသလို သူ စွမ်းအားရှိသမျှဖယ်ရှားမည်သာဖြစ်ပါသည်။

နိုင်ငံရေး ဟူသည် တရားခြင်း မတရားခြင်း ထက် သူ့ အကျိုးကိုယ့်အကျိုးကို ကြည့်ခြင်းသာဖြစ်ပါသည်၊ တကမ္ဘာလုံး ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်သွားရန် အမေရိကန်က လိုလားနေသည် ဖြစ်သော်လည်း သူ့ အကျိုးစီးပွါးကို ထိခိုက်လာမယ်ဆိုတဲ့ အချက်တွေ ပါလာရင် တော့ ပြန်လည်သုံးသပ်ပြုပြင်မှာ အမှန်ပါပဲ အမေရိကန်သည် သူ့ အကျိုးစီးပွါးနဲ့ ကိုက်ညီမယ့် ဒီမိုကရေစီနိုင်ငံမျိုး ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင်သွားမယ်ဆိုတာကို သံသယဖြစ် စရာ မလိုပါ၊ ကမ္ဘာပေါ် မှာရှိတဲ့ နိုင်ငံတိုင်း ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာ ပဲမဟုတ်ပါလား၊ အမေရိကန်၏ စီးပွါးရေး ပိတ်မှု့ ဖွင့်မှု့  ဆိုတာ တွေ အပေါ် မှာ မြန်မာအတိုက်အခံရော အစိုးရပါ တားနိုင်မှု့ တိုက် တွန်းနိုင်မှု့ မရှိဘူးဆိုတာ နားလည် ရမည့်အချက်ပါ၊ အာဏာရစစ်အစိုးရတောင် စီးပွါးရေးပိတ် ရင် လည်း ခံရပြီး ဖွင့်ရင်လည်း ခံရ တာပါပဲ ကုန်ကုန်ပြောရရင် အမေရိကန်သည် မြန်မာနိုင်ငံကို သူပတ်သက်ချင်လျှင် ပတ်သက်မည်၊ မပတ်သက် ချင် လျှင် မပတ် သက်ပါ၊ ဒါဟာ သူ့ အလုပ်ပါ၊ ဒါကြောင့် အမေရိကန်သည် သူ့ အလုပ်သူလုပ်မည်သာ ဖြစ်ပါ သည်။

အမေရိကန်သည် သူ့ အကျိုးကို ပဓာနထား၍ သူ့ အလုပ်သူလုပ်နေသလို၊ စစ်အစိုးရကလည်း သူ့ အကျိုးအတွက် သူလုပ်နေပါ တယ်၊ ပြည်သူကတော့ သူတို့ အကျိုးကိုသူတို့ မျှော်ကိုးနေပြီး အကျိုးရှိမည်ဆိုလျှင် ဘာမဆိုလုပ်ဖို့ အဆင်သင့်စောင့်နေရ သူများ ပါ။ ဒီတော့ပြည်တွင်းရောပြည်ပပါ အတိုက် အခံ ခေါင်းဆောင်ဆိုသူတွေသည် ဘယ်သူ့ အကျိုးအတွက် ဘာလုပ်ကြမှာလဲလို့  မေးခွန်းထုတ်ရပါတော့မယ်။



ပြည်တွင်းနဲ့ ပြည်ပအတိုက်အခံအဖွဲ့ တွေအများကြီးပါ။ ပြည်တွင်းမှာတော့ အင်အယ်ဒီလို မြေပေါ်တရားဝင်အဖွဲ့ တွေ ရှိသလို ကေအင်ယူလို မြေပေါ် လက်နက်ကိုင်အဖွဲ့ တွေလည်းရှိပါတယ်၊ အပစ် ရပ်သဘောတူအဖွဲ့ တွေလည်း အများအပြားပါပဲ၊ အထင် ရှားဆုံးနဲ့ အကြီးဆုံး မြေပေါ်ပါတီအဖွဲ့ ကြီး ကတော့ အင်အယ်ဒီပါ၊ ၉၀ခုနှစ် တရားဝင်ရွေးကောက်ပွဲကိုလည်း အနိုင်ရထားပါ တယ်၊ ဒါပေမယ့် အာဏာမရမယ့် အပြင် ထောင်တွေပဲ ထပ်ခါ တ လဲလဲကျနေကြပါတယ်၊


အင်အယ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  နောက်မှာ လူထုရှိပါတယ် သို့ သော် အင်အယ်ဒီရဲ့ နောက်မှာလူထုမရှိပါ၊ ဒါ ကြောင့်ဒေါ်စုကို အိမ်ချုပ်အထား ခံနေရလျှင် အင်အယ်ဒီ သေနေပါတော့တယ်၊ ဒါကိုသိတဲ့ စစ်အစိုးရကလည်း ဒေါ်စုကို အိမ်ချုပ် ထဲမှာပဲ နှစ်ရှည်ထားပါတယ်၊ လူထု ကိုအားကိုးတဲ့မူ တခုတည်းနဲ့ နိုင်ငံရေးလုပ်နေတဲ့ အင်အယ်ဒီနဲ့ ဒေါ်စုတို့  အကြောင်းကို ကောင်းကောင်းသိတဲ့ စစ်အစိုးရသည် အင်အယ်ဒီကို ဂရုမ mစိုက်ပါ၊ ဒေါ်စုနဲ့ လူထုကို ခွဲထား လိုက်လျှင် ကိစ္စပြီးတယ်ဆိုတာလည်း လက်တွေ့ ပါပဲ၊ ဒေါ်စုကိုအိမ်ချုပ်ချထားတဲ့ ကာလရှည်ကြီးမှာ ဘာမှ အလုပ် မဖြစ်တာကိုကြည့်လျှင် အင်အယ်ဒီမှာ *မူ* မရှိသလို ဖြစ်နေပါတော့တယ်၊ သိသာတာက တဗိုလ်ကျ တဗိုလ်တက်စံနစ် မရှိတာပါဘဲ။

အင်အယ်ဒီရဲ့ အားနည်းချက်ကတော့ အထက် အောက်ညီညွတ်မှု့ အားနည်း ခြင်း၊ ဗဟိုလ်မှာတောင် ပွင့်လင်းမှု့ အားနည်းခြင်းနဲ့ ဒေါ်စုဗဟိုလ်ပြု သူရဲ ကောင်းဝါဒကို ဗမာကြိုက် အသုံးချ နေသကဲ့သို့ ဖြစ်နေခြင်းတို့ ပဲဖြစ်ပါတယ်၊အဓိကအားနည်းချက်ကတော့လူထုလှုပ်ရှားမှု တိုက်ပွဲပုံစံအပေါ်မှာ အလွန် အကျွံအားကိုးပြီး နိုင်ငံတာဖိအားနဲ့ ကူညီမှု့ ကို မည်သည့်နည်းဖြင့်ရအောင်ယူမယ်လို့  တွေးခေါ်မှု့  အားနည်းနေခြင်းပင်ဖြစ်ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် ဘာဆက်လုပ်မှာလဲလို့ အမေးခံလာရတဲ့ အင်အယ် ဒီ အဖို့ ဒီမေးခွန်းကိုဖြေမသွားနိုင်တော့ပဲ နိဂုံးချုပ်ရတော့ မလိုဖြစ် နေပါပြီ၊ နိုင်ငံရေးအာဏာနေရာကို ဒေါ်စုမပါဝင်နိုင်အောင် ကန့်  သတ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ ပြုလုပ်ကြမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို အင်အယ်ဒီဝင်မလား၊ မဝင်ဘူးလားဆိုတဲ့ မေး ခွန်းကို အမေးခံနေရတဲ့ အင်အယ်ဒီပါ။ အင်အယ်ဒီအတွက် အချိန်သိပ်မရှိတော့ပါဘူး။

ပြည်တွင်းက အပစ်ရပ်ငြိမ်းအဖွဲ့ တွေကလည်း အချို့ က ရွေးကောက်ပွဲဝင်မယ်၊ အချို့ ကလည်း မဝင် ကြပါဘူး။
ဘာဘဲဖြစ်ဖြစ်လူမျိုးစုလက်နက်ကိုင်အဖွဲ့ အားလုံးကို ပြည်မတပ်မကြီး၏ လက်အောက်ခံအဖွဲ့  အဖြစ်ထားမယ့် အခြေအနေကို ရင်ဆိုင်နေကြရပါပြီ၊ စစ်အစိုးရကတော့ ပိုင်ရင်လုပ်မှာပါပဲ၊ ကိုးကန့် အဖွဲ့  ကို လုပ်ပြလိုက်တာသည် တနိုင်ငံလုံးမှာရှိတဲ့ လက်နက် ကိုင်အဖွဲ့ အားလုံးကို နမူနာပြလိုက်တာပါ၊ အပစ် မရပ်ဘဲဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ကေအင်ယူနဲ့ အခြားအဖွဲ့ တွေလည်း စစ်အစိုးရကို တိုက်နေတယ် ဆိုတာ မကြားကြရတော့ဘဲ စစ်အစိုး ရရဲ့ အတိုက်ကိုပဲခံနေကြရတဲ့ အသံတွေပဲကြားနေကြရပါတယ်၊ ခံစစ်နဲ့  ပဲ လုံးပါးပါးနေကြပါပြီ၊ သို့ သော် စစ်အစိုးရဟူသည် စစ်တပ်၏သြဇာ အာ ဏာကြီးမားကျယ်ပြန့် နေရေး အတွက်၎င်း၊ စစ်တပ်၏အခန်းဏ္ဍသည် အစဉ်အမြဲအဓိကအခန်းကရှိနေစေရေးအတွက်၎င်း၊ သူပုန်ဆိုတာ ကိုလည်း မွေးထား၊ မွေးစားတတ်ကြ ပါသည်။ ယ္ခုခေတ်မှာတော့ စစ်အစိုးရအဖို့ စစ်အေးခေတ်ကလို ပြစားဖို့  သူပုန်မွေးစရာလည်းမလိုတော့ပါ၊ ကမ္ဘာကလည်း မြန်မာ အကြောင်း ကောင်းကောင်းသိသလို စစ်အစိုးရ က လည်း ကမ္ဘာအကြောင်း ကောင်းကောင်းသိပါတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အ ဆင့်ဖြစ်အောင် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားအင်အားစုတွေအဖို့ ၂၀၁၀ရွေးကောက်ပွဲပြီးရင် ဘယ်လိုဆက်သွား ကြမယ်ဆိုတာ စောင့်ကြည့်ရ မှာ ပါ၊ အေဘီအက်ဒီအက်ဖ် ကတော့ လက်နက်ကိုင်အတိုက်အခံထဲမှာ ပါနေပေမယ့် သူ့ ဘက်က ကျဉ်တချက်ဖေါက်သံမကြားရလို့ သူတို့ ခံယူချက်နဲ့ သူတို့ ရပ်နေတယ်လို့ ပဲ နားလည်မှု့  ပေးပါတယ်။

ပြည်ပရောက်အတိုက်အခံ အဖွဲ့အစည်းများဆိုတာကတော့ ပြည်တွင်းမှာတိုက်ပွဲဝင်တာထက် ပြည်ပကနေပြီး တိုက်ပွဲဝင်တာက ပိုမို ထိရောက်တယ်ဆို တဲ့ ယူဆချက်နဲ့ ပြည်ပကို ထွက်ခွါလာသူများလည်း ပါပါ တယ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နောက် ပိုင်းမှာ ပြည်တွင်းမှာပဲ ရပ်ခံပြီး တိုက်ပွဲဝင် မယ်ဆိုတဲ့အဖွဲ့ တွေ ရှိသလို ပြည်ပကို ထွက်ပြီးတိုက်ကြမယ့်အဖွဲ့ တွေလည်းရှိပါတယ်၊ အချို့ လည်း နယ်စပ်မှာ တောခိုမယ်၊ သူပုန်လုပ်မယ်ဆိုပြီး ပြည်ပကိုရောက်သွားသူတွေလည်း ထုနဲ့ ထေးပါပဲ။

ဦးစိန်ဝင်းခေါင်းဆောင်တဲ့ ၉၀ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ်တချို့ လည်း ပြည်ပမှာစင်ပြိုင်အစိုးရတခုကို ထူထောင်လှုပ်ရှားနေပါတယ်၊ အဲဒီ စင်ပြိုင်အစိုးရကိုလည်း နော်ဝေတနိုင်ငံတည်းကသာ အသိအမှတ်ပြုထားတာပါ၊ ပြည်ပရောက် အတိုက် အခံ ထိပ် သီး ဦးစိန်ဝင်းတို့ အဖွဲ့ ကို ပြည်ပ မှနေပြီး စစ်အစိုးရကို ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲလို့ မေးရင် ဖြေစရာတွေအများကြီး ရှိပါ တယ်၊ နားထောင်လို့ တောင် မကုန်နိုင်အောင် သူတို့ ပြော နိုင်ကြမှာပါ၊ ဒါပေမယ့် သူတို့ တွေ ပြည်ပမှနေပြီး နှစ်ပေါင်းနှစ် ဆယ် ကြာတိုက်ပွဲဝင်ခဲ့ကြလို့  စစ်အစိုးရကို ဘယ်လောက်ထိခိုက်ပြီး ဘာတွေဖြစ် သွားပြီလဲလို့မေးရင်တော့ ဦးစိန်ဝင်းတို့ဘယ်လိုပြော ကြမလဲ၊ နှစ်ပေါင်းနှစ်ဆယ်လောက် နားကလောနေပြီဖြစ်တဲ့ သီအိုရီစကားတွေကိုတော့ ကျွမ်း ကျွမ်းကျင်ကျင်ပြောတတ် နေကြ ပါပြီ၊ လူထု အားကိုးနဲ့ အကြမ်းမဖက်နည်းဗျူဟာကို တရားသေဆုတ်ကိုင်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့  လမ်း စဉ်ကို ပံ့ပိုး သလိုလို၊ ထောက်ခံသလိုလိုနဲ့ နိုင်ငံတကာမှာ လော်ဘီတွေ၊ ကင်ပိန်းတွေ၊ ဖိုရမ်၊ ဝပ်ရှော့၊ စီမီနာတွေကို ရာသီအလိုက်လုပ်ခဲ့ကြ တယ်၊ နာမည်ခံတာက စင်ပြိုင်အစိုးရ၊ လုပ်နေတာက လော်ဘီ၊ သမိုင်းစာမျက်နှာ တစ်ခုမှာ ရယ်ဖွယ်လိုလို ရှက်စရာလိုလိုပါပဲ၊ ဂန္ဓီခန်းမနဲ့ အမရပူရ အစည်း အဝေးတွေက အခြေခံဆုံးဖြတ် ချက်တွေနဲ့  ပြည်ပကိုသွားပြီးစစ်အစိုးရကို ပြန်တိုက်မယ့် လမ်းစဉ်ဆို တာ ပရီပိုဇယ်နဲ့ လော်ဘီမှာ လမ်းဆုံး သွား ကြ ပြီလား၊

ပရီပိုဇယ်စားပြီး လော်ဘီတွေကောင်းလွန်းလို့ အနောက်နိုင်ငံကြီးတွေက ဘယ်လိုကူညီရမလဲလို့ မေးရင် စင်ပြိုင်အဖွဲ့က ဘယ်လို အကူအညီ တွေ တောင်းမှာလဲ၊ မြန်မာ့အစ်ရှုး ကုလလုံခြုံရေး ကောင်စီကိုရောက်အောင်တင်ပေးပါ၊ စစ်အစိုးရကို စီးပွါးရေးပိတ် ပေးပါဆိုတာနဲ့ လမ်းဆုံးပြီလား၊ မြန်မာ စင်ပြိုင် အစိုးရရဲ့ အလုပ်သည် အဲ့ဒါပဲလား၊ ရှေ့ ဆက်ပြီး ဘာတွေလုပ်ကြဖို့ စီမံကိန်း၊ စီမံချက်တွေရှိပါသလား စတဲ့ *လား* ပေါင်းများစွာ မေးခွန်း တွေ ကတော့ တပုံတပင်ပါပဲ၊ အမည်နာမ အမျိုးမျိုးနဲ့ အခြားသော ပြည်ပ အတိုက်အခံအဖွဲ့ တွေလည်း အများကြီးပါ၊ ပြည်ပမှာနေပြီး ဆန္ဒပြ၊ တောင်းဆို၊ ကန့် ကွက်၊ ကြိုဆိုစတဲ့ လုပ်ဟန်တွေနဲ့  တိုက်ပွဲဝင်ခဲ့ကြတာ နှစ်ပေါင်းနှစ်ဆယ်ရှိခဲ့ပါပြီ၊

လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တဲ့ RFA၊ DVB တို့ လည်း အားရစရာပေါ်ထွန်းခဲ့ပြိး စစ်အစိုးရကို အများကြီးထိုးနှက်တိုက်ခိုက်ခဲ့ကြ ပါတယ်၊ အင်လိုင်းလို့ ခေါ်တဲ့ ယူဂျီတွေမွေးပြီး လူထုလူတန်းစားအလွှာအသီးသီးမှာ လှုံ့ ဆော်မှု့ တွေလုပ်နိုင်ခဲ့ကြပါတယ်၊ ပြည်ပ ရောက်တွေကြိုးစားခဲ့ကြလို့ အဓမ္မအလုပ် စေခိုင်းမှု့ ပပျောက်ရေး၊ ကလေးစစ်သားကိစ္စ၊ အချို့ စီးပွါးရေး ကုမ္ပဏီတွေ နောက်ဆုတ် ပေးရမှု့ ဆိုတဲ့ ရလာဒ်တွေလည်း ရှိခဲ့ကြပါတယ်၊ သို့ သော် လည်း ပြည်ပကို ထွက်ပြီး မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အနှစ် နှစ် ဆယ် ကြိုးပမ်းဆောင်ရွက်ချက်များသည် စစ်အစိုးရ၏ အာဏာ တည်မြဲ ရေးကို မည်၍မည်မျှ ထိခိုက်အောင် လုပ်နိုင်ပါသလဲ လို့ နိုင်ငံရေးအရ မေးခွန်းထုတ်မယ်ဆိုရင် ဘယ်လိုပြောကြမလဲ၊ပြည်တွင်းရော ပြည်ပပါ တသံ တည်း ကြွေးကြော်ခဲ့ကြတဲ့အတိုက် အခံတို့ ရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး ဆိုတာကိုလည်းပြည်ပတို့ အနေနဲ့  ဘယ် လောက် နီးစပ် အောင် လုပ်ကိုင်နိုင်ခဲ့ကြပြီလဲ၊ ဒီမေးခွန်းတွေရဲ့ အဖြေကို ပြည်သူတွေ နားလည် နေကြပါပြီ၊ ကာယကံရှင်တွေလည်း ဖြေစရာ မလို တော့ပါ၊ တကမ္ဘာလုံးက မကန့် ကွက်သေးတဲ့  ၂၀၀၈ဖွဲ့  စည်းပုံနဲ့ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မလား၊ မဝင်ဘူး လားဆိုတဲ့ မေးခွန်း သစ်ကို ပဲ ဖြေကြရ တော့ မှာပါ။

ဒါတွေကတော့ ကိုယ့်နိုင်ငံ၏ အကျိုးစီးပွါးကိုသာ ပဓါနနေရာမှာထားနေကြသည့် အမေရိကန်၊ တရုတ်နှင့် လူတစုအကျိုးစီးပွါး ကိုသာ ပဓါနထားနေ သည့် စစ်အစိုးရတို့ အပြင် ပြည်သူလူထု၏ အကျိုး စီးပွါးကို ပဓါနထားကာ တိုက်ပွဲဝင်နေကြသည့် ပြည်တွင်း ပြည်ပ အတိုက်အခံများ၏ အခြေအနေ တွေပါ။ ဒီနေရာမှာ ပြည်ပမှာတိုက်ပွဲဝင်နေကြသူများကိုတော့ တသားတည်းမထားလိုပါ။ ပြည်သူလူထု လွတ်မြောက် ရေးအတွက် စွန့် လွှတ် စွန့် စား အနစ်နာခံကာ နိုင်ငံရေးတိုက်ပွဲဝင်နေကြပေမယ့် ယုံကြည်ချက်၊ ခံယူ ချက် လွဲမှားမှု့ မပြည့်စုံမှု့ ကြောင့် အောင်မြင်မှု့ မရကြသေးသော်လည်း လေးစား ထိုက်ပါတယ်။ သူတို့ သမိုင်းနဲ့  သူတို့ ပါပဲ။ သို့  သော်လည်း ပြည်ပကိုရောက်၊ အင်ဂျီအိုနဲ့ ဆက်မိ၊ ပရိပိုဇယ်ရပြီး နိုင်ငံရေးကို အကြောင်း ပြကာ မိမိ အကျိုးသည်သာ ပဓါန နေရာ မှာထားပြီး အဖွဲ့ အစည်းအသီးသီး နေရာအသီးသီးမှာ လှုပ်ရှားနေကြ သူများကတော့ ပြည်သူ့ နောက်ကျောကိုဓါးနဲ့ ထိုး နေတဲ့ သမိုင်းတရားခံများအဖြစ် မှတ်တမ်းဝင် ကျန်ရစ် ကြတော့မှာပါ။ ပြည်ပမှာ ပွသူပွ၊ ပြည်တွင်းမှာ ကျသူကျ၊ လူထုကတော့ ထလို့ ကိုမရနိုင် တဲ့ သမိုင်းကြော ရှည်ကြီးကို မစ္စတာဂျင်ဝက်က နိဂုံးကမ္ပတ် အဆုံးသတ်ပေးလိုက်သလားလို့ တောင် မေးစရာဖြစ် နေ ပါပြီ။


၂၀၁၀ ကို အမေရိကန်က အသိအမှတ်ပြုတယ်ဆိုရင် ပြီးပါပြီ။ ဂျင်ဝက်သည် မြန်မာ့ပြည်တွင်းရေးမှာ ခလောက်ဆန်တယ် ပဲပြော ပြော စွက်ဖက် တယ် ပဲဆိုဆို ဒါတွေဟာ သီတင်းကျွတ် ဝါးပိုးအမြှောက်သံလောက် ပါပဲ၊ ဘယ်သူမှ အိပ်ရေးမပျက်ပါဘူး၊ အရှိ တ ရား ကတော့ ဗိုလ်သန်းရွှေနဲ့ အမေရိကန် ရွှေလမ်းငွေလမ်း ဖေါက်ဖို့  အက်စမိတ်နဲ့ ဆာဗေးအဖွဲ့ တွေ ပြင်ဆင်နေကြပါပြီ၊ အချို့ အတိုက်အခံတွေရဲ့ အသိတရားကတော့ အမေရိကန် မဝင်ရေး ပေါ့။ အမေရိကန်ကို ကပ်လို့ မရလို့ တရုတ်ဖက်ကို ဖက်တွယ်ထား ရတဲ့ စစ်အစိုးရသည် တရုတ်ဖက်ကို ဖိပြီးနင်းနေရင်း နုတ်လို့ မရအောင် ခြေကျွံ တော့မယ့်အခြေအနေမျိုးမှာ ဗြုံးဆို အမေရိကန် က ဝင်ပြီး ဗိုလ်သန်းရွှေကို လက်ကမ်းလိုက်တော့ အမေရိကန်မလိုလားတဲ့သူတွေလည်း သူတို့ ဝသီအတိုင်း ရေရွတ်သံတွေ ထွက်ပေါ်လာတော့တာပေါ့။

မြန်မာ့နိုင်ငံရေးအဆုံးအဖြတ်သည်၊ လူထုအပေါ်မှာလား၊ စစ်အစိုးရအပေါ်မှာလား၊ အတိုက်အခံတို့ ရဲ့ အပေါ်မှာလား၊ အမေရိကန် ရဲ့ အပေါ်မှာလား ၊ တရုတ်ရဲ့ အပေါ်မှာလားဆိုတာ အရှိတရားအရ မြင်အောင် ကြည့်ကြရတော့မှာပါ၊

ဒီနေရာမှာ တချိန်က ၁၉၆၉/၇၀ ခုနှစ်လောက်ကလို့ ထင်ပါတယ်၊ ဗိုလ်နေဝင်းကို ပြန်တိုက်ဖို့  ဦးနုကခေါင်းဆောင်ပြီး ပြည်ချစ် သူပုန် အဖွဲ့ ကြီးထူ ထောင်ခဲ့ကြသေးတယ်၊ ထုံးစံအတိုင်း သူပုန် ဆိုတာ အိမ်နီးချင်းကို မှီခိုရတာပါပဲ၊ ထိုင်းနယ်စပ်မှာပါ၊ ဦးနု၊ ဗိုလ် လင်္ကျာ၊ ဗိုလ်မှုးအောင်၊ ဦးလောရုံ စတဲ့ တကယ့်ထိပ်သီးခေါင်းဆောင်ကြီးတွေ ဦးဆောင်ခဲ့ကြပါတယ်၊ မော်လမြိုင်ကို လေယာဉ်နဲ့ စာတွေကြဲချနိုင်တဲ့ အထိလုပ်ခဲ့ကြတယ်၊ အမေရိကန်က ကစ်ဆင်ဂျာနဲ့ တရုတ်ခေါင်းဆောင် ချူအင်လိုင်းတို့  လွန်းပြန်ဆွေးနွေး လိုက်ပြီး၊ ဗမာပြည်က ပြည်ချစ်အရေးတော်ပုံကြီးလည်း ဘာမှန်းမသိ ပြီးသွား ပါရော၊ ကိုယ်တိုင်ပါဝင်ခဲ့ကြပြီး သိတဲ့ သူတွေလည်း အများကြီးကျန်ပါသေးတယ်၊ ပြောချင်တာက မြန်မာ့အရေးမှာ အမေရိကန်က ပိုင်းဖြတ် ပေးနေ တာလား၊ အခုလည်း ဂျင်ဝက်ရဲ့  ခရီးကရှစ်ဆယ့်ရှစ်နောက်ပိုင်း သမိုင်းအချိုးအကွေ့ လေးတခုကို ပိုင်းဖြတ်ပေးလိုက်ပြန်ပြီလားလို့ စောင့်ကြည့်ကြ ရအုံးမှာ ဖြစ်ပါ သော်လည်း သွားလေသူ ခေတ္တသမ္မတကြီး ဒေါက်တာမောင်မောင်ပြောသလို *ခင်ဗျားတို့ တနေ့ ကျရင် ကျွန်တော်တို့ ကိုပဲ ပြန်ပြီး တမ်းတရမှာပါ* ဆိုတဲ့စကားလို နောက်ပေါ်ပေါက်လာမည့် အစိုးရသည် ယ္ခင် မ.ဆလ လမ်းစဉ်ပါတီအစိုးရ၏ နန်းဆက်ရင် သွေး (န.ဆ.ရ.သ) အစိုးရပင် ဖြစ်လာလိမ့်မည်ဟု တွေးနေမိပါကြောင်း။…။
မူရင်းသို့

No comments:

Post a Comment