Thursday, June 3, 2010

ဗိုလ်ချုပ်ဆေထဲန် ဥပမာထားပြီး နအဖကို မယုံကြည်ဟု SSA ခေါင်းဆောင်ပြော

ဗိုလ်ချုပ်ဆေထဲန် ဥပမာထားပြီး နအဖကို မယုံကြည်ဟု SSA ခေါင်းဆောင်ပြော

May 18
http://www.dpnsburmese.org/?p=1347#more-1347

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့်တွေ့ဆုံရန် မိုင်းနောင် စကခ က ဖိတ်ခေါ်ခဲ့သော်လည်း ယုံကြည်မှုမရှိသောကြောင့် သွားရောက်တွေ့ဆုံခြင်းမပြုနိုင်ကြောင်း အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင်က အပြတ်ငြင်းဆန်လိုက်သည်ဟု စုံစမ်းသိရှိရပါသည်။ “ရပခဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးကတွေ့ဖို့ SSA တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှကို လှမ်းဖိတ်တယ်။ နအဖကို အယုံအကြည်မရှိလို့ သွားမတွေ့နိုင်ဘူးလို့ အပြတ် ငြင်းလိုက်တယ်ပြောတယ်”ဟု လဲချား(လိုင်းခ) ဒေသခံတဦးက ပြောပါသည်။ မေ ၁၅ ရက်နေ့ ဗိုလ်မှူးကြီး ခေးမောဝ်း (အသွင်ပြောင်းရေးလက်ခံထားသည့် ဗိုလ်ချုပ်လွယ်မောဝ်း၏ညီ)၊ ဗိုလ်မှူးတွမ်းခမ်း နှင့် ဒု ဗိုလ် အောင်ဘ ဦးဆောင်သည့် အပစ်ရပ် SSA တပ်မဟာ ၁ ကိုယ်စားလှယ်အဖွဲ့က မိုင်းနောင်စကခမှူးဖိတ်ခေါ်ချက် အရ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ရပခ ဒု တိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးလည်း မိုင်းနောင်သို့ ရောက်နေကြောင်း – ၎င်းတို့ အသိုင်းအ၀ိုင်းနှင့်ရင်းနှီးကျွမ်းဝင်သူတဦးက ဤကဲ့သို့ ပြောပြပါသည်။

“တပ်မဟာ ၁ ကိုယ်စားလှယ်အဖွဲ့က စနေနေ့မနက်ပိုင်းထွက်သွားတယ်။ အဲနေ့ဘဲ ခဏတွေ့ပြီး ပြန်လာတယ်။ ဟိုရောက်တုန်း ဒုတိုင်းမှူးက ဗိုလ်ချုပ်ပန်ဖှကို တွေ့ချင်တယ်ပြောတော့ ကိုယ်စားလှယ်အဖွဲ့က စကားပြောစက်နဲ့ ချက်ခြင်းချိတ်ပေးတယ်၊ ဗိုလ်ချုပ်ပန်ဖှ သျှမ်းလိုပြန်ပြောတာကို ကိုယ်စားလှယ်အဖွဲ့က ဘာသာပြန်ပေးတယ် တဲ့။

‘မိမိသည် ဗိုလ်ချုပ်ဆေထဲန်၏တူဖြစ်ကြောင်း၊ မိမိဦးလေးအား ဖမ်းဆီးစဉ်ကလည်း ရပခ တိုင်းမှူး ခဏ တွေ့လိုသဖြင့် ခဏလိုက်ခဲ့ပါဟု ဟုခေါ်ဆောင်ရာမှ ယခုကဲ့သို့ ၁၀၆ နှစ် ထောင်နန်းစံနေရကြောင်း၊ ထို့ကြောင့် ယခု ဖိတ်ခေါ်မှုအပေါ် အယုံအကြည်မရှိ၍ မသွားဝံ့ကြောင်း၊ အသွင်ပြောင်းရေးကိစ္စလည်း နောက်တက်လာမည့် အစိုးရနှင့်သာဆွေးနွေး မည်ဖြစ်ကြောင်း’- ဗိုလ်ချုပ်ပန်ဖှ ပြောကြားခဲ့သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြ၏။

ရေအလှူကို ကြံ့ဖွံ့များက ၀င်ရောက်အမြတ်ထုတ်နေ

May 19

ပဲခူးတိုင်းအတွင်း သောက်သုံးရေ ပြတ်လပ်သော ဒေသများသို့ ရေလှူရန် သွားရောက်သည့် စေတနာ့ ၀န်ထမ်း အလှူရှင်များ၏ ကားများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင် (ကြံ့ဖွံ့) များက ၎င်းတို့ အလံနှင့် တံဆိပ်များ တပ်ဆင် ယူဆောင်သွားရန် ပေးအပ်နေကြောင်း သိရသည်။ ထို့အပြင် ဝေါမြို့နယ်သို့ ရေလှူရန် သွားရောက်သည့် စေတနာ့ဝန်ထမ်းအဖွဲ့များအား ရဲတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင်၊ လှူဒါန်းမည့် ငွေ၊ ကား နံပါတ် စသည်တို့ကို မှတ်တမ်းတင်ကာ စစ်ဆေး မေးမြန်းမှုများလည်း ပြုလုပ်ကြောင်း ပဲခူးဒေသခံတဦးက ဆိုသည်။ ပဲခူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးမြတ်လှက“ရဲတွေက ကားနံပါတ်တွေ ဘာတွေမှတ်တယ်၊ ကြံဖွံ့တွေလည်း ပါလာတယ်၊ ပြီးတော့ သူတို့ ပို့ခိုင်းတဲ့ဆီ ပို့မလားပေါ့၊ ပို့မယ်ဆိုရင် ဒီအလံတွေ ယူသွားပေါ့၊ အဲသလိုနဲ့ သွားရတယ်”ဟု ပြောသည်။

ယင်းစုံစမ်းစစ်ဆေးမှုများကြောင့် အာဏာပိုင်များနှင့် စေတနာ့ဝန်ထမ်းများအကြား ပဋိပက္ခ တချို့ ရှိကြောင်း၊ စေတနာ့ ၀န်ထမ်း အများစုမှာ လူငယ်များဖြစ်ကြောင်း၊ တချို့က လာရောက်ပေးအပ်သည့် ကြံ့ဖွံ့ အလံနှင့်တံဆိပ်များကို လွှင့်ပစ်ခဲ့ကြောင်းလည်း သူက ဆိုသည်။ လက်ရှိ ရေပြတ်လပ်သော ဒေသများသို့ သွားရောက်ကာ ရေ ဖြန့်ဖြူးပေးနေသည့် နာရေးကူညီမှု အသင်း၏ ဥက္ကဋ္ဌ ဦးကျော်သူက “တခြားတံဆိပ်တွေ လာကပ်ရင် ကျနော်တို့က လက်မခံပါဘူး၊ နာရေး ကူညီမှုအသင်း တံဆိပ်နဲ့ပဲ သွားမှာပါ”ဟု ပြောသည်။

ထို့အပြင် ပဲခူးမြို့တွင် ကြံ့ဖွံ့က ရေလှူသည့်ပုံစံဖြင့် ဓာတ်ပုံများကို ရိုက်ယူခဲ့ကြောင်း ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်က ပြောပြသည်။ “၁၇ ရက်နေ့ ည ၇ နာရီလောက်မှာ ကြံ့ဖွံ့က ပဲခူးရွှေမော်ဓော ဘုရားအနီးမှာ ဆိုက်ကား အစီး ၅၀ ခန့်ကို ရေသန့်ဘူးလေးတွေ တင်တယ်၊ ဓာတ်ပုံတွေရိုက်၊ ဗွီဒီယိုတွေ ရိုက်တယ်၊ ပြီးတော့ ဆိုက်ကားသမားတွေကို ပိုက်ဆံပေးပြီး ပြန်လွှတ်တယ်၊ တကယ် ရေမလှူဘဲနဲ့ ရေလှူတဲ့ ပုံစံကို အခုချိန်ထိလုပ်တုန်းပဲ”ဟု ဦးအေးမြင့်က ပြောသည်။ ရန်ကုန်တဖက်ကမ်းရှိ ဒလမြို့သို့သွားရောက် ရေ လှူဒါန်းခဲ့သူ တဦးကလည်း ကြံ့ဖွံ့က ၎င်းတို့ ကားကိုအလံများ၊ တံဆိပ်များ ပေးအပ်ခဲ့ကြောင်း၊ အလှူရှင် တချို့က ရေလှူရရေးအတွက် အလံများကို ယူဆောင်သွားကြောင်းလည်း ဆိုသည်။

နအဖလက်ဝေခံ လုပ်ငန်းရှင်များ ဘဏ်လုပ်ငန်းအတွက်ပြင်ဆင်

May 19

အာဏာပိုင်တို့က ဦးတေဇအပါအ၀င် စီးပွားရေး လုပ်ငန်းရှင် ၆ ဦးကို ပုဂ္ဂလိကဘဏ်လုပ်ငန်း လုပ်ကိုင် ခွင့်ပြုရန် ခေါ်ယူဆွေးနွေးနေကြောင်း သိရသည်။ ထိုပုဂ္ဂိုလ်များမှာ စီးပွားရေး လုပ်ငန်းကြီး မြောက်မြားစွာကို လုပ်ပိုင်ခွင့် ရနေကြသည့် ဦးတေဇ (ထူးကုမ္ပဏီ)၊ ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးနေအောင် (IGE)၊ ဦးချစ်ခိုင် (ဧဒင် အုပ်စုကုမ္ပဏီ)၊ ဒေါက်တာ စိုင်းဆမ်ထွန်း (အယ်လ်ပိုင်း သောက်ရေသန့်)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်) တို့ ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။ “ဒီလုပ်ငန်းရှင်တွေထဲက ဘယ်သူတွေကို လုပ်ကိုင်ခွင့် ချပေးမလဲ ဆိုတာတော့ မသိရသေးဘူး။ မနေ့ကတော့ နေပြည်တော်မှာ လျှောက်လွှာ သွားတင်ကြ တယ်” ဟု ဘဏ်လုပ်ငန်း လုပ်ကိုင်မည့် စီးပွားရေး လုပ်ငန်းရှင် တဦးနှင့် နီးစပ်သူက ဧရာဝတီကို ပြောသည်။

လုပ်ထုံးလုပ်နည်းအရဆိုလျှင် ကုမ္ပဏီ မှတ်ပုံတင်ရုံးတွင် လုပ်ကိုင်ခွင့် လျှောက်ထားပြီးမှ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်တွင် လိုင်စင်ဆက်လျှောက်ရသည်ဟု အမည်မဖော်လိုသူ ဘဏ်လုပ်ငန်းရှင်တဦးက ပြောသည်။ “လုပ်ခွင့်မပေးခင် စီးပွားရေး လုပ်ငန်းရှင်တွေကို အရင်ခေါ်ဆွေးနွေးတယ်၊ လုပ်ခွင့် ရမှာကလည်း သူတို့လူတွေ ချည်းပဲဆိုတော့ ဘယ်လို အပေးအယူတွေ ရှိလဲမသိရသေးဘူး”ဟု သူက ပြောသည်။ အယ်လ်ပိုင်းကုမ္ပဏီမှ တာဝန်ရှိသူတဦးက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိပါက ဘဏ်လုပ်ငန်းကို အမြန်ဆုံး အကောင် အထည် ဖော်ဆောင်ရွက်သွားရန် အဆင်သင့် ပြင်နေကြောင်း ပြောပြသည်။ ဗဟိုဘဏ်က ၁၉၉၂ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ချပေးခဲ့သည်။ ၂၀၀၂ နောက် ပိုင်းတွင် ထပ်မံ ခွင့်ပြုခြင်း မရှိသေးပေ။

ချက်ဝန်ကြီး NLD ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

May 20

ချက်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျေဒီဆက်တလာ ဦးဆောင်တဲ့အဖွဲ့နဲ့ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ ဒီကနေ့ နေ့လည် ၁ နာရီက ရန်ကုန်မြို့ ဗြိတိသျှသံရုံးမှာ တွေ့ဆုံပြီးနောက် ချက်သမတ နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ပြီး ထောက်ခံအားပေးသွားမယ်လို့ ပြောကြား လိုက်ပါတယ်။ NLDရဲ့ လက်ရှိအခြေအနေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကို မေးမြန်းသွားသလို NLD ဘက်ကလည်း NLDဟာ နိုင်ငံရေး အင်အားစုကြီးတခုဖြစ်ပြီး ဆက်လက်ပြီး အခိုင်အမာ ရပ်တည်သွားမယ့် အကြောင်း ရှင်းပြခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က RFA ကိုပြော ပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ချက်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆက်တလာက သူ့နေရာကို ဆက်လက်တာဝန်ယူမယ့်သူကို ခေါ်လာပြီး မိတ်ဆက်ပေးတာ ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ တွေလေ့လာတဲ့ ခရီးဖြစ်တယ်လို့လည်း သိရပါတယ်။ NLDဘက် ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦဥာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ချက်ကိုယ်စားလှယ်အဖွဲ့ဟာ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတဲ့နောက် HIV/AIDS ဝေဒနာသည် တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NLDက မဖြူဖြူသင်းနဲ့ ကိုရာဇာတို့ အဖွဲ့ကိုလည်း လက်ခံတွေ့ဆုံပြီး ချက် နိုင်ငံအနေနဲ့ ဘာတွေ ကူညီဆောင်ရွက်ပေးနိုင်မလဲဆိုတာတွေ နည်းလမ်းရှာဖို့အကြောင်းတွေ ပြောဆိုဆွေးနွေး ကြတယ်လို့ ကိုရာဇာက ပြောပါတယ်။

စပါးဈေး တက်ဖွယ်ရှိသည်ဟု လယ်သမားများ ထင်ကြေးပေး

May 20

ယခုနှစ် စပါးပျိုးချိန်နောက်ကျခြင်းနှင့် ယမန်နှစ်က စပါးအထွက်လျော့နည်းခြင်းတို့ကြောင့် စပါးဈေးများ လက်ရှိဈေးထက် ပိုတက်လာဖွယ်ရှိကြောင်း တောင်သူလယ်သမားတို့က ပြောသည်။ “မနှစ်ကဆိုရင် လယ်သမား တိုင်းက စပါးအထွက်လျော့ကျတယ်၊ ဒီနှစ်လည်း ခုချိန်ထိ မိုးမရွာသေးဘူး၊ စိုက်ချိန်လည်း နောက်ကျတယ်၊ ရေကလည်း ရှားနေတယ်ဆိုတော့ ဘယ်လိုလာဦးမလဲတော့မသိဘူး ဆန်ဈေးကတော့ နေ့တိုင်းဆိုသလို တက်တက်လာနေတယ်” ဟု မုဒုံမြို့မှ လယ်သမားတစ်ဦးက ပြောသည်။ မေလ ပထမအပတ်စပြီး ဆန်ဈေး တစ်အိတ်လျှင် ၃၀၀၀ ကျပ် အထိတက်သွားသည်။ လက်ရှိပေါက်ဈေးအရ ဆန်မွှေးတစ်အိပ်လျှင် ၃ သောင်း ၁ ထောင်၊ ကောက်ကြီးဆန် တစ်အိပ်လျှင် ၂ သောင်း ၈ ထောင်ကျပ်နှင့် ဆန်ကြမ်း တစ်အိပ်မှာ ၂ သောင်း ၂ ထောင်ကျပ်အထိ တက်သွားသည်ဟု မော်လမြိုင်မှ ဘုရားသုံးဆူမြို့သို့ ဆန်တင်ပို့နေသည့် ကုန်သည်တစ်ဦးက ပြောသည်။
“မနှစ်က ဒီအချိန်ဆိုရင် ကောက်ကြီးဆန်တစ်အိပ်ကို ၁ သောင်း ၇ ထောင်ကျပ်ပဲရှိတယ်။ အခု မိုး တောင်မကျသေးဘူး ဒီလောက်ထိတက်သွားပြီးဆိုတော့ စပါးထွက်ချိန်ရောက်ဖို့ဆိုရင် ဘယ်လောက် တက်ဦး မလဲတော့ မသိဘူး”ဟု ၄င်းကုန်သည်က ပြောသည်။ အပူဒဏ် ပြင်းထန်ခြင်းနှင့် ရေခန်းခြောက်ခြင်းတို့ကြောင့် ရာဘာစေး အထွက်နည်းသည့်အပြင် ဆန်ဈေးလည်း အဆမတန်တက်လာနေခြင်းကြောင့် ရာဘာခြံရှင်များနှင့် ရာဘာခြံလုပ်သားများ မိုးတွင်းချိန် စားဝတ်နေရေးအတွက် ပူပန်နေရသည်ဟု မုဒုံမြို့နယ် အတွင်းရှိ ရာဘာခြံ ပိုင်ရှင်တို့က ပြောသည်။ “ပူလို့ ရာဘာအစေးလည်းသိပ်မထွက် ဈေးလည်မကောင်း၊ ဆန်ဈေးပဲ ဆက်တိုက်တက်နေတယ်၊ မိုးတွင်းလည်းရောက်လာတော့မယ်ဆိုတော့ ဆန်ဈေး ဒီ့ထက်ပိုတက်မှာတော့ သေချာပါတယ်” ဟု ၄င်းက ပြောသည်။

ယမန်နှစ်က မွန်ပြည်နယ်အတွင်း ရေကြီးခြင်း၊ စပါးခင်းများ ပိုးကိုက်ဖျတ်စီးမှု ရှိခြင်းကြောင့် စပါး အ ထွက်နှုန်းနည်းရခြင်းဖြစ်သည်ဟု အထက်ပါ လယ်ပိုင်ရှင်က ပြောသည်။ “လယ်၃၀ဧကမှာ စပါးတင်း ၅၀၀ပဲထွက် တယ်၊ ပုံမှန်အရဆိုရင် တင်း ၁၄၀၀ ထွက်ရမယ်၊ ကျမတို့လယ်မှာပဲ မဟုတ်ဘူး၊ လယ်တော်တော်များများက စပါးအထွက်နည်းကြတယ်၊ ဒါကြောင့် ဆန်ဈေးတွေ တအားခုန်တက်သွားတာပေါ့” ဟု ၄င်းက ပြောသည်။

လျှပ်စစ်မီး ပုံမှန်ရရှိရေး မန္တလေးပြည်သူများ တောင်းဆို

May 21

လျှပ်စစ်မီး ၂၄ နာရီ ပုံမှန်ရရှိရန်နှင့် လျှပ်စစ်မီတာ ထိန်သိမ်းစောင့်ရှောက်ခများကို လျှော့ချပေးရန် မန္တလေးမြို့ရှိ ပြည်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ လျှပ်စစ်ဝန်ကြီးထံ ယမန်နေ့က စာပို့ တောင်းဆိုလိုက်သည်။

လျှပ်စစ်မီးရရှိရေး လှုပ်ရှားသူ ဒေသခံလူငယ်တစုက ဦးဆောင်၍ မန္တလေးမြို့တွင်း ကောက်ခံရရှိသော သဘောတူ လက်မှတ် ၃၀၀ကျော်ပါရှိသော တောင်းဆိုစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နေပြည်တော်ရှိ လျှပ်စစ်ဝန်ကြီးနှင့် မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီးဌာနများသို့ ပေးပို့တောင်းဆိုကြခြင်းဖြစ်သည်။

“မီး ၂၄ နာရီ အပြည့်အ၀ပေးဖို့နဲ့ မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ကျပ် ၁၀၀၀ကို လျှော့ပေးဖို့ မေတ္တာ ရပ်ခံ တောင်းဆိုတာပါ။ လောလောဆယ်တော့ မန္တလေးမြို့ပေါ်ပဲ။ နယ်ဘက်တွေက လက်မှတ်တွေ ရောက်လာ ရင် ထပ်ပို့ဦးမယ်။ တပတ်တခါ ပုံမှန်ပို့သွားမယ်”ဟု လူငယ်တဦးက ပြောသည်။ သူက ဆက်လက်၍ “တချို့က တော့ ကြောက်ကြတယ်။ ဒါပေမယ့် ကျနော်တို့ အခုလုပ်တာက ဥပဒေဘောင် အတွင်းကနေ လုပ်တာဖြစ်တယ် ဆိုတာကို ရှင်းပြရတယ်။ ကျနော်တို့ ဒီလိုတောင်းဆိုတာကို နိုင်ငံအနှံ့တိုးချဲ့ပြီး လုပ်သွားမယ်”ဟုလည်း ပြော သည်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက မီတာ ထိန်းသိမ်းစောင့်ရှောက်ခများအား ဧပြီလဆန်းပိုင်းက စတင်၍ ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိ နိုင်ငံတ၀န်းလုံးတွင် တိုးမြှင့်ခဲ့သည်။

သခင်သိန်းဖေမွေးနေ့ပွဲ ရွေးကောက်ပွဲဝင်မည့်သူများကို မဖိတ်

May 21

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ ခေါင်းဆောင် သခင်သိန်းဖေ၏ (၉၄) နှစ်မြောက် မွေးနေ့ကို မရမ်းကုန်း မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်သည်။ မွေးနေ့ပွဲတွင် သခင်သိန်းဖေက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် နောက်ဆုံးထွက်သက်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံန္နိဋ္ဌာန်ပြုပြောကြားသွားသည်။ မွေးနေ့ပွဲ တက်ရောက်လာသူများထဲမှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ NLD ခေါင်းဆောင် ဦးဝင်းတင်နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ရှေ့နေကြီးတဦးတို့က မြန်မာပြည်လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် သခင်သိန်းဖေ၏ ယနေ့ထက်တိုင် အနစ်နာခံဆောင်ရွက်မှုနှင့် ပေးဆပ်မှုတို့ကို ဂုဏ်ပြုပြောကြားကြသည်။

ယနေ့မွေးနေ့ပွဲ၏ ထူးခြားချက်မှာ ယခင်အခမ်းအနားများတွင် တွေ့နေကျ ပုဂ္ဂိုလ်အချို့အား မတွေ့မြင် ရခြင်း ဖြစ်သည်။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသည့် ဦးသုဝေ၊ ဦးရွှေအုံး၊ ဦးအုံးတင်တို့ကိုလည်းကောင်း၊ အန်အယ်လ်ဒီ စီအီးစီဟောင်းများဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့် စသည့်သူများကို မတွေ့ရှိရပေ။ ယင်းကိစ္စနှင့်ပတ်သက်၍ ၀ါရင့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ရွေးကောက်ပွဲဝင်မယ့်သူတွေကို တမင်မဖိတ်ဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။ အခြား ၀ါရင့် နိုင်ငံရေးသမားကြီးတဦးကလည်း “ဒါပုဂ္ဂိုလ်ရေးအရ မဟုတ်ပါဘူး။ နိုင်ငံရေးရည်ရွယ်ချက်အရပါ။ အထူးသဖြင့် ကျနော်တို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေအနေနဲ့ အန်အယ်လ်ဒီ၊ စီအာပီပီတို့နဲ့ နိုင်ငံရေးရပ်တည်ချက် တသားတည်း ဖြစ်ကြောင်း ပြသလိုက်တာဖြစ်သလို ကျနော်တို့ကိုယ်တိုင်လည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့်တကွ ၂၀၁၀ ရွေးကောက်ပွဲကို မယုံကြည် လက်မခံတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

ပင်လုံကတိကို ပြန်လည်ဖေါ်ဆောင်မည့်သူဟု ဒေါ်စုကို ညွှန်းဆို

May 21

မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့ပါသည်။ “ပင်လုံစာချုပ်ကို ကျောခိုင်းလို့တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ တန်းတူအခွင့်အရေးအတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်။ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ဟာ အဓိက အခန်းကဏ္ဍ ဖြစ်တယ်။ သူမကို ဆက်လက်ထောက်ခံအားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။ မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်း ဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။

မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲပြောဆိုခြင်းဖြစ်ပါသည်။ “ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီး သီးကလဲ သူမကိုလက်ခံတယ်။ ပင်လုံအကြောင်းသူမ ပြန်ပြောင်းပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသားမပါရင် မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” – ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။

မီးမရရှိမှု အပူချိန်မြင့်တက်မှုကို အာဏာပိုင်တို့လွဲချ

May 22

မြန်မာနိုင်ငံတွင် အပူချိန် စံချိန်တင် မြင့်မားမှုကြောင့် မြစ်၊ ချောင်းနှင့် ဆည်မြောင်း တာတမံများတွင် ရေခန်းခြောက်မှုနှုန်း သိသိသာသာ မြင့်တက်လာသဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျလာပြီး ရန်ကုန် မြို့တော်တွင် ဓာတ်အားပေးရေး လျော့ချထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ရုံးမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ရန်ကုန်မြို့တော်ကို အုပ်စုသုံးစုခွဲပြီး ယခုမေ ၁၅ ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် လျှပ်စစ်မီး ခြောက်နာရီ အလှည့်ကျစနစ်ဖြင့် ပေးဝေနေကြောင်း၊ မြစ်၊ ချောင်းများနှင့် ဆည်မြောင်း တာတမံများတွင် ရေအနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် ရေအားလျှပ်စစ်ရရှိမှု ယခင်ထက် လျော့ကျ သွားသဖြင့် ထိုသို့ ရန်ကုန်မြို့တွင် မီးပေးချိန် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူ၏ အဆိုအရ သိရသည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တောင်ပေါ်နဲ့ လမိုင်းဘက်မှာ ပေါက်တယ်။ ပြီးတော့ အသစ်ဆောက် နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကလည်း မပြီးသေးဘူး။ ရေအားလျှပ်စစ်ကလည်း ဆည်မှာရေခန်းနေလို့ အရင်ရနေတဲ့ ရေအား လျှပ်စစ်ရဲ့ သုံးပုံတစ်ပုံပဲ ရတော့တယ်ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဝန်ထမ်းတစ်ဦး၏ ရှင်းပြချက်အရ သိရသည်။ လူနေရပ်ကွက်များကို အလှည့်ကျ မီးပေးနိုင်ရန် အတွက် ပါဝါမီတာ အသုံးပြုသည့် စီးပွားရေး လုပ်ငန်းများနှင့် စက်မှုဇုန်များ၊ ဟိုတယ်များ၊ ပလာဇာများ အပါအဝင် လျှပ်စစ် ဓာတ်အားသုံးစွဲမှု များပြားသော စီးပွားရေးလုပ်ငန်းများအားလုံးကို မေလ ၁၄ ရက်နေ့မှ စတင်ပြီး ဓာတ်အား ဖြတ်တောက်ထားကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းများထံမှ သိရှိရသည်။ စီမံချက်နဲ့ မီးဖြတ်တာလို့ ပြောတယ်။ လုပ်ငန်းသုံး ပါဝါမီတာတွေအကုန် မီးမပေး နိုင်လို့ မီတာမှာ သွယ်ထားတဲ့ ဓာတ်ကြိုးဖြုတ်သွားတယ် ဟု မေလ ၁၇ ရက်နေ့မှ စတင် မီးဖြတ်တောက်ခြင်း ခံလိုက်ရသည့် မရမ်းကုန်းမြို့နယ်မှ အသေးစား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

သုံးခွရှိ ရယက တာဝန်ရှိသူများ နှုတ်ထွက်စာတင်

May 22

ရန်ကုန်တိုင်း သုံးခွမြို့နယ်က ရယက ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တချို့ဟာ တာဝန်မှာ မလုပ်ကိုင်ချင်တော့ တာကြောင့် နှုတ်ထွက်လိုကြောင်း အခုလ မေလအတွင်းက မြို့နယ် မ၀တ ဥက္ကဋ္ဌထံကို အသီးသီး စာနဲ့တင်ပြ ခဲ့ကြပေမယ့် မြို့နယ်ဥက္ကဋ္ဌက နှုတ်ထွက်ခွင့် မပေးတဲ့အတွက် တာဝန်တွေကို ဆက်လက် မထမ်းဆောင်ချင်ပါဘဲ စိတ်ညစ်ညစ်နဲ့ လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

ရယက အဖွဲ့ဝင်တဦးက သူနှုတ်ထွက်ခွင့် တောင်းဆိုခဲ့ပုံကိုအခုလို ပြောပါတယ်။ “ ပြည်သူလူထုတွေ ပြောသမျှကျနော်တို့က ခေါင်းငုံ့ခံ၊ ကျနော်တို့မှာ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် နှုတ်ထွက်ခွင့်ပေးပါ ဆိုတော့လည်း နှုတ်ထွက်ခွင့်မပေးဘူး။ အယုံအကြည် ကင်းမဲ့တဲ့ အလုပ်တွေ ကျနော်တို့ မလုပ်ချင်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့ ဒီလပိုင်းထဲမှာပဲပေါ့ နှုတ်ထွက်ခွင့် တောင်းတယ်။ အဲဒါကို ကျနော်တို့ မ၀တ ဦးကျော်သောင်းပေါ့၊ ဥက္ကဋ္ဌကနေပြီးတော့ ကျနော်တို့ကိုပြောတယ်။ နှုတ်ထွက်ခွင့်မပြုသေးဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတော့အခါ ကျမှပဲ ကျနော်တို့ကို နှုတ်ထွက်ခွင့်ပေးမယ်ဆိုတဲ့ အကြောင်းကို ပြောတယ်။ ကျနော်တို့တင် မဟုတ်ဘူး။ ရပ်ကွက် အခု ၁၂ ရပ်ကွက်ရှိတယ်။ ကျနော်တို့ဆီမှာ ၁၀ ရပ်ကွက်လောက်က အဖွဲ့ဝင်တချို့ ဥက္ကဋ္ဌတချို့လည်း ထွက်စာတွေ တင်ထားတယ်။”

ဒီလိုနှုတ်ထွက်ခွင့် တောင်းရတာဟာလည်း မိမိ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ လူမှုရေး လုပ်ငန်းတွေကို အေးအေးဆေးဆေး လုပ်ဆောင်ရတာမရှိသလို ရပ်ကွက်တွင်း ပြည်သူတွေ အကျိုးအတွက် ကူညီဆောင်ရွက် ပေးရတာမရှိဘဲ စစ်အစိုးရ တာဝန်ရှိလူကြီးတွေရဲ့ ကိစ္စတွေကိုသာ အဓိက လုပ်ဆောင်ပေးနေရတာကြောင့်လို့ ဆက်ပြောပါတယ်။ “ ကျနော်တို့မှာ ဘယ်လိုပဲ လူမှုရေးပဲဖြစ်ဖြစ်ပေါ့ဗျာ။ သာရေး နာရေးရှိတာပဲဖြစ်ဖြစ်၊ သူတို့ အရေးကြီးလို့ခေါ်တဲ့အချိန်မှာ ကျနော်တို့က သွားရတယ်။ အဲဒါမျိုးတွေ ကျနော်တို့ မလုပ်ချင်တော့ဘူး။ နောက်ပြီးတော့ ပြည်သူလူထုနဲ့လည်း ကျနော်တို့ သိပ်ပြီး စကား မများခင်တော့ဘူး။ ဥက္ကဋ္ဌဆိုလည်း ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့် မရှိဘူး။ သူတို့ခိုင်းသမျှလုပ်၊ သူတို့ပြောသမျှ နားထောင်၊ ပြည်သူလူထုနဲ့ ကျနော်တို့ ဥက္ကဋ္ဌတွေ အဖွဲ့ဝင်တွေနဲ့ကို သူတို့က ကြားထဲကနေ ရန်တိုက်ပေးသလို ဖြစ်နေတယ်” တချို့ ရယက တာဝန်ရှိသူတွေက ဒီတာဝန်တွေ မထမ်းဆောင်လိုတော့တာကြောင့် သူတို့ကို တိုင်ကြားပြောဆိုလာမှုတွေကို တာဝန်မယူတော့ဘဲ မြို့နယ် ရဲစခန်းနဲ့ မယက ရုံးတွေကိုသာ သွားရောက်တိုင်ကြားခိုင်းနေတယ်လို့လည်း သိရပါတယ်။

စစ်အာဏာရှင် သက်ဆိုးရှည်မည့် ရွေးကောက်ပွဲကို လက်မခံ

May 24

နအဖ စစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် တရားဝင် သက်ဆိုး ရှည်ရေးအတွက်သာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားမပါဝင်သည့်အတွက် ဆန့်ကျင်ရှုတ်ချ ကြောင်း (၇)အကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲက မေလ ၂၁ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မေလ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ကရင့်တော်လှန်ရေး နယ်မြေတနေရာတွင် ပြုလုပ်ခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲ၌ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် အမျိုးသား စည်းလုံးညီညွှတ်ရေးတို့ အတွက် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များချမှတ်ခဲ့ကြောင်း နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့သူ သြစတြေးလျားကရင်အဖွဲ့အစည်း (အေကေအို) ဥက္ကဌ စောလွင်ဦးက ယခုလို ပြောသည်။

“ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးကို တည်ဆောက်တဲ့နေရာမှာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီရေးနဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်တွေကို အခြေခံပြီး KNU ဦးဆောင်တဲ့ ကရင့်တော်လှန်ရေး အောင်ပွဲရတဲ့အထိ ၀ိုင်းဝန်းပါဝင် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အမျိုးသားရေးမှာ ဒီမိုကရေစီကျတဲ့ လွတ်လပ်မှု၊ တန်းတူမှုတွေမှာ အခြေ ခံပြီး တည်ဆောက်မှ အမျိုးသားစည်းလုံးညီညွှတ်ရေးက ပြည့်စုံနိုင်မယ်”ဟု ဆိုသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲ တွင် ကရင်ပြည်နယ်နှင့် တိုင်းရင်းသားဒေသများတွင် နအဖ၏ လူသားများအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်မှုများ နှင့် စစ်အစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းတွင် အိုးအိမ်စွန့်ခွာနေရသည့် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များအတွက် နယ်စပ်ဖြတ်ကျော်ကူညီမှုများနှင့် နယ်စပ်ဒေသရှိ ဒုက္ခသည်များအား လိုအပ်သည့် လူမှုရေး ထောက်ပံ့မှုများကို လုပ်ဆောင်သွားရန်ကိုလည်း တောင်းဆိုခဲ့ကြသည်။

မင်္ဂလာဈေးမီး ၀ါယာရှော့ခ်မှ စတင်လောင်ကျွမ်း

May 24

ယနေ့နံနက် ၈နာရီသာသာတွင် ရန်ကုန်မြို့၏ ကုန်ခြောက် လက်ကားဒိုင်သဖွယ် ဖြစ်သည့် မင်္ဂလာဈေး မီးလောင်ကျွမ်းရာ ဆိုင်ခန်းပေါင်း ထောင်ချီ ရှိသည့် ဈေးဖြစ်၍ ဆုံးရှုံးမှု ကြီးမားမည်ဟု ရန်ကုန်မြို့ခံများက ခန့်မှန်းကြသည်။ နေ့ခင်း ၁ နာရီ ၀န်းကျင်ထိ မီးမငြှိမ်းသတ်နိုင်သေးပေ။ မင်္ဂလာဈေး၏ ဗညားဒလလမ်းဘက် မျက်နှာမူသည့် ၄လွှာ(၅ထပ်)လှေခါးအနီး ဆိုင်ခန်းမှ ၀ါယာရှော့ခ်ဖြစ်ပြီး လောင်ကျွမ်းခြင်းဖြစ်သည်ဟု ၁ လွှာတွင် အထည် ရောင်းချသူများက ပြောဆိုသည်။ မီးစတင်လောင်သည့် အချိန်မှာ နံနက် ၈ နာရီသာသာဖြစ်ပြီး မီးစတင် လောင်ကျွမ်းသည်ကို ဈေးရောင်းသူများလည်း သိရှိကြပြီး ပစ္စည်းသိမ်းပြီး သယ်ထုတ်သူအချို့ ရှိသော်လည်း ဈေးလူကြီးများက စိတ်မပူရန်နှင့် ငြိမ်းသတ်နိုင်မည်ဟု ပြောဆိုသဖြင့် သယ်ထုတ်ယူခြင်း မပြုကြပေ။

သို့သော်လည်း ၉နာရီ ၀န်းကျင်တွင် မီးရှိန် ကြီးမားလာပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာကာ ဈေးပေါ်မှ လူအားလုံး ဖယ်ရှားပေးရန် ပြောဆိုပြီးနောက် မည်သူ့မျှ အ၀င်မခံတော့ကြောင်းလည်း ဈေးသည် များက ပြောသည်။ အထည်ရောင်းသူတစ်ဦးက “ကျွန်တော့်ဆိုင် သယ်မလို့ ပစ္စည်းထည့်ထားပြီးပြီ။ နောက်တော့ သူတို့က မစိုးရိမ်ပါနဲ့ဆိုလို့ ကျွန်တော်လည်း ဆိုင်ထဲ ပြန်ထည့်လိုက်ပြီး နေလိုက်တာ၊ နောက် မီးအရှိန်မြင့်လာ တော့ မမှီတော့ဘူး”ဟု ဆိုသည်။ ဒုတိယထပ်တွင် အထည်ရောင်းသူ အခြားတဦးကလည်း “ကျွန်မတို့တော့ ပစ္စည်းတချို့ သယ်လိုက်နိုင်တယ်။ ဒါပေမယ့် အခုလို လောင်နေတာတွေ့တော့ စိတ်မချမ်းသာဘူး။ ကျန်တဲ့ သူတွေအားလုံးအတွက် စိတ်မကောင်းဘူး။ ဒီဈေး ဆောက်ပြီးတာ ၁၂နှစ် ရှိပြီ၊ အခုလိုမီးလောင်တာ တခါမှ မကြုံဖူးဘူး”ဟု ပြောသည်။

မီး လောင်ကျွမ်းချိန်တွင် ဈေးဖွင့်ပြီး ၁ နာရီ စွန်းစွန်းရှိပြီဖြစ်သဖြင့် ဈေးဝယ်သူ မစုံသေးသော်လည်း ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားအတော်များများ ရောက်ရှိနေကြပြီဟု သိရသည်။ ဈေး၏ အနောက်ဘက် မျက်နှာစာ တွင် မြို့တော်စည်ပင်သာယာဘဏ် အဆောက်အအုံရှိပြီး ပေ ၅၀မှ ၇၀ ခန့် ကွာခြားသော်လည်း မီးကူးစက်မည် ကို စိုးရိမ်သဖြင့် အစောပိုင်းတွင် မီးသတ်ကား အများစုမှာ ထို အနောက်တောင်ဘက် အခြမ်းကို ဦးစားပေး ပက်ဖြန်းလျက် ရှိသည်ကို တွေ့ရသည်။

No comments:

Post a Comment