Friday, July 16, 2010

ဗမာပြည်အတွက် ပြေးမည် - ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာကျောင်းသူ ၇ ဦး

ဗမာပြည်အတွက် ပြေးမည် - ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာကျောင်းသူ ၇ ဦး

ဇူလိုင် ၁၃၊ ၂၀၁၀
နှစ်စဉ် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပနေကျဖြစ်သည့် Charity Marathon (အလှူဒါန ပြေးကြသူငှာ) ပွဲတော်တွင် အလှူရှင်အဖွဲ့အစည်းများ၏ ထည့်ဝင်မှု၊ လုပ်အားပေး စေတနာရှင်များ၏ ပါဝင် ရိုင်းပင်းဆောင်ရွက်မှုတို့ဖြင့် အမေရိကန်နှင့် နိုင်ငံတကာက စေတနာ့ဝန်ထမ်းလုပ်ငန်းများအတွက် အလှူငွေများ ရရှိစေရန်အတွက် မာရသွန်ပြေးပွဲများကို ကျင်းပလေ့ရှိသည်။
ယခုနှစ်တွင် မြန်မာကျောင်းသူ ၇ ဦးကလည်း Charity Marathon ၏ ကဏ္ဍတခုဖြစ်သော Run for Burma အတွက် ရန်ပုံငွေများ ရရှိစေရန် ၃ မိုင်ခရီးတာ ၀င်ရောက် ပြေးကြမည်ဟု သိရှိရသည်။ ၎င်းတို့အနက် ၁ ဦးမှာ မနှစ်ကတည်းက မာရသွန်တ၀က် (၁၃ မိုင်) ခရီး - မြန်မာပြည်အတွက် ပြေးခဲ့ပြီး ဖြစ်သည်။ ယခုနှစ်တွင်လည်း အဆိုပါ မြန်မာကျောင်းသူက မာရသွန်တ၀က် ထပ်ပြေးဦးမည် ဖြစ်သည်။ Albany High School သို့ တက်ရောက်တော့မည့် ဟန်စုယဉ်က သူမသူငယ်ချင်း ၆ ဦးကို ယခုနှစ် ၃ မိုင် ခရီးတိုဖြင့် ဗမာပြည်အတွက် ပြေးကြရန် ကြိုတင်လေ့ကျင့်ခန်းများ ညွှန်ကြားပေးနေသည်ဟု သိရသည်။
ဗမာပြည်အရှေ့ခြမ်း နယ်စပ်ဒေသများတွင် ဆေးကျောပိုးအိတ်များနှင့် စေတနာဝန်ထမ်း စောင့်ရှောက်ကူညီမှုများ ပြုလုပ်နေသော Burma Humanitarian Mission (BMH) အသင်းက အထက်ပါ Charity Marathon ပွဲတော်တွင် Run for Burma ရန်ပုံငွေလှုပ်ရှားမှု ပြုလုပ်ခြင်း ဖြစ်ပြီး၊ ထိုလှုပ်ရှားမှုတွင် ဘေးဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူအဖွဲ့တခုဖြစ်သော BADA က ၀ိုင်းဝန်းသည်ဟု သိရသည်။
ယခုနှစ် ၃ မိုင် ပြေးပွဲတွင် ပါဝင်ကြသည့် မြန်မာကျောင်းသူများမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာတွင် နေထိုင်ကြသော မြန်မာမိသားစုများမှ ဖြစ်သည်။ ၎င်းတို့သည် သူငယ်ချင်း အစုအဝေးဖြင့် လှုပ်ရှားဆောင်ရွက်ရခြင်းကို ပျော်ရွှင်ကြောင်း၊ ဘေးဧရိယာတ၀ိုက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ၏ ပွဲတော်များတွင် တေးသီချင်းယိမ်းအကတို့ဖြင့် ပါဝင် ကပြဖျော်ဖြေလေ့ရှိကြောင်း၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်၏ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းတို့ကို ငယ်စဉ်ကလေးဘ၀ကတည်း တက်ရောက်လေ့ရှိကြောင်း၊ လွန်ခဲ့သည့်လ နာရေးကူညီမှုအသင်း (ရန်ကုန်) ရေအလှူအတွက် ဈေးရောင်းပွဲတော်တွင်လည်း ၎င်းတို့၏ မိဘများအကူအညီနှင့် အအေးစုံရောင်းချပြီး လုပ်အားပေးအလှူပြုခဲ့ကြကြောင်း သိရှိရသည်။
ယခုတခေါက် ဗမာပြည်အရေး ကူညီမှုတစုံတရာဖြစ်စေရန်အတွက် အပြေးပွဲတော်တွင် ပါဝင်ဆင်နွှဲရသည့်အတွက် သူတို့အနေနှင့် တက်ကြွ ပျော်ရွှင်လျက် ရှိသည်ဟု မိုးမခသို့ ပြောကြားသည်။
“သူတို့ပျော်တဲ့အထဲမှာ ဗမာပြည်အတွက် ပြေးရတာလည်း ပါတယ်။ သူတို့အုပ်စုလိုက် လှုပ်ရှားမှုကို မိဘတွေက ၀ိုင်းပြီး အားပေးရတဲ့အတွက် သူတို့ စားချင်တာတွေကို မိဘတွေက ငြင်းလို့ မရတော့တာလည်း တကြောင်းပေါ့” ဟု မိဘတဦးက ရယ်ရယ်မောမောနှင့် ပြောသည်။
(ဓာတ်ပုံစာ - ဘယ်မှ ညာ - သဇင်မေနိုင် (Sunnyvale Middle School, Sunnyvale)
ဟန်စုယဉ် (Albany High School, Albany) ။ မြယမုံသော် (Dartmouth Middle School, San Jose)
ပန်းသီရိစံ (Irvington High School, Fremont) ။Jessica ( Horner Middle School, Fremont)
Jennifer (Irvington High School, Fremont) ။ ပွင့်ဖြူနန္ဒာ (A.P. Giannini Middle School, San Francisco))မူရင်းဆိုဒ်သို့

No comments:

Post a Comment