Wednesday, June 23, 2010

ဒုတိယအကြိမ်ညီလာခံသက်တမ်း၊ ဒုတိယအကြိမ်မူဝါဒရေးရာဦးဆောင်အဖွဲ့အစည်းအဝေးသို့ အတွင်းရေးမှူးအဖွဲ့မှတင်ပြသည့် ယနေ့ကာလ နိုင်ငံရေးဖြစ်ထွန်းတည်ရှိမှုများနှင့် သ

(၂ဝ၁ဝ ဇွန်လ ၇ ရက် – ၁ဝ ရက်)

နိဒါန်း

နိုင်ငံရေးဖြစ်ထွန်းတည်ရှိမှုများနှင့် သုံးသပ်ချက်များကို အောက်ပါခေါင်းစဉ်ငယ် (၆) ခုဖြင့် တင်ပြသွားမည် ဖြစ်ပါသည်။

၁။ ပြည်တွင်းနိုင်ငံရေးအင်အားစုများအခြေအနေ

၂။ အပစ်ရပ်အင်အားစုများအခြေအနေ

၃။ နယ်စပ်အခြေစိုက်အဖွဲ့အစည်းများအခြေအနေ

၎။ နိုင်ငံတကာအခြေအနေ

၅။ နအဖစစ်အုပ်စုအခြေအနေ

၆။ ခြုံငုံသုံးသပ် အကြံပြုချက်

၁။ ပြည်တွင်းနိုင်ငံရေးအင်အားစုများအခြေအနေ

(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၂ဝ၁ဝ ခုနှစ် မတ်လ (၈) ရက်နေ့တွင် နအဖစစ်အစိုးရမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ခု ကို ထုတ်ပြန်လိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် (၉ဝ) ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီများအား စိန်ခေါ်လိုက်ပါသည်။ ပါတီဗဟိုမှ ရပ်ကျေး စည်းရုံးရေး ကော်မတီများသို့တိုင် အဆင့်ဆင့်သော ပါတီတာဝန်ရှိသူများသည် ၄င်းစိန်ခေါ်ချက်အပေါ် စနစ်တကျ တုန့်ပြန်နိုင်ရန်နှင့် ဒီမိုကရေစီရေးလုပ်ငန်းတာဝန်များကို ဆက်လက် သယ်ဆောင်နိုင်ရန်အတွက် ဆွေးနွေးပွဲများအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်မှလည်း ထိုကိစ္စများအပေါ်ထားသည့် သူမ၏သဘောထားကို ဗဟိုဦးစီးအဖွဲ့အထူးအစည်းအဝေး သို့တင်ပြသည့် မှာကြားချက် (၆) ချက်အဖြစ် ထုတ်ပြန်ပေးခဲ့သည်။

ထိုသို့ပြင်ဆင်မှုများရှိခဲ့သည့်အတွက် ၂ဝ၁ဝ မတ် (၂၉) ရက်နေ့တွင်ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ် နိုင်ခဲ့ကြသည်။

၂ဝ၁ဝ ဧပြီလ (၆) ရက်နေ့တွင် အချက် (၇) ချက်ပါ ပြည်သူသို့ပန်ကြားချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ကြသည်။ ထိုပန်ကြားချက်၏ အဓိက အနှစ်သာရမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ စစ်မှန်သောဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ရည်မှန်းချက် (၅) ရပ်ဖြင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ စစ်အစိုးရဖက်မှ အမျိုးမျိုးသော ဖိနှိပ်တားဆီးမှုများကြောင့် အကျိုးမဖြစ် အရာမထင်ဖြစ်ခဲ့ရကြောင်း၊ အရာထင်အောင်ဆောင်ရွက်မပေးနိုင်ခဲ့သည့်အတွက် ပြည်သူ လူထုအပေါင်းအား အနူးအညွတ်တောင်းပန်ပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး ဒေါ်အောင် ဆန်းစုကြည်မှာကြားထားသည့်အတိုင်း ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူသို့ ပန်ကြားတင်ပြထားခြင်းဖြစ်ပါသည်။

နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေများအရ ၂ဝ၁ဝ မေလ (၆) ရက်နေ့တွင် ပါတီဖျက်သိမ်းခံရမည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်း စုကြည်မှ ပါတီအလံကိုလည်းကောင်း ပါတီဆိုင်းဘုတ်ကိုလည်းကောင်း မိမိတို့ကိုယ်တိုင် လုံးဝဖြုတ်မချကြရန် မှာကြားလိုက်ပါသည်။
ဗဟိုဌာနချုပ်ရုံးအပါအဝင် တိုင်းရုံး မြို့နယ်ရုံးအသီးသီးတို့မှ ဒေါ်အောင်ဆန်းစုကြည်၏မှာကြားချက်အတိုင်း ရပ်တည်တောင့်ခံနေကြပါသည်။

နိုင်ငံရေးအနှစ်သာရဖြင့် လူထုလုပ်ငန်းများလုပ်ဆောင်ရန်၊ Party Politics ကို လုပ်ဖို့အခြေအနေမပေးသည့်ကာလတွင် လူထုနိုင်ငံရေး Body Politics ကို ဆက်လက်လုပ်ဆောင်သွားကြရန် ဦးဝင်းတင်က အင်တာဗျူးများမှတဆင့် လူထုသို့ Message ပေးထားပါသည်။ ဌာနချုပ်မှ တာဝန်ခံ၍ ဥပဒေကြောင်းအရတိုက်ပွဲဆင်ခြင်းများကို ဆောင်ရွက်နေပြီး ဗဟိုမှအောက်ခြေအထိ ပါတီ ဝင်အဆင့်ဆင့်က ပါတီကို ဝန်းရံထောက်ခံသူများနှင့်အတူ ရေလှူခြင်းအပါအဝင် လူထုနှင့်အထိစပ်နိုင်ဆုံး လှုပ်ရှားမှုများကို နယ်ပယ်အသီးသီးတွင် ဆောင်ရွက်နေကြပါသည်။ တနိုင်တပိုင်ဆန်နေသေး သော်လည်း လူထုနိုင်ငံရေးကို ပေးလာသောအခြေအနေများ အောက်တွင် ရနိုင်သမျှဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

မေလ (၂၇) ရက်နေ့ ရွေးကောက်ပွဲ အနှစ် (၂ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင်လည်း အဖွဲ့ချုပ်မှချမှတ်ထားသော နိုင်ငံရေးလုပ်ငန်း တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်များမှ အတိအလင်း ထုတ်ဖော်ပြောဆိုကြပါသည်။

ရွှေဂုံတိုင်ကြေညာစာတမ်းအတိုင်း ဆက်လက်ရပ်တည်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ ၂ဝဝ၈ အခြေ ခံဥပဒေပြန်လည် သုံးသပ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများကို လူထုနည်းဖြင့်ဆက်လက် ဆောင်ရွက်သွားရန် ထုတ်ဖော်ပြောဆိုထားပါသည်။

တဖက်တွင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့အုပ်စုမှ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အဖြစ် ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြသော်လည်း ဒီမိုကရေစီမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က ထောက်ပြရှုတ်ချထားပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မပြီးဆုံးသေးသော လုပ်ငန်းတာဝန်များကို ဆက်လက်သယ်ဆောင်ရန် Lifeboat ဖြစ်သည်ဟု ဒေါက်တာသန်းငြိမ်းတို့မှဆိုသော်လည်း အများစုမှ လုံးဝလက်မခံကြပါ။

(ခ) CRPP နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ

SNLD အပါအဝင် (၉ဝ) ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရပါတီ အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် သဘောထားတူညီကြပါသည်။ နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်ခြင်းကို လုံးဝမဆောင်ရွက်ကြသည့်အပြင် ၂ဝဝ၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်မှုမရှိဘဲပြုလုပ်သည့် ၂ဝ၁၀ ရွေးကောက်ပွဲကိုလည်း လုံးဝလက်မခံနိုင်ကြောင်း အင်တာဗျူးများတွင် အတိအလင်း ထုတ်ဖော်ပြောဆိုကြသည်။

မေလ (၄) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ðပလုပ်သည့် CRPP အစည်းအဝေးတွင်လည်း ဤအတိုင်းပင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။

(ဂ) အခြားလှုပ်ရှားတက်ကြွသူများ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗကသများအဖွဲ့ချုပ်တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း၊ လူထုတရပ်လုံးမှ ထောက်ခံဝန်းရံသွားရန်လိုကြောင်း၊ စစ်အာဏာရှင်စနစ်ကို ရေရှည်သက်ဆိုးရှည်စေမည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲတို့ကို ဆန့်ကျင်သပိတ်မှောက်သွားရမည်ဖြစ်ကြောင်း ကြေညာချက်များထုတ်ပြန်ကြသည်။
၎င်းတို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် (၉ဝ) ရွေးကောက်ပွဲအနိုင်ရပါတီများကို လူထုနှင့်အတူ ထောက်ခံဝန်းရံသွားရန် ပြင်ဆင်နေကြောင်းသိရပါသည်။

အခြားသော လှုပ်ရှားတက်ကြွသူ အစုအဖွဲ့အသီးသီးမှလည်း ၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သွားရေးအတွက် နည်းသဏ္ဌာန် အမျိုးမျိုးဖြင့် ပြင်ဆင်လျှက်ရှိပါသည်။

ကိုအေးလွင်၊ ကိုရဲထွန်းတို့ပါတီများမှ ခွပ်ဒေါင်းအလံသုံးစွဲမှုအပေါ် ကန့်ကွက်သည့်လက်မှတ်ရေးထိုးလှုပ်ရှားမှုတစ်ရပ်ကို စာရေးဆရာ ကဗျာဆရာ ရုပ်ရှင်ဂီတ အနုပညာရှင် (၉၂) ဦးတို့က ရဲရဲတင်းတင်းဆောင်ရွက်ခဲ့ကြသည်။ အောင်ပွဲလည်းရရှိခဲ့ပါ သည်။

(ဃ) ပေါ်ပေါက်လာနေသည့် နိုင်ငံရေးပါတီသစ်များ

နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုသူများမှ ဇွန်လ ၂ ရက်နေ့ အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့်လျှောက်ထားသည့်ပါတီ (၄၂) ပါတီရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၃၂) ပါတီအနက် ပါတီ (၂၉) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း နအဖသတင်းစာမှ သတင်းထုတ် ပြန်ထားပါသည်။

တည်ဆဲနိုင်ငံရေးပါတီ (၁ဝ) ခုအနက် တစညအပါအဝင် (၅) ခုမှ ပြန်လည်မှတ်ပုံတင်ခဲ့ကြသည်။ ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီအတွက် ရွေးကောက်ပွဲကော်မရှင်သို့ ပေးသွင်းရ မည့်ငွေကြေးမှာ များလွန်းသည့်အတွက် ပါတီအသစ်များအဖို့ မဲဆန္ဒနယ်မြေအားလုံး သို့မဟုတ် နေရာများများတွင်ဝင်ရောက် ယှဉ်ပြိုင်ရန် အခက်အခဲရှိကြောင်း ထုတ်ဖော်ညည်းတွားကြပါသည်။ တစည ပါတီသည်ပင်လျှင် ထိုကဲ့သို့ပြောဆိုနေရပါသည်။

မေလ (၄) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် ကော်မရှင်သို့တည်ထောင်ခွင့်လျှောက်ထားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးသိန်းစိန်မှ ဦးသိန်းစိန်အဖြစ် ပြောင်းခြင်းအပါအဝင် ဗိုလ်ချုပ်တချို့ ‘ဦး’ ပြောင်းသွားရုံဖြင့် မလုံလောက်ကြောင်း၊ အစိုးရအဖွဲ့ဝင်များ အဖြစ်မှပါ နှုတ်ထွက်ပေးမှ မျှတမည်ဖြစ်ကြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီမှ စာထွက်ကန့် ကွက်ပြောဆိုခဲ့ပါသည်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းအချို့မှ ဤကိစ္စအပေါ် ကန့်ကွက်ပြောဆိုကြသော်လည်း နအဖစစ်အုပ်စု၏ ခေါင်းမာမှုကြောင့် အရာမထင်ခဲ့ပါ။
မှတ်ပုံတင်လာသောနိုင်ငံရေးပါတီသစ်များကို အကြမ်းအားဖြင့် (၄) မျိုးခွဲခြားနိုင်ပါသည်။ ပထမတစ်မျိုးမှာ စစ်အုပ်စုကျောထောက်နောက်ခံဖြင့် စစ်အုပ်စုကိုယ်စားလှယ်များကိုယ်တိုင် ဖွဲ့စည်းထူထောင်လိုက်သည့် နိုင်ငံရေးပါတီများဖြစ်ပါသည်။ (ကြံ့ဖွံ့ပါတီနှင့် အခြားတိုင်းရင်းသားအမည်ခံပါတီ အချို့ကဲ့သို့ အမျိုးအစားများ) ဒုတိယတစ်မျိုးမှာ စစ်အစိုးရ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်၍ ကိုယ့်ကိုယ်ကို ဈေးအပေါဆုံးဖြင့်ရောင်းချရန် ပြင်ဆင်ထားသော နအဖ အလိုကျ နိုင်ငံရေးပါတီများဖြစ်ပါသည်။ (ဥပမာ – ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ၈၈ မျိုး ဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ဝံသာနု NLD ပါတီ စသည့်ပါတီအမျိုးအစားများ) တတိယတစ်မျိုးမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကို အခွင့်အလမ်းတစ်ခုအဖြစ်ယူဆပြီး ရသလောက်ယူနှင့်ကာ တဖြည်းဖြည်း ပြုပြင်သွားမည်ဆိုသည့် စိတ်ကူးယဉ်မှုဖြင့် မှတ်ပုံတင်ထားသောပါတီများဖြစ်သည်။ (ဥပမာ – ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်းတို့ပါဝင်သော ဒီမိုကရက်တစ်ပါတီနှင့် ကိုဖြိုးမင်းသိန်း ဦးရွှေအုန်းတို့၏ ပြည်ထောင်စုဒီမိုကရေစီပါတီကဲ့သို့ အမျိုးအစားများ) စတုတ္ထတစ်မျိုးမှာ အပစ်ရပ်အင်အားစုအချို့မှ ထိပ်ပိုင်းခေါင်းဆောင်တချို့ နှုတ်ထွက်လာပြီး ဒေသခံတိုင်းရင်းသား အင်အားစုအချို့နှင့် ပူးပေါင်းကာ ဖွဲ့စည်းတည်ထောင်ကြသည့် အမျိုးသားကိုယ်စားပြုပါတီများဖြစ်ပါသည်။ (KIA မှ နှုတ်ထွက်လာ သူများနှင့် ကချင်အမျိုးသားအင်အားစုအချို့ ပူးပေါင်းဖွဲ့စည်းထားသည့် KSPP ပါတီကဲ့သို့အမျိုးအစားများ) သို့သော် ယခုအထိ KSPP ပါတီကို ပါတီလျှောက်ထားခွင့်ချမပေးသေးပဲ စိစစ်ဆဲအဆင့် ပြုလုပ်ထားပါသည်။

(င) ပြည်တွင်းလူထုအခြေအနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရဲရင့်ပြတ်သားသောဆုံးဖြတ်ချက်ကြောင့် အဖွဲ့ချုပ်အပေါ် ပိုမိုဝန်းရံလာကြပါသည်။ သို့သော် အခြေခံလူထု အများစုကြီးအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် ခြေခြေမြစ်မြစ်သိနားလည်မှုလည်း မရှိလှသလို စိတ်ဝင်စားမှုလည်းမရှိကြပါ။

တနေ့တခြားပိုမိုကြီးမားနေသော စားဝတ်နေမှုဒုက္ခများကြောင့် တစ်ကြောင်း၊ နအဖ၏ ဘက်ပေါင်းစုံ ဖိနှိပ်မှုများကြောင့် တစ်ကြောင်း နိုင်ငံရေးကို စိတ်မဝင်စားနိုင်သလို ဖြစ်နေကြရပါသည်။ ရာသီဥတုဆိုးဝါးခြင်း၊ သောက်ရေ သုံးရေပြတ်လပ်ခြင်း၊ လျှပ်စစ်မီးပုံမှန်မလာခြင်း၊ ဝင်ငွေထွက်ငွေ မမျှတခြင်း စသည့် ဖိဆီးမှုများသည် ပြည်သူလူထုအတွက် နေ့စဉ်နှင့်အမျှ ရင်ဆိုင်óကံတွေ့နေရသော စိန်ခေါ်ချက်များဖြစ်နေပါသည်။ ဤအနေအထားသည် တဖက်တွင်လည်း စနစ်တကျစည်းရုံးခေါင်းဆောင်နိုင်မည်ဆိုပါက အချိန်မရွေး အုံကြွပေါက်ကွဲသွားစေနိုင်သည့် ရေခံမြေခံကြီး ဖြစ်နေပြန်ပါသည်။

အလုပ်သမားဆန္ဒပြပွဲများက ဤအချက်ကို သက်သေပြခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။
၂ဝ၁ဝ ဖေဖော်ဝါရီလ (၈) ရက်မှစ၍ မတ်လ (၁၆) ရက်နေ့အထိ အလုပ်သမားဆန္ဒပြပွဲပေါင်း (၁၂) ပွဲရှိခဲ့ပြီး ရန်ကုန် စက်မှုဇုံအသီးသီးရှိ အလုပ်ရုံပေါင်း (၁၉) ရုံတွင် ဆက်တိုက်ဆိုသလို ဖြစ်ပွါးခဲ့ပါသည်။ ဝင်ရောက်ဆန္ဒပြသည့်အလုပ်သမားပေါင်း (၉၃၂ဝ) ဦး ရှိပြီး အဓိက တောင်းဆိုချက်များမှာ အလုပ်ချိန်လျှော့ပေါ့ပေးရေးနှင့် လုပ်ခလစာပိုမိုရရှိရေးတို့ဖြစ်သည်။

ဧပြီလနှင့် မေလအတွင်းတွင်လည်း အလုပ်သမားဆန္ဒပြမှုများ ဟိုတစဒီတစ ဖြစ်ပေါ်ခဲ့သော်လည်း ယခင်လများလောက် ဆက်တိုက်ဖြစ်ပေါ်ခြင်း မတွေ့ရတော့ပါ။ လျှပ်စစ်မီးမရရှိ၍ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့သော စစ်တွေအမျိုးသမီးများ၏ဆန္ဒပြ ပွဲမျိုးကဲ့သို့ အခွင့်အရေးဆိုင်ရာ တောင်းဆိုမှု တိုက်ပွဲငယ်များ ပေါ်ပေါက်နိုင်သော အခြေအနေများမှာမူ အလုံအလောက် ဖြစ်ပေါ်နေပါသည်။

၂။ အပစ်ရပ်အင်အားစုများအခြေအနေ

အပစ်ရပ်အင်အားစုများသို့ နအဖ၏ စစ်တိုင်းမှူးများမှတဆင့် ၂ဝဝ၉ ဧပြီလ မှစ၍ ကွင်းဆင်းဆွေးနွေးကာ အပစ်ရပ် အင်အားစုများအား နယ်ခြားစောင့်တပ် (BGF) ၊ ဌာနေပြည်သူ့စစ်အဖွဲ့ (HGF) များ အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းကြရန် အကြိမ် ကြိမ်ဖိအားပေးခဲ့သည်။ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင် နောက်ဆုံးထား၍ ဖွဲ့စည်းရန်၊ ၂ဝဝ၉ ဒီဇင်ဘာတွင် နောက်ဆုံးထား၍ ဖွဲ့စည်းရန်၊ ၂ဝ၁ဝ ဧပြီလ ၂၂ တွင် နောက်ဆုံးထား၍ ဖွဲ့စည်းရန် စသည်ဖြင့် အကြိမ်ကြိမ်ပြောင်းလဲသတ်မှတ်ခဲ့ရသည်အထိ နအဖ အတွက် အကြပ်အတည်းဆိုက်စေခဲ့သည်။

UWSA, KIO, SSA-N ၊ မိုင်းလားအဖွဲ့ (NDAA) နှင့် NMSP စသည့် အင်အားလည်းရှိ နိုင်ငံရေးလည်းကြီးသော အဖွဲ့အစည်းများက နအဖ စစ်အုပ်စုအလိုကျ ပြောင်းလဲဖွဲ့စည်းပေးရန် လုံးဝငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၂ဝ၁ဝ ဧပြီ ၂၈ ရက် နေ့တွင် ထိုအဖွဲ့အစည်းများအား မတရားအသင်းကြေညာခြင်း၊ အပစ်ရပ်ထားမှုကို ဖျက်သိမ်းပြီးပြန်တိုက်ခြင်းများကို နအဖဖက်မှ စတင်ပြုလုပ်တော့မည်ဖြစ်ကြောင်း ခြိမ်းခြောက် ကြေညာထားခဲ့သော်လည်း လက်တွေ့တွင် မလုပ်ရဲသေးဘဲ ဆွေးနွေးမှုများကိုသာ ဆက်လက်ဆောင်ရွက်နေသည်။

အချို့သောအပစ်ရပ်အဖွဲ့အစည်းများမှာ ၄င်းတို့၏ တပ်အားလုံးကို (BGF) အဖြစ် ပြောင်းလဲပစ်လိုက်ကြပြီး အချို့ သောအင်အားစုများမှာ ၄င်းတို့၏ တပ်အချို့အဝက်ကို (BGF) အဖြစ် ပြောင်းလဲပေးလိုက်ကြသည်။

BGF ပြောင်းလဲရေးကို လက်မခံဘဲ ငြင်းဆန်နေသောအဖွဲ့အစည်းများသည် ၄င်းတို့၏ အသွင်ကူးပြောင်းရေးဆိုင်ရာ စဉ်းစားချက်များကို ကိုယ်စီ တင်ပြထားကြပြီး ၄င်းတင်ပြချက်များကိုလည်း စစ်အုပ်စုမှ တောက်လျှောက်ငြင်းပယ်လျှက်ရှိသည်။ ယခု လက်ရှိအခြေအနေမှာ အပစ်ရပ်ထားသည့် အခြေအနေမှ အချိန်မရွေးပြောင်းလဲသွားနိုင်သောအဆင့်တွင် ရောက်ရှိနေပါသည်။

၃။ နယ်စပ်အခြေစိုက်အဖွဲ့အစည်းများအခြေအနေ

(က) အပစ်မရပ်ဘဲ ဆက်လက်တိုက်ပွဲဝင်နေသော လက်နက်ကိုင်အင်အားစုများ KNU,KNPP,SSA-S နှင့် ABSDF စသည့်အဖွဲ့အစည်းများက ၄င်းတို့၏သဘောထားတွင် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်းလက်မခံ၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း အတိအလင်း ထုတ်ပြန်ထားပါသည်။ တပြိုင်နက်တည်းတွင် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ရန်၊ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် တောက်လျှောက် တောင်းဆိုနေခဲ့သည်။

မေလ (၂၁) ရက်နေ့တွင်ကျရောက်သော (၅၂) နှစ်မြောက် ရှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်က “စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်နိုင်အောင် ပင်လုံကတိကို ပြန်ဖော်ရမယ်၊ ပင်လုံကတိကို ပြန်ဖော်နိုင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံ အားပေးရမယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

မေလ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ KNU, KNPP, NMSP, KIO နှင့် CNF (ချင်းအမျိုးသားတပ်ဦး) တို့ (၄) ရက်ကြာတွေ့ဆုံပြီး စစ်ရေးနိုင်ငံရေးကိစ္စများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ နိုင်ငံရေးတွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုမူအတိုင်း ဆက်လက်ရပ်တည် သွားကြမည်။ စစ်ရေးအရလိုအပ်လာပါက အပြန်အလှန် ပံ့ပိုးကူညီသွားကြမည်ဆိုသည့်အချက်များကို သဘောတူခဲ့ကြသည်။

(ခ) အခြားအတိုက်အခံအင်အားစုများ

မိမိတို့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအပါအဝင် နယ်စပ်အခြေစိုက် တပ်ပေါင်းစုကြီး (၁ဝ) ခုမှ ၂ဝဝ၉ နိုဝင်ဘာ (၆ မှ ၇) အထိ ၁၄ ကြိမ်မြောက် မဟာဗျူဟာညှိနှိုင်းဆွေးနွေးပွဲနှင့် ၂ဝ၁ဝ မတ်လ (၂၁ နှင့် ၂၂) ရက်နေ့များတွင် ၁၅ ကြိမ်မြောက် မဟာဗျူဟာညှိနှိုင်းဆွေးနွေးပွဲများကို
ပြုလုပ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲများမှ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး၊ ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်ရေး၊ NLD အပါအဝင် (၉ဝ) ပြည့်နှစ် အနိုင်ရ နိုင်ငံရေးပါတီများအား ထောက်ခံဝန်းရံသွားရေး၊ NLD ၏ ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များကို ဝန်းရံထောက်ခံသွားရေး ဆိုင်ရာ ဘုံသဘောတူညီချက်များကို စုစည်းခဲ့ကြသည်။ ထိုသဘောတူညီမှုများကို အကောင်အထည်ဖော်နိုင်ရန်အတွက် လုပ်ငန်းစဉ်များရေးဆွဲပြီး လုပ်ငန်းကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ ၇-၅-၁ဝ ရက်နေ့နှင့် ၁၅-၅-၁ဝ ရက်နေ့များတွင် အတွေးအခေါ်ညှိနှိုင်းရန် ဗကပအမြင်ကို တင်ပြခြင်း အမည်ဖြင့် ကမ်းလှမ်းစာများ ထုတ်ပြန်ထားပါသည်။ စာများ၏ အဓိက ဆိုလိုရင်းမှာ ၂ဝ၁ဝ ရွေးကောက်ပွဲသည် တစ်ကောင်တည်းပြိုင်မည့် ရွေးကောက်ပွဲသာ ဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီပဲ ပြတ်ပြတ်သားသားအနိုင်ရမှာဖြစ်ကြောင်း၊ အနိုင်ရသွားသည့် တိုင်အောင် ၄င်းရွေးကောက်ပွဲနှင့် ၄င်းဖွဲ့စည်းပုံအခြေခံ ဥပဒေကပဲ စစ်အာဏာရှင်စနစ်၏ လက္ခဏာတွေကို ပိုမိုပွင့်ကျလာစေမှာ ဖြစ်ကြောင်း၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၇၄ ရွေးကောက်ပွဲကပဲ ဗိုလ်နေဝင်း၏ စစ်အာဏာရှင်စနစ်လက္ခဏာတွေကို ဖွင့်ချခဲ့ဖူးကြောင်း၊ ထို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများအတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင်နှင့် အလွန်ကာလများအတွက် အတွေးအခေါ်စုစည်းရန်၊ လုပ်ဟန်စုစည်းရန်၊ အဖွဲ့အစည်းများစုစည်းရန် လိုအပ်နေကြောင်း တင်ပြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတိုင်းနှင့် ညှိနှိုင်းသွားလိုကြောင်း ကမ်းလှမ်းဖိတ်ခေါ်ထားပါသည်။

၎။ နိုင်ငံတကာအခြေအနေ

ရွေးကောက်ပွဲဆိုင်ရာဥပဒေများထွက်ပေါ်လာပြီးနောက် နအဖစစ်အုပ်အပေါ် နိုင်ငံတကာ၏ဖိအား သိသာစွာပိုမိုများ ပြားလာသည်။
နယူးယောက်òမိ့ ကုလသမဂ္ဂရုံးချုပ်တွင် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ (Group of Friends on Burma) နှင့် မတ်လ ၁၅ ရက်နေ့က တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများမှာ ပြောပလောက်အောင် တိုးတက်မှု မတွေ့ရသဖြင့် စစ်အစိုးရ၏ လာမည့်ရွေးကောက်ပွဲကို စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန် ကီမွန်းက ထုတ်ဖော်ပြောဆိုပါသည်။
အမေရိကန်နိုင်ငံ အရှေ့အာရှနှင့်ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကတ်ကင်းဘဲလ်၏ ခရီးစဉ်အဆုံး မေလ (၁ဝ) ရက်နေ့၌ ထုတ်ပြန်သောကြေညာချက်တွင် လူ့အခွင့်အရေးများကို ပိုမိုလေးစားရန်၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်၊ တိုင်းရင်းသားဒေသ များတွင် အကြမ်းဖက်မှုများရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက် ၁၈၇၄ အပေါ် ပေးထားသည့် ကတိအတိုင်း အပြည့်အဝလိုက်နာရန်တို့ကို နအဖအာဏာပိုင်တို့အား တင်ပြတောင်းဆိုခဲ့ကြောင်းနှင့် နအဖ၏ ဆောင်ရွက်နေမှုများအပေါ် စိတ်ပျက်မိကြောင်း ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စု၏ ပါတီကြီးနှစ်ခုမှ အထက်လွှတ်တော်အမတ်များက မေလ (၂၇) ရက်နေ့တွင် နအဖအစိုးရကို ဝေဖန်ရှုတ်ချလိုက်သည်။ ရွေးကောက်ပွဲဥပဒေများသည် ဒီမိုကရေစီလုပ်ငန်းစဉ်များကို ပြက်ရယ်ပြုထားမှုတစ်ခုသာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ပြန်လွှတ်ပေးပြီး စစ်မှန်သည့်တွေ့ဆုံဆွေးနွေးရေးကိုလုပ်ဖို့လိုကြောင်း နအဖအစိုးရကို တောင်းဆိုထားပါသည်။

မေလ ၂၆ ရက်နေ့တွင် စပိန်နိုင်ငံ မဒရစ်အစည်းအဝေးအပြီး အာဆီယံနှင့် ဥရောပသမဂ္ဂတို့က နအဖစစ်အစိုးရသို့ တောင်းဆိုချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ ထိုတောင်းဆိုချက်တွင် ၂ဝ၁ဝ ရွေးကောက်ပွဲကို အများယုံကြည်မှုရှိပြီး ပွင့်လင်းမြင်သာမှုရှိရန် လုပ်ဆောင်သင့်ကြောင်း၊ ထိုသို့ ဖြစ်ရန်အတွက် ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ခွင့်ရရန်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်လိုကြောင်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနား၏ မြန်မာနိုင်ငံခရီးစဉ်အပြီး လူ့အခွင့်အရေးကောင်စီ ညီလာခံသို့ မတ်လ (၅) ရက်နေ့၌ တင်သွင်းသောအစီရင်ခံစာတွင် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုး ဖောက်မှုများသည် Crime Against Humanity ခေါ် လူသားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု War Crime ခေါ် စစ်ရာဇဝတ်မှု အဆင့်ရှိနိုင်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက စုံစမ်းစစ်ဆေးရေးအဖွဲ့တရပ် ဖွဲ့စည်းစစ်ဆေးဖို့ အကြံပြုတင်သွင်းခဲ့ပါသည်။

မေလ (၃၁) ရက်နေ့တွင် ဥရောသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ မြန်မာနိုင်ငံရှိ သံအမတ်ကြီးများနှင့် ဘန်ကောက်အခြေစိုက် သံအမတ်ကြီးများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီအချို့သို့ သွားရောက်တွေ့ဆုံခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံထပ်မံမတင် ရေးဆုံးဖြတ်ချက်ကို နားလည်ကြောင်း၊ လေးစားပါကြောင်းပြောဆိုပြီး ထိုသို့ဆောင်ရွက်သည်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း အဓိပ္ပါယ်ဆောင်ပါသလားဟု မေးမြန်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်တော့ သပိတ်မှောက်လိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများမှ အတိအလင်းပြောဆိုခဲ့ပါသည်။

ဇွန်လ ၂ ရက်နေ့တွင် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့ရောက်ရှိပါသည်။ နေပြည်တော်သို့သွားရောက်ပြီး နအဖအာဏာပိုင်များနှင့် တွေ့ဆုံသည်။ လုံòခံရေးကိစ္စ၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများကိစ္စ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ဂက်စ်ပိုက်လိုင်းကိစ္စများကို ဆွေးနွေးဖွယ်ရှိ သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။ နအဖသတင်းစာများတွင် အတိအကျထုတ်ပြန်ခြင်း မတွေ့ရဘဲ သာမန်မျှသာဖော်ပြထားပါသည်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး Human Rights Watch က တရုတ်ဝန်ကြီးချုပ်သို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စိုးရိမ်ကြောင်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲသည် စစ်မှန်သည့်နိုင်ငံရေး အပြောင်းအလဲမဖြစ်နိုင်သလို စစ်မှန်သည့်
ဒီမိုကရေစီစနစ်ကိုလည်း အာမခံနိုင်မည်မဟုတ်ကြောင်း ထောက်ပြကာ နအဖစစ်အစိုးရကို ဖြောင်းဖျ ဖိအားပေးပြောဆိုပေးဖို့ တောင်းဆိုထားပါသည်။

နအဖ၏ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ထွက်လာပြီးနောက် ဧပြီလတွင် ဥရောပသမဂ္ဂပါလီမန်မှ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် နအဖ စစ်အစိုးရအား တိုက်တွန်းချက်၊ စစ်အုပ်စုကျုးလွန်ခဲ့သောပစ်မှုများအပေါ် အပြည်ပြည်ဆိုင်ရာမှ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းကြရန် တိုက်တွန်းချက်များပါဝင်သည့် ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ကြေညာခဲ့သည်။

အာဆီယံအမတ် (၁ဝဝ) ကျော်မှလည်း လက်မှတ်ရေးထိုးကာ စစ်အစိုးရမှပြုလုပ်မည့်ရွေးကောက်ပွဲကို ရှုတ်ချကြရန်၊ စစ်အစိုးရဦးဆောင်နေသော မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ယာယီထုတ်ပယ်ထားရန်တို့ကို ချမှတ်သင့်ကြောင်း အာဆီယံအားတောင်းဆိုခဲ့သည်။

အီတလီအလုပ်သမားသမဂ္ဂမှလည်း စစ်အစိုးရ၏၂ဝ၁ဝရွေကောက်ပွဲအားရှုတ်ချပေးပါရန် အီတလီအစိုးရ၊ အီတလီအမတ်များနှင့် ဥရောပသမဂ္ဂတို့ကို တောင်းဆိုခဲ့သည်။ စစ်အစိုးရမှကျုးလွန်ထားသော လူသားဆန်မှုကိုပျက်ယွင်းစေသည့်ပစ်မှုများ (Crime Against Humanity) အား စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရန် ကိစ္စကိုလည်း အင်္ဂလန်၊ သြစတြေးလျနှင့် ချက်ပြည်ထောင်စုတို့က ထောက်ခံတောင်းဆိုခဲ့ကြသည်။

၅။ နအဖစစ်အုပ်စုအခြေအနေ

နအဖစစ်အစိုးရသည် မတ်လ (၈) ရက်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပေးပြီး ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။

တည်ရှိဆဲ နိုင်ငံရေးပါတီများအနေဖြင့် ရက် (၆ဝ) ကျော်သည်အထိ ပြန်လည်မှတ်ပုံမတင်ပါက အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြီး သတိပေးခဲ့သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် ဗိုလ်ချုပ်များ လူဝတ်လဲကြပြီး ကြံ့ဖွံ့ပါတီအမှုဆောင်များအဖြစ် မှတ်ပုံတင်ကြသည်။ အပစ်ရပ်ဒေသများသို့ သက်ဆိုင်ရာစစ်တိုင်းမှူးများမှ သွားရောက်ပြီး BGFနှင့် HGF ဖွဲ့စည်းရေးအတွက် ဖိအားပေး တောင်းဆိုခဲ့သည်။ ထိုသို့ ပြောင်းလဲဖွဲ့စည်းခြင်း မဆောင်ရွက်လျှင် မတရားအသင်းကြေညာမည်ဖြစ်ကြောင်း နောက်ဆုံးရက် အကြိမ်ကြိမ်သတ်မှတ်ကာ ခြိမ်းခြောက်လျှက်ရှိသည်။
သင်္ကြန်အတက်နေ့မှစ၍ နေရာအနှံ့တွင် ဗုံးများပေါက်ကွဲခြင်း၊ တွေ့ရှိခြင်းသတင်းများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ ရဲချုပ် ခင်ရီမှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ နယ်စပ်အခြေစိုက်အဖွဲ့အစည်းများအား အချက်အလက်မဲ့စွာ စွပ်စွဲပြောဆိုခဲ့ပါသည်။

အပစ်ရပ်တပ်ရင်းများအလိုက် BGF အဖြစ် ပြောင်းလဲဖွဲ့စည်းသွားသော သတင်းမှတ်တမ်းကို နအဖ၏ ရုပ်သံများမှ အကြိမ်ကြိမ်ပြသနေပြီး အပစ်ရပ် အင်အားစုများအား စိတ်ဓါတ်ရေးရာအရ ခြိမ်းခြောက်လျှက်ရှိသည်။

မစ္စတာကတ်ကင်းဘဲလ်၏ ခရီးစဉ်အတွင်း ၄င်းတို့မှ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို အပျော့ပြောင်းဆုံးထုတ်ပြန်ထားကြောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းများထက်ပင် သာလွန်ပါကြောင်း၊ ထပ်မံမှတ်ပုံမတင်ပါဟု ဆုံးဖြတ်သည်မှာ NLD ၏ ကိစ္စသာ ဖြစ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးပါတီများမှ မှတ်ပုံတင်နေကြပြီဖြစ်ကြောင်း၊ ၂ဝဝ၈ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ဝင်ပြီးပြင်လျှင်ရနိုင်ပါကြောင်း၊ ဦးသိန်းစိန်တို့ အနေဖြင့် အစိုးရတာဝန်များကို ယူထားလျှက်နှင့် ပါတီထောင်သည်မှာလည်း ဥပဒေ ကြောင်းအရ မှန်ကန်ပါကြောင်း၊ ရွေးကောက်ပွဲအတွေ့အကြုံ ကြွယ်ဝနေသည့် မြန်မာနိုင်ငံအဖို့ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာ သူများကို ဖိတ်ကြားရန်မလိုပါကြောင်း ပြောဆိုခဲ့ပါသည်။ ထို့အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးမြောက်သွားစေနိုင်ရေးအတွက် အကူအညီပေးစေလိုပါကြောင်း ထပ်ဆင့်ပြောဆိုလိုက်ပါသည်။

၆။ ခြုံငုံသုံးသပ်တင်ပြချက်

မိမိဖက် စစ်အုပ်စုဖက် အခြေအနေအရပ်ရပ်ကိုဘက်ပေါင်းစုံမှ ခြုံငုံသုံးသပ်ကြည့်သည့်အခါ …

(၁) နအဖစစ်အုပ်စုသည် ၂ဝ၁ဝ ရွေးကောက်ပွဲကို အရင်းအနှီးမည်မျှပင်ပေးရစေကာမူ မဖြစ်မနေဆောင်ရွက်တော့မည် မှာထင်ရှားသည်။

(၂) နအဖ၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေများမှာ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ၏ မြင်ကွင်းတွင် ရုပ်ပျက်လောက်အောင် တရားမျှတမှု ကင်းမဲ့နေသည်။ ဤသည်ကိုပင် ၁၉၄၇ ခုနှစ် ဥပဒေများ၊ ၁၉၈၉ ခုနှစ် ဥပဒေများထက် ပျော့ပြောင်းမှုရှိကြောင်း ထုတ်ဖော်ပြောဆိုဝံ့သည့်
အခြေအနေမှာ ဘာမဆိုဆောင်ရွက်တော့မည်ဖြစ်ကြောင်း ပြဆိုနေပါသည်။

(၃) ၂ဝ၁ဝ ရွေးကောက်ပွဲသည် နအဖ၏ထွက်ပေါက်သက်သက်သာဖြစ်သည်ဟု သေချာနေသည့်တိုင် ဒီမိုကရေစီလိုလား သူအချို့တွင်
နအဖ ပေးထားသည့် ဘောင်အတွင်းမှ ရသမျှယူ၍ တဖြည်းဖြည်း ပြောင်းလဲယူသွားမည်ဟူသော အယူအဆတရပ် ထွက်ပေါ်ခဲ့သည်။ သို့သော်
ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်းတွင် ထိုအသံမှာ တစုံတရာလျော့ကျ သွားပါသည်။

(၄) အပစ်ရပ်အဖွဲ့များသို့ နောက်ဆုံးရက် ပေးထားခြင်းများကို အကြိမ်ကြိမ်ရွှေ့ပြောင်းနေခြင်းသည် နအဖဖက်မှလည်းဖြစ်နိုင်လျှင် ၂ဝ၁ဝ
ရွေးကောက်ပွဲမတိုင်မီ သေနတ်သံပြန်မပေါက်ဘဲ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ပြီးစီးသွားလိုသည့် လက္ခဏာများဖြစ်သည်ဟု ယူဆပါသည်။

(၅) အပစ်ရပ်အင်အားစုများဖက်မှလည်း မိမိတို့ဖက်မှစတင်ပြီး သေနတ်သံမပေါက်အောင် သတိထားနေကြပြီး နအဖ ဖက်မှ စတင်တိုက်ခိုက်လာ ပါက ပြန်လည်ခုခံဆန့်ကျင်သွားရန် ပြင်ဆင်နေသည်ကို တွေ့ရပါသည်။

(၆) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ CRPP တို့ အနေဖြင့် ဆုံးဖြတ်ချက် ပြတ်သားခိုင်မာခဲ့သော်လည်း တိကျရှင်းလင်းသည့် ရှေ့လုပ်ငန်းစဉ်များ၊ လတ်တလောလုပ်ငန်းစဉ်များကို ပါတီဝင်ထုအပါအဝင် လူထုကို ချမပြနိုင်သေးပါ။ လူထုနိုင်ငံရေး၊ လူထုကို မျက်နှာမူသော နိုင်ငံရေး၊ လူထုလိုက်ပါနိုင်သော နိုင်ငံရေးများကို တိကျရှင်းလင်းစွာ မပြောနိုင်ဘဲ ယေဘူယျဆန်ဆန်များ ကိုသာ ပြောဆိုနေကြရသည်။
(အခြေအနေများအရလည်းဖြစ်နိုင်ပါသည်။)

(၇) ဖေဖော်ဝါရီနှင့် မတ်လများအတွင်း ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့သော အလုပ်သမားများ၏ အခွင့်အရေးဆိုင်ရာ တိုက်ပွဲငယ်များကို လက်ရှိ နိုင်ငံရေးတိုက်ပွဲများနှင့် ဆက်စပ်ပေးနိုင်မှုအားနည်းခဲ့ခြင်းများသည် မိမိတို့အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုများ၌ ပြင်ဆင်မှုများ
တည်ဆောက်မှုများ လိုအပ်နေဆဲဖြစ်သည်ကို ထင်ရှားစေပါသည်။

(၈) နိုင်ငံတကာ၏ဖိအားများမှာ နှိုင်းယှဉ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အပြီးတွင် ပို၍ပီပြင်လာသည်ကို တွေ့နိုင်ပါသည်။ မိမိတို့အပါအဝင် နိုင်ငံတကာရောက် မြန်မာ့အရေးဆောင်ရွက်သူများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ အသိ အမှတ်မðပရေး၊ ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ် အသိအမှတ်မðပရေးလှုပ်ရှားမှုများမှာလည်း တစုံတရာခရီးရောက်သည်ဟု ဆိုရမည်ဖြစ် ပါသည်။

(၉) အခွင့်အရေးဆိုင်ရာတိုက်ပွဲငယ်များ၊ အကျဉ်းသားလွတ်မြောက်ရေး NLD ဝန်းရံရေးတိုက်ပွဲငယ်များမှတဆင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်သော လူထုတိုက်ပွဲကြီးများ ပေါ်ပေါက်လာရေး မှန်းဆဆောင်ရွက်နေကြသော်လည်း ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ကို ဖြစ်ရမည်ဟု မည်သူမျှ အတတ် မပြောနိုင်သလို မဖြစ်နိုင်တော့ပါဟူ၍လည်း မပြောဆိုနိုင်သည့် အနေအထားတွင် ရှိနေပါသည်။

(၁ဝ) မိမိတို့အင်အားစုများအနေဖြင့် ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကာလလုပ်ငန်းစဉ်များရှိကြရမည့်အပြင် ရွေးကောက်ပွဲအလွန်
လုပ်ငန်းစဉ်များကိုလည်း မဖြစ်မနေ ပြင်ဆင်ချမှတ်ထားကြရမည်ဖြစ်ပါသည်။

အတွင်းရေးမှူးအဖွဲ့
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု
၂ဝ၁ဝခုနှစ် ဇွန်လ (၇) ရက်။

No comments:

Post a Comment