Wednesday, June 9, 2010

နိုင်ငံရေးပါတီများတွင် စာပေ အနုပညာရှင်များလည်း ပါဝင်

မျိုးဝင်းဇော် / ၀၈ ဇွန် ၂၀၁၀

ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ တည်ထောင်ကြသူများတွင် စာပေ အနုပညာသမားအချို့လည်း ပါဝင်လာကြောင်း ၉ဝ ရွေးကောက်ပွဲ၌ ပါဝင်ခဲ့သည့် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်ဟောင်းတဦးက ပြောသည်။

၎င်းက “ကြော်ငြာနဲ့ ရုပ်ရှင်ဒါရိုက်တာ သျှိုညိုထွန်းသိန်းဆို ဦးရွှေအုံးတို့၊ ဖြိုးမင်းသိန်းတို့ရဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီမှာ နာယက အဖွဲ့ဝင်အနေနဲ့ပါတယ်။ လူငယ် စာရေးဆရာ ဝေမှူးသွင်ဆိုရင် မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီမှာ အထွေထွေ အတွင်းရေးမှူးအနေနဲ့ ပါဝင်တယ်။ ဘာသာပြန် စာရေးဆရာ မောင်ခိုင်အောင် (စစ်တွေ) ဆိုရင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှာ အထွေထွေ အတွင်းရေးမှူးအနေနဲ့ တာဝန်ယူထားတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ ကာလတုန်းကနဲ့ စာရင် စာပေအနုပညာသမားတွေ ပါတီနိုင်ငံရေးထဲဝင်တာ အတော်နည်းတယ်” ဟု ပြောသည်။

ဒါရိုက်တာ သျှိုညိုထွန်းသိန်းသည် ကြော်ငြာနှင့် ဗွီဒီယိုဇတ်ကားပေါင်း (၁ဝဝ) နီးပါး ရိုက်ကူးခဲ့သူဖြစ်ပြီး လူငယ် စာရေးဆရာ ဝေမှူးသွင်မှာ လုံးချင်းစာအုပ် (၄၄) အုပ် ထုတ်ဝေပြီးသူ ဖြစ်သည်။ မောင်ခိုင်အောင် (စစ်တွေ) က Wave မဂ္ဂဇင်း၊ ရွက်နုဝေ မဂ္ဂဇင်းနှင့် မဂ္ဂဇင်းပေါင်းများစွာတွင် ဘာသာပြန် ဆောင်းပါးများစွာ ရေးသားနေသူဖြစ်သည်။

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမင်းက “နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ သူ့စိတ်ကြိုက် ပါတီတွေ့ရင် ပါဝင်မယ်” ဆိုပြီး ပြည်တွင်းထုတ် ပုဂ္ဂလိက သတင်းဂျာနယ်တစောင်ကို ထုတ်ဖော်ပြောဆိုသည်။

မော်ဒယ်အေဂျင်စီ ထူထောင်ထားသူ မတင်မိုးလွင်က သူ့အနေဖြင့် မည်သည့်နိုင်ငံရေးပါတီမှ ပါဝင်မည်မဟုတ်ကြောင်း မီဒီယာကို ပြောဆိုခဲ့ပြီး လေးဇီးကလပ်မှ ဂီတာသမား နိုင်ဇော်ကလည်း သူ့အနေဖြင့် မည်သည့်ပါတီအတွက်မှ ဂီတာ တီးခတ်ပေးမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

မတင်မိုးလွင်နည်းတူ ဒါရိုက်တာအချို့၊ သရုပ်ဆောင်နဲ့ မော်ဒယ်အချို့၊ အဆိုတော်အချို့တို့က မည်သည့်ပါတီမှာမှ ပါဝင်ခြင်းပြုမည်မဟုတ်ဟု ပြောဆိုထားကြသော်လည်း စာပေ အနုပညာရှင် အများစုကမူ မည်သည့်ပါတီတွင်မှ ဝင်မပါသကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းမျိုးလည်း မရှိပေ။

၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် အဆိုပါ သရုပ်ဆောင်ဟောင်းကြီးက “အရင်အချိန်ကနဲ့ မတူဘူး၊ အခုအချိန်က ပြည်သူတွေရော၊ စာပေ အနုပညာရှင်တွေရော ပါတီတခုခုထဲ ဝင်လုပ်ဖို့ ကြောက်နေကြတယ်။ သူတို့အလုပ် ထိခိုက်မှာ စိုးရိမ်နေကြတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ လှုပ်ရှားလာပြီး မဲဆွယ်စည်းရုံးရေးအတွက် အနုပညာရှင်တွေကို အတင်းအကျပ် ဖိအားပေးတာမျိုးတွေ ရှိလာနိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

ကြံ့ဖွံ့အဖွဲ့သည် ပါတီမထောင်ခင်ကတည်းက အဖွဲ့ ဝါဒဖြန့်ချိရေးအတွက် အစိုးရအာဏာဖြင့် အနုပညာရှင်များကို အသုံးချခဲ့ဖူးသည်။

ယခုအခါ နိုင်ငံရေးပါတီသစ်အချို့ မှတ်ပုံတင်ခွင့်ရပြီး ဆိုင်းဘုတ်ထောင်နေကြပြီ ဖြစ်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (ဒီပဲယင်း) တို့ ပါတီဆိုင်းဘုတ် ထောင်ကြပြီး ဖြစ်သည်။

မှတ်ပုံတင်ခွင့်ရပြီးသည့် ပါတီများအနက် အချို့ပါတီများသည် နိုင်ငံရေးဆိုင်ရာ ထုတ်ဝေခွင့် ရရှိရန် သက်ဆိုင်ရာတွင် လျှောက်ထားနေကြပြီး ပါတီအချို့ ငွေ (၆) သိန်း ပေးသွင်းပြီး ဖြစ်သော်လည်း ထုတ်ဝေခွင့် မရသေးကြောင်း စုံစမ်းသိရသည်။

နိုင်ငံရေးပါတီများ ထုတ်ဝေခွင့်လက်မှတ်ရမှသာ ပါတီစာစောင်စာတမ်းများ ထုတ်ဝေနိုင်မည်ဖြစ်ပြီး ပါတီဝင်များကို စည်းရုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment