Wednesday, June 23, 2010

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် (၇) ခု မှ မြန်မာများဦးစီးကျင်းပသော ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မြောက်မွေးနေ့တွင် ဦးဝင်းတင်နှင့် လူထုဦးစိန်ဝင်းတို့ေ

မိုးမခ သတင်းဌာနမှ ကူးယူဖော်ပြသည်။

ဦးဝင်းတင် ….

ဘာလဲဆိုတော့ ကျနော်မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄) နှစ်မြောက်မွေးနေ့နဲ့ ပတ်သက်ပြီးတော့သွားသတိရတယ်ဗျာ။ အဲ့ဒီ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲကိုရောက်နေတယ်။ ကျနော်တို့တွေက အပြင်မှာပေါ့ဗျာ။ အဲ့ဒီတော့ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းနားတွေကျင်းပတယ်။ ဌာနချုပ်မှာလည်း ကျင်းပပါတယ်။ နောက်ပြီးတော့ အခြားသော ဒီလှုပ်ရှားမှုတွေအများကြီး ဒီလူငယ်တွေက လှုပ်ရှား တာ၊ ထောင်ကျမိသားစုတွေကနေ လှုပ်ရှားတာ၊ ဆုတောင်းပွဲတွေလုပ်တာ စသည်ဖြင့် အများကြီးလုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကလည်း ထောင်ထဲမှာရှိနေတုန်း ဒီရှေ့နေ ဦးဉာဏ်ဝင်းကတဆင့် သူရဲ့ (၆၄) နှစ်မြောက်မွေးနေ့အတွက် အကောင်ထည်ဖော်ပြီး ထမင်းတွေဘာတွေမှာ ပြီးတော့ အကျဉ်းသားတွေဆီကို ဖြန့်ဝေခဲ့တာတို့ ဘာတို့လုပ်ခဲ့ပါတယ်။

အဲ့ဒီနေရာမှာ ကျနော်ပြောချင်တာက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စရိုက်လေးတစ်ခုကိုလည်း ထည့်ပြောချင်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ဟာ ဘယ်တော့ဖြစ်ဖြစ် ဟုတ်လား ဘယ်နေရာပဲရောက်နေနေ တိုင်းရေးပြည်ရေးကိုဆောင်ရွက်နေတဲ့လူတွေ အဖွဲ့ပေါ့ဗျာ ဟုတ်လား ဘယ်တော့မှမမေ့ဘူးခင်ဗျ။ အကျဉ်းထောင်ထဲရောက်တဲ့အခါမှာ အကျဉ်းသားတွေမှာရှိတဲ့ ပြဿနာတွေကို ကူညီတယ်။ အတူလုပ်တယ်။ အားထုတ် တယ်ပေါ့ဗျာ။ အတူမျှဝေပြီးတော့ ခံစားသလို၊ မျှဝေပြီးတော့ အတူရိုင်းပင်းကူညီသလို သူလည်းမျှဝေပေးတယ်။ အဲ့ဒီလိုပဲ အလားတူပဲ သူဟာ ပြည်ပမှာ ရောက်နေတဲ့လူတွေဆိုလို့ရှိရင် သူဟာပြည်တွင်းမှာ ထောင်ကျနေပေမယ့်လို့ ပြည်ပမှာရောက်နေတဲ့လူတွေအပေါ်မှာလည်း အာရုံစူးစိုက်မှုက အမြဲတမ်း ရှိတယ်။ ဒါတွေဟာသူရဲ့မိန့်ခွန်းတွေထဲမှာ သူရဲ့ပြောစကားတွေထဲမှာ ဒါတွေကထင်ထင်ရှုားရှားပါနေပါတယ်။ အဲ့ဒီတော့ ကျနော်က အဲ့ဒီအကြောင်းတွေ နဲ့ပတ်သက်လို့ ကျနော်ရဲ့ဒီသင်္ကြန်တွင်းတုန်းကရေးတဲ့ ဘာလဲဟဲ့လူငရဲဆိုတဲ့စာအုပ်ထဲမှာ ဆောင်းပါးလေးတစ်ပုဒ်တောင်ထည့်ရေးတယ်ခင်ဗျ။ မမေ့သူမှ မလွတ်သူသို့ဆိုတာ။ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီသဘောထားရှိတယ်ခင်ဗျ။ ဒါဟာအလွန်အရေးကြီးပါတယ်။ မမေ့သူဆိုတာဒေါ်အောင်ဆန်းစုကြည် လိုပုဂ္ဂိုလ်မျိုးဗျ။ မမေ့တတ်တဲ့လူ။ ပြင်ပမှာရှိတဲ့ ပုဂ္ဂိုလ်များ လူပုဂ္ဂိုလ်များ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မမေ့တတ်တဲ့သူတွေ အဲ့ဒီမမေ့သူတွေကနေပြီးတော့ မလွတ်သူဆိုတာကတော့ ထောင်ထဲတို့ အချုပ်ထဲတို့မှာရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတို့ ယုံကြည်ချက်အကျဉ်းသားတို့ဆိုတဲ့ လူတွေပေါ့ဗျာ အဲ့ဒီလို မလွတ်လပ်တဲ့လူတွေအတွက်ကို မမေ့အပ်တဲ့လူတွေ ကနေပြီးတော့ကမ်းလှမ်းတယ်။ ကူညီတယ်၊ ရိုင်းပင်တယ်။ စောင့်ရှောက်တယ်ဆိုတာ အမြဲတမ်း လုပ်တတ်တဲ့အခါတွေ ရှိပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ထူးခြားတဲ့လက္ခဏတွေပါပဲ။ ဘာဖြစ်လို့ကျနော်က အဲဒါပြောလည်းဆိုတော့ ကျနော်တို့တွေ ထောင်ထဲရောက်နေတဲ့အချိန်မှာ မိသားစုကနေပြီးတော့ ထောင်ဝင်စာပို့ဖို့တောင်မှ အခက်ခဲတွေရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာကို ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ခါတည်းဘာခေါ်မလဲ သူကိုယ်တိုင်တော့ လွတ်ခါစပေါ့ဗျာ။ ထောင်ထဲကလွတ်ခါစ။ အဲ့ဒီအခါမှာ သူဟာတခါတည်း ဒီထောင်ထဲကလူတွေအတွက် စားစရာတွေ၊ သောက်စရာတွေ၊ သုံးစရာပစ္စည်းတွေ စတာတွေကိုပို့ပါတယ်။ အဲ့ဒီအခါမှာ ကျနော်တို့က ထောင်ထဲမှာ တောင်မှ တိုက်ပွဲလေးတစ်ခုကိုတောင်မှ ထောင်နိုင်တဲ့အနေထားမျိုးကိုရောက်ရှိပါတယ်။

အဲ့ဒီလိုဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေးမှုကတဆင့် ကျန်တဲ့လူတွေကအားဖြစ်မှုတွေဟာ နိုင်ငံရေးတိုက်ပွဲတို့ ဘာတို့အထိရောက်တယ် ဆိုတာ ကျနော်ပြောချင်ပါတယ်။ ဘာကိုပြောချင်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်လို စိတ်ဓါတ်မျိုးမွေးဖို့လိုပါတယ်။ အကျဉ်းကျနေတဲ့လူတွေကို ကူညီတာဟာ ဒီအကျဉ်းကျနေတဲ့ လူတွေကြားထဲမှာ ပစ္စည်းကလေးတစ်ခုကိုရလို့ စားစရာလေးတစ်ခုရလို့ သစ်သီးကလေးတခုကိုစားလိုက်ရတာနဲ့တင် မကပါဘူး။ အဲ့ဒီလူတွေက အဲ့ဒီပစ္စည်းအပေါ်မှာအကြောင်းပြုပြီးတော့ အဲ့ဒီပစ္စည်းပို့တဲ့လူရဲ့စေတနာ မေတ္တာအပေါ်မှာ အကြောင်းပြုပြီးတော့ သူရဲ့ အာဏာရှင်စနစ်တို့ ဖိနှိပ်ချုပ်ချယ်မှုတို့ ကန့်သတ်မှုတို့ဆိုတာတွေကိုဆန့်ကျင်မယ့် အားဖြစ်မှုအဆင့် ကိုရောက်တဲ့အနေထားမျိုးဖြစ်လာပါတယ်။ အဲ့ဒါကို ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိမ္မော်သီးတို့၊ ပန်းသီးတို့၊ စားစရာတို့၊ သုံးစရာမျက်နှာသုတ်ပုဝါတို့၊ စားစရာတွေပို့လို့ရတဲ့အခါကျတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့မေတ္တာတွေက ကျနော်တို့ဆီကိုကူးစက်လာပြီးတော့အခါကျတော့ ဒီပစ္စည်းကိုပြန်ပေးရမယ်လို့ အာဏာပိုင်တွေကနေတောင်းဆိုတဲ့အခါမှာ ကျနော်တို့မပေးဘူးဆိုပြီးတော့ နိုင်ငံရေးတိုက်ပွဲတစ်ခုဖြစ်သလို မပေးနိုင်ဘူးဆိုပြီးတော့ ကျနော်တို့ဝိုင်းပြီးတော့အော်ကြ၊ ဟစ်ကြ၊ ဆူကြပူ ဆိုတဲ့ဟာမျိုး တွေ လုပ်နိုင်ပါ တယ်။ အဲ့ဒါကကျနော်ဘာကိုပြောချင်လည်းဆိုတော့ အခုဒီမှာခင်ဗျားတို့ အမေရိကားရောက်နေတဲ့ မြန်မာတွေအ ကုန်လုံးက ပြည်နယ် (၇) ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကိုပြောတဲ့ဟာတွေတင်မကဘူး ဒီမှာအလှူခံကြမယ်။ ပြည်တွင်းလည်းပြည်တွင်း ပြည်တွင်းမှာရှိနေတဲ့ ဒုက္ခရောက် နေတဲ့ လူတွေအတွက်ကူညီကြမယ်။ ၀ိုင်းဝန်းကြမယ်။ စောင့်ရှောက်ကြမယ် အုပ်မိုးကြမယ်ဆိုတဲ့ဟာတွေက ဘယ်အထိသက်ရောက်နိုင်သလဲဆိုတော့ ကျနော်တို့ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ဆီကိုစားဖွယ်သောက်ဖွယ်များပို့သလိုပဲ ပြည်ပမှာရောက်နေတဲ့လူတွေအကုန်လုံးက ပြည်တွင်းမှာ တစ်ပြည်လုံးထောင်ကျသလိုဖြစ်နေတဲ့ လူတွေအတွက် ကူညီကြမယ် ၀ိုင်းဝန်းကြမယ် ၀န်းရံကြမယ် အားပေးကြမယ်ဆိုတာတွေဟာ ကျနော်တို့အထဲမှာ ကျနော်တို့တွေစားရ သောက်ရရုံ ဟုတ်လား သုံးရစွဲရရုံတင်မကပါဘူး။ အဲ့ဒါတွေက ကျနော်တို့ကို စိတ်ဓါတ်အားမာန်တွေပါ ပေးပါလိမ့်မယ်။ ကျနော်တို့ပြည်တွင်းမှာရှိနေတဲ့လူတွေဟာ အာဏာရှင်တွေကို ဆန့်ကျင်တဲ့နေရာမှာ အများကြီးအထောက်ကူဖြစ်စေမယ်။ အားတွေဖြစ် စေမယ်။ အဲ့ဒီလိုခင်ဗျားတို့ကူညီလိုက်တဲ့ ပံ့ပိုးလိုက်တဲ့ဟာတွေဟာ သေးတယ်ဖွဲတယ် ဟုတ်လား မထိရောက်ဘူးမထင်ပါနဲ့။ အဲ့ဒီလိုပစ္စည်းအသေး အဖွဲလေးတွေကနေစပြီးတော့ ကျနော်တို့ရဲ့ ပြည်တွင်းမှာရှိတဲ့ ထောင်သားတွေဆိုပါတော့ဗျာ တစ်ပြည်လုံးထောင်ကျနေတဲ့လူတွေအဖို့က အားမာန် တွေဖြစ်လာပြီးတော့ နိုင်ငံရေးတိုက်ပွဲကို ဆင်းနွှဲနိုင်တဲ့အခြေအနေတွေအထိ အားပေးနိုင်တဲရောက်နိုင်တယ်လို့ ဒါတွေကိုကျနော်ပြောချင်ပါတယ်။

အဲ့ဒီတော့ အဲ့ဒါနဲ့ပတ်သက်လို့ တဆက်တည်းပဲစောစောကပြောတဲ့ မနှစ်တုန်းကဒေါ်အောင်ဆနုးစုကြည်ရဲ့ မွေးနေ့အကြောင်းကို နည်းနည်း ပြောပြချင်တယ်ခင်ဗျ။ အဲ့ဒီမွေးနေ့မှာ ကျနော်တို့အားလုံး စောစောကပြောခဲ့တဲ့အတိုင်းပဲ နိုင်ငံရေးအကျဉ်းသားတွေပါတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုတွေပါတယ်။ ဟုတ်လား ဒီဘာသာရေးဘက်ကနေ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းတဲ့လူတွေပါတယ်။ ဒေါ်အောင်ဆန်း စုကြည်လုပ်ချင်တဲ့ကိစ္စတွေအတွက် ၀န်းရံပေးတဲ့ ခေါက်ဆွဲ၊ ဒံပေါက်ထုတ်တို့ဘာတို့ စသည်ဖြင့်ပို့တဲ့ အားထုတ်မှုတွေပါတာပေါ့လေ။ အဲ့ဒါတွေနဲ့အတူ ကျနော်အဲ့ဒီအချိန်ကသတိရတာက ကျနော်လည်း ကျနော်တတ်နိုင်သမျှလုပ်မှပဲဆိုပြီးတော့ ကျနော်တစ်ဦးတည်းလုပ်တဲ့ကိစ္စလေးတစ်ခုရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ကျနော်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ကမ္ဘာမှာ ဒီကမ္ဘာ့နိုင်ငံတော်တော်များများကလုပ်သလိုပဲ စာလုံး (၆၄) ပါတဲ့ စာတန်းတစ်ခုကို ကျနော်ပို့ပါတယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည်ဆီ ရောက်အောင်ကျနော်ပို့လိုက်ပါတယ်။ အဲ့ဒီစာတန်းကတော့ ထားလိုက်ပါတော့ဗျာ။ ဘာလဲဆိုတော့ တစ်ချက် နှစ်ချက်ပြောလို့ရပါတယ်။ တစ်ချက်ကဘာလဲဆိုတော့ ကျနော်ကဗျာလေးပို့တယ်ဆိုတာကို ပြောချင်ပါတယ်။ အဲ့ဒီကဗျာလေးက ဘာလဲဆို တော့ ရဲ၊ ဇွဲ၊ ဉာဏ်၊ စည်း၊ တာ၊ မကြောက်တရားတေးကဗျာ၊ မီးလျှံထဲကြာဆိုပြီးတော့ ကျနော်ရေးပါတယ်။ အဲ့ဒီကဗျာလေးက ပြောစရာအကြောင်း ရှိတယ်ခင်ဗျ။ ဘာလဲဆိုတော့ (၁၉၉၉) ခုနှစ်လောက်မှာ ကျနော်တို့ရဲ့ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးမိုးသူရဲ့ဇနီး မအမာကကွယ်လွန်သွားတယ်ခင်ဗျ။ မအမာကွယ်လွန်တဲ့အခါကျတော့ မအမာရဲ့ဈာပနကို ဦးမိုးသူကထောင်ထဲကနေပြီး တော့ပို့ခွင့်ပေးတယ်။ အဲ့ဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့လာမယ့်ဆိုတဲ့ သတင်းကိုကျနော်ကြားတဲ့အခါကျတော့ ကျနော်အဲ့ဒီကဗျာ လေးကိုရေးပြီးတော့ ကိုမိုးသူကိုကျနော်အလွတ်ကျက်ခိုင်းတယ်။ အလွတ်ကျက်ခိုင်းတော့ ကိုမိုးသူကလည်း အလွတ်ကျက်သွားတယ်။ ကိုမိုးသူကလည်း အလွတ်ကျက်ပြီးတော့ သူရဲ့ဇနီးဈာပနပေါ့ဗျာ။ အဲ့ဒါက (၁၉၉၉) ကျနော် (၂၀၀၀) ခုနှစ်တောင်မှရောက်ပြီခင်ဗျ။ (၂၀၀၀) ခု နှစ်အစရက်ပိုင်း လောက်ဖြစ်လိမ့်မယ်။ ကိုမိုးသူလွတ်သွားတော့ ကျနော် Public လုပ်တော့ (၂၀၀၀) ခုနှစ် ဇန်န၀ါရီလ (၄) (၅) ရက် လောက်မှာလွတ်သွားတာကိုး။ အဲ့ဒီတော့ကိုမိုးသူက အဲ့ဒီကိုသွားပြီးတော့ သူ့ဇနီးဈာပနကိုသွားရင်း သူ့ဇနီးဈာပနကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့နဲ့တွေ့တဲ့ အခါမှာ ကျနော့်ကဗျာလေးကို ရွတ်ပြပြီးတော့ ပြောလိုက်တယ်လို့ ကျနော့်ကိုပြန်ပြောပါတယ်။ အဲ့ဒီကဗျာကလည်း နည်းနည်းလေးပြောစရာရှိတာက ဘာလဲဆိုတော့ “ရဲ”၊ “ဇွဲ”၊ “ဉာဏ်”၊ “စည်း”၊ “တာ” ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိရှိတဲ့၊ သတ္တိကြီးမားတဲ့၊ ရဲရင့်ခြင်းနဲ့ ဆက်ပြီးတဆက်တည်းပြောလို့ရတဲ့ လုံ့လရှိခြင်းပေါ့ဗျာ။ အားထုတ်မှုကြီးမားခြင်းဆိုတဲ့ဟာကိုပြပါတယ်။ ရဲရင့်ခြင်းပေါ့ အဲ့ဒါကတစ်ခုပေါ့။ နောက်တစ်ခုက ဒီဇွဲဆိုတာကတော့စွဲမြဲတဲ့ကိစ္စပေါ့။ ဒီနေ့ဗမာပြည်အရေးကို သူရဲ့ကိုယ်ရေးကိုယ်ရာတွေအကုန်လုံးကိုစွန့်လွှတ် သူရဲ့ခင်ပွန်းဆုံးတဲ့ အခါမျိုးမှာတောင်မှ မသွားဘဲနဲ့ပေါ့ဗျာ။ ဒီဗမာပြည်ရဲ့နိုင်ငံရေးမှာပဲ ဖမ်းတယ်၊ ဆီးတယ်ပေါ့ဗျာ။ သူ့ကိုလုပ်ကြံခံရမယ့် အနေထားမျိုးတွေရောက်ရောက် ဆက်တိုက်ကို လုပ်နေတဲ့ စွဲမြဲမှုကိုကျနော်က ဇွဲလို့ကျနော်ကပြောခြင်းဖြစ်ပါတယ်။ ဉာဏ်ဆိုတာကတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်မှာ အခုဒီနေ့ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နောက်ကိုလိုက်နေတယ်ဆိုတာက ထင်ရှားတဲ့လူတစ်ယောက် ကျော်ကြားတဲ့လူတစ်ယောက် ထင်ရှားတဲ့ပုဂ္ဂိုလ် ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်နောက်ကို လိုက်နေတဲ့ကျနော်တို့က မျက်စိစုံမှိတ်ပြီးလိုက်နေတာ မဟုတ်ဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအသိဉာဏ် တွေ နိုင်ငံရေးအမျှော်မြင်တွေ ဟုတ်လား ပြည်သူလူထုအတွက်ထားရှိတဲ့ အသိဉာဏ်အင်အားတွေကို ကြီးမားတဲ့ဟာကို ကျနော်တို့အားလုံးကသိကြ တယ်။ အဖွဲ့ဝင်တိုင်းကသိကြတယ်။ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေကလည်းသိကြတယ်။ စသည်ပေါ့ဗျာကျနော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလွန်ကြီးမားတဲ့ ဉာဏ်ပေါ့ဗျာ။ “ဉာဏ်” ဆိုတဲ့မီးရှူးတန်ဆောင်ကြီးနောက်ကနေ လိုက်နေတာဖြစ်တယ်။

ဒါကြောင့်မို့လို့ ကျနော်ဉာဏ်ကိုလည်း အလေးထားပြီးတော့ပြောပါတယ်။ နောက်ပြီးတော့ “ရဲ”၊ “ဇွဲ”၊ “ဉာဏ်”၊ “စည်း” ဆိုတာကတော့ စည်းကမ်းပေါ့ဗျာ။ ဒေါ်အောင်ဆန်ုးစုကြည်က စည်းကမ်းအကြောင်းပြောတဲ့အခါကျတော့ တချို့ကပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Character ထဲမှာထည့်ပြောမနေနဲ့။ တော်ကြာကျတော့ ဗိုလ်သန်းရွှေတို့ ဘာတို့ နအဖတို့ရဲ့ စည်းကမ်းရှိသော ဒီမိုကရေစီကို ကျနော်တို့က ထောက်ခံရာတောင် ရောက်သွားမယ်။ သို့မဟုတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်က သဘောတူရာရောက်သွားမယ်။ သို့မဟုတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စရိုက် နဲ့ စစ်အစိုးရရဲ့အာဏာရှင်နိုင်ငံသစ်စရိုက်တွေကို တူအောင်လုပ်သလိုဖြစ်နေမယ်လို့ ပြောတာတွေရှိပါတယ်။ ကျနော်ကအဲ့ဒီလိုမယူဆဘူးခင်ဗျ။ ဒေါ် အောင်ဆန်းစုကြည် စည်းကမ်းရှိပါလို့ပြောတာက ဒီစစ်အစိုးရစည်းကမ်းရှိတယ်လို့ပြောတာထက်ကိုစောတယ်လို့ ကျနော်ပြောချင်တယ်။ စောတယ်လို့ ကျနော်ပြောချင်တယ်။ ဘာလို့ပြောချင်လဲဆိုတော့ ကျနော်မှတ်မိတဲ့ပုံစံကလေးပြောပြပါရစေ။ (၁၉၈၈) သြဂုတ်လ (၂၄) ရက်မှာ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ဆေးရုံထဲမှာဖွင့်ထားတဲ့ စာနယ်ဇင်းသမဂ္ဂဟောပြောစင်မှာ ကျနော်တို့ကစင်မြင့်မှာတက်ဖို့ ကျနော်တို့က ဒေါ် အောင်ဆန်းစုကြည်နဲ့ညှိတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်။ အဲ့ဒီအချိန်မှာ တကယ်ကတော့ (၂၄) ရက်နေ့မှာလုပ်ဖို့မဟုတ်ဘူး။ (၂၂) ရက်လောက်ကတည်းကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တက်ပြီးတော့ ဟောပြောဖို့လုပ်တာ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးမှာရှိတဲ့ တချို့သောနိုင်ငံရေးပုဂ္ဂိုလ်များ ဘာညာပေါ့ဗျာ လူကြီးသူမများကနေပြီးတော့ စိုးရိမ်ကြတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရင် ဘယ်နှယ့်လုပ်ကြမလဲဆိုပြီးတော့ အဲ့ဒီကနေ ပြီးတော့ (၁) ရက် (၂) ရက် ရွှေ့ပြီးတော့မှ (၂၄) ရက်နေ့ကျတော့မှ ပေါ်ထွက်လာတယ်။ ကျနော် တို့ပြောတာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတာ။ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားကိုသတ်လို့ကတော့ ခင်ဗျားလည်းသတ်မှာကို မကြောက်ဘူးဆိုတာ ကျနော်တို့လည်းယုံတယ်။ ဘေးလူ တွေကစိုးရိမ်တယ်ဆိုတာကိုလည်း လေးစားတယ် လူကြီးသူမများရဲ့စိုးရိမ်မှုတရား ဘာညာ။ သို့သော်နိုင်ငံရေးဆိုတာက သေချင်သေမှာပဲ။ သို့မဟုတ်ရင်လည်းသတ်ချင်တဲ့သူက သတ်မယ်ဆိုလို့ရှိရင်လည်း လာပြီးတော့ ကိုယ့်အိမ်ထဲမှာလည်း အသတ်ခံရနိုင်ပါတယ်။ အဲ့ဒီတော့ လူထုနဲ့ထိတွေ့ဖို့ကတော့ လူထုနဲ့ခင်ဗျားထိတွေ့ဖို့ကတော့ အလွန့်အလွန်အရေးကြီးပါတယ်။ လူထုနဲ့ကို ခင်ဗျားတွေ့မှ နို့မဟုတ်ရင်တော့ခင်ဗျားလည်း ဗိုလ်ချုပ်အောင်ဆန်းသမီးလေးဆိုတာလောက်ကနေ ပြီးနေမယ်။ လူထုကခင်ဗျားရဲ့အမျှော်မြင်တွေ၊ ခင်ဗျားရဲ့ ရည်မှန်း ချက်တွေ၊ ခင်ဗျားရဲ့ ဦးဆောင်မှုတွေ၊ ခင်ဗျားရဲ့ ဂုဏ်သတ္တိတွေ ဒါတွေကိုလူထုက သိဖို့လိုတယ်။ ဒါကြောင့်ထွက်ပါလို့ ပြောတဲ့အခါကျတော့ ဒေါ်အောင် ဆန်းစုကြည်က ထွက်မယ်ဆိုပြီးတော့ အခြားသူတွေ လုပ်ကြံသတ်ဖြတ်မှုကို ကြောက်ရွံ့နေတဲ့လူတွေထဲကနေ ရုန်းကန်ထွက်လာပြီးတော့ (၂၄) ရက်နေ့မှာ ကျနော်တို့ရန်ကုန်မြို့ထဲကိုထွက်ပါတယ်။ အဲ့ဒီ (၂၄) ရက်နေ့ကလည်း လူထုကအကြီးအကျယ်ကို ကျနော်ထင်တယ် ရှစ်လေးလုံးကာလမှာ အကြီးဆုံးဆန္ဒပြမှုလို့ ကျနော်တို့ပြောရမယ်လို့ထင်တယ်။ အဲ့ဒီနေ့မနက်မှာ ကျနော်တို့ဒေါ်အောင်ဆန်းစုကြည်ကို မနက် (၇) နာရီ (၈) နာရီလောက်မှာ သူ့အိမ်ကနေ ခေါ်လာတဲ့အချိန်မှာ ကျနော်ရယ် မောင်သော်ကရယ် နောက်ပြီးတော့ကိုမိုးသူရယ် ဒေါ်အောင်ဆန်းစုကြည်ကိုခေါ်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကားအနောက်ကထည့် အမျိုးသမီးလေးတွေလည်းပါတော့ဗျာ။ နောက်အမျိုးသမီးငယ်တွေကလည်းဝန်းရံပြီးတော့နေ။ ကျနော်နဲ့ မောင်သော်ကက အရှေ့က မောင်မိုးသူကနောက်ကထိုင်ပြီးတော့ ဒီဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ထုတ်လာတယ်။ စောစောကပြောသလိုပဲ ဒီဟာက ရှစ်လေးလုံးကာလမှာ အကြီးဆုံးသော လူထုဆန္ဒပြပွဲကြီး ရန်ကုန်မြို့မှာ ဖြစ်တယ်။ အဲဒီတော့ ရန်ကုန်မြို့မှာ ကားကို သွားလို့မရဘူး။ ဘယ်မှာမှ ကားလမ်းဆိုတာလည်း လမ်းတိုင်း ကားတွေရော၊ လူတွေရော ပိတ်ရပ်နေတယ်။ ရွှေ့လို့ကိုမရဘူး။ ကားတောင်မှ ရွှေ့လို့ကိုမရဘူး။ အဲလောက် ကိုဖြစ်တယ်။ ကျနော်တို့ ကားကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တင်လာတဲ့ကား တရွှေ့ရွှေ့နဲ့။ နောက်ဆုံးပိတ် ထားလိုက်ပါတော့ဗျာ ဒီ စင်မြင့်ပေါ်ကို ရောက်လာတယ်။ စင်မြင့်ပေါ်ရောက်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့စကားက တိုတိုလေးနဲ့ တစ်ခွန်းတည်းပဲ အဲဒါဘာလဲဆိုလို့ရှိရင် ကျမတို့ဟာ လွတ်လပ်ရေးကို သို့မဟုတ်လို့ရှိရင်လည်း ဒီမိုကရေစီကိုလိုလားတယ်ဆိုရင် ရှေ့ရှုတယ်ဆိုလို့ရှိရင် ကျမတို့အားလုံးက စည်းကမ်းရှိကြ ရပါလိမ့်မယ်။ စည်းကမ်းရှိကြပါလို့ပြောပြီးတော့ စင်ပေါ်က ဆင်းသွားတာပဲဗျာ။ အဲတော့ စင်ပေါ်ကဆင်းသွားတာ အတိုဆုံး စကားပေါ့။ ဒေါ်စုက ဒီလို စကားကိုတိုတိုပြောတဲ့ အလေ့လည်းရှိပါတယ်။ ၁၉၈၉ မတ်လ ၁၃ ရက်နေ့လောက်မှာလုပ်တဲ့ ဘုန်းမော်နေ့လို အခမ်းအနားမျိုး၊ ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ်ထဲမှာ ပြောတဲ့အခါမျိုးမှာလည်း မိန့်ခွန်းတိုတိုလေး တစ်ခွန်းတည်းပဲပြောတဲ့ဟာမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။ အဲတော့ အဲဒီမှာ ပြောတဲ့ စကားက တိုတာ ရှည်တာကိုထားတာပေါ့ဗျာ။ အဓိကအကျဆုံးက ဘာလဲဆိုတော့ စည်းကမ်းရှိဖို့ ဆိုတဲ့ဟာကိုပြောတာ။ အဲဒီနေ့မှာပဲ စစ်တပ်က နေပြီးတော့ ညနေပိုင်းလည်းကျလဲကျရော စစ်အုပ်ချုပ်ရေးကို ညနေပိုင်းကျတော့ ရုတ်သိမ်းလိုက်တယ်။ ဒါကို အဲဒီနေ့ကို ရုတ်သိမ်းတဲ့အတွက် ကျနော် တို့ဟာ ကျနော်တို့ကျင်းပမယ့် ရွှေဂုံတိုင်မှာကျင်းမမယ်လို့ ပထမလုပ်ထားတာက ကျနော်တို့က သိမ်ဖြူကွင်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တရားပွဲလုပ်ဖို့ လုပ်တယ်ဗျ။ ဆိုပါတော့ဗျာ ၂၅ ရက်လောက်မှာလုပ်ဖို့ ဒါပေမယ့် ကျနော်တို့က ရက်ရွှေ့ပြီးတော့ ချက်ချင်းရက်ရွှေ့ပြီးတော့ ရွှေတိဂုံအနောက်မုဒ်မှာ သူရဲ့ မထပဆုံးသော လူထုအစည်းအဝေးကြီးပေါ့ဗျာ။ အဲဒါကိုလုပ်ပါတယ်။ သို့သော် အဲဒါက လူထု အစည်းအဝေးပွဲကြီးက ၂၆ ရက်နေ့ သြဂုတ်လ ၁၉၈၈ သြဂုတ်လ ၂၆ ရက်နေ့မှာ လုပ်တယ်ဆိုသော်ငြားလည်း လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနဲ့ ပထမဦးဆုံးတွေ့တယ်လို့ ကျနော်ပြောချင် ယ်ပေါ့ဗျာ။ ဗမာပြည်မှာပေါ့ဗျာ ဗမာပြည်မှာ လူထုအစည်းအဝေးပွဲကြီးလုပ်ပြီးတော့ လူထုနဲ့ ပထမဦးဆုံး ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ လူထုနဲ့ပထမဆုံးထိ တွ့မှုဟာ သြဂုတ်လ ၂၄ ရက်နေ့မှာလုပ်တဲ့ ရန်ကုန်ဆေးရုံကြီးအတွင်းက ကျနော်တို့စာနယ်ဇင်းသမဂ္ဂရဲ့ ဟောပြောပွဲစင်မြင့်ပေါ်မှာ ဖြစ်ပါတယ် အဲဒီချိန်တုန်းက ဒေါ်စုပြောခဲ့တဲ့စကားဟာ စောစောက ပြောသလိုပဲ စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကိုလိုချင်တယ်။ လွတ်လပ်ရေးကို ရှေ့ရှုတယ်။ ဒီမိုကရေစီကို လိုချင်တယ်။ ဒီမိုကရေစီကို ရှေ့ရှုတယ်ဆိုရင် စည်းကမ်းရှိကြပါလို့ပြောတယ်။ အဲဒါကို ကျနော် စည်းကမ်းရှိခြင်း၊ စည်းကမ်းသိခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း၊ စည်းကမ်းကို ကြပ်မတ်ခြင်းဆိုတဲ့ စည်းကမ်းနဲ့ ပက်သက်တဲ့ဟာတွေကို အရေးအသွေးတွေ အကုန်ကလည်း ဒေါ်အောင် ဆန်းစုကြည်မှာ ရှိပါတယ်။ အဲဒါကို ကျနော်က စည်းဆိုကို တွေ့ပါတယ်။ အဲဒါက အမှန်တိုင်းပြောရရင် ဒီ စစ်အစိုးရနောက်ပိုင်းမှာ ၁၉၈၈ နောက်ပိုင်းမှာ ပြောတဲ့ စည်းကမ်းရှိသောဒီမိုကရေစီတို့ ဘာတို့ဆိုတာတွေက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားကို သံယောင်လိုက်တယ်လို့တောင်မှ ကျနော်ပြော ချင်ပါတယ်။

နောက် တာဆိုတာက နောက်ဆုံးစကားဖြစ်တယ်။ တာဆိုတာက တာဝန်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမြဲတမ်း စည်းကမ်းရှိသလိုပဲ စည်းကမ်းရှိတယ်တစ်ခုတည်းနဲ့ တာဝန်ယူရမယ်။ တာဝန်သိရမယ်။ တာဝန်ခံရမယ်ဆိုတဲ့ဟာကို အမြဲတမ်း အားပေးတယ်။ လူငယ်တွေနဲ့ ပြောတဲ့အခါမှာ သူနဲ့ လူငယ်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ ဒါကို အမြဲတမ်းပြောတယ်။ တာဝန်ရှိတယ်။ ကိုယ့်ဟာကိုယ်၊ ကိုယ့်တာဝန်ဘာလဲဆိုတာ သိရမယ်။ အဲဒီ တာဝန်တွေကို တာဝန်ယူရမယ်။ ကိုယ်တာဝန်ယူပြီးလုပ်ရမယ်။ အဲဒါ အပြင်ကို ဒီတာဝန်နဲ့ ပက်သက်လို့ တာဝန်ခံရမယ်ဆိုတာကို အမြဲတမ်းလုပ်ပေး ပါတယ်။ ဒီတာဝန်ကို နောက်ထပ်ကိုယ့်ဆီရောက်လာတဲ့တာဝန်ကို ဟိုပုတ်ချ ဒီပုတ်ချ မလုပ်တော့ဘူး။ ဒါ အမေရိကန်ပြည်သမိုင်းမှာလည်း ထင်ရှားတဲ့ စကားလုံးရှိပါတယ်။ The buck stops here! ဆိုတဲ့ သမ္မတဟယ်ရီထရူးမင်းရဲ့ စကားပေါ့ဗျာ။ ၁၉၄၅ လောက်မှာ သမ္မတဖြစ်လာတဲ့ ဟယ်ရီထရူး မင်းကပြောတဲ့ စကားရှိပါတယ်။ The buck stops here! ဆိုလိုတာကတော့ တာဝန်ပဲဗျာ။ တာဝန်က ဒီမှာရပ်တယ်။ ငါတာဝန်အရှိဆုံးပဲ။ ငါ့နေရာ သည် ဘယ်သူ့ကိုမှ ပြန်ပြီး လွှဲပြောင်းပြီးတော့ မလုပ်တော့ဘူး။ ငါတာဝန်ယူတယ်ဆိုတဲ့ စိတ်ဓါတ်မျိုးပေါ့ဗျာ။ ဟယ်ရီထရူးမင်းရဲ့စိတ်ဓါတ်မျိုး။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ဒီစိတ်ဓါတ်မျိုးအမြဲတမ်းရှိတယ်။ ဒီစိတ်ဓါတ်မျိုးရှိရုံတင်မကဘူး။ အခြားလူများကိုလည်း ဒီလို စိတ်ဓါတ်မျိုးသွင်းပေးတယ်။ တာဝန် ယူရမယ်။ တာဝန်ရှိလာရင် တာဝန်ကို ရှိတယ်လို့ သိပြီးဆိုရင် ဒီတာဝန်ကို တာဝန်ခံတယ်။ တာဝန်ယူတယ်ဆိုတဲ့ဟာ ဘယ်သူ့ဆီမှ ထပ်ပြီးတော့ ဘောလီဘောပုတ်သလို မင်းသွားတော့ ဟိုဟာက မင်းနဲ့ ဆိုင်တယ်။ ဒီဟာက ငါနဲ့မဆိုင်ဘူး။ အဲဒါကို ဟိုသွား ဒီသွားမလုပ်တော့ဘူး။ တာဝန်ယူတယ်။ တာဝန်သိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အဲဒါကို ကျနော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာကို ရေးတဲ့အခါမှာ ရဲ ဇွဲ ဉာဏ် စည်း တာ မကြောက်တရားတေးကဗျာ။ မကြောက်တရားတေးကဗျာဆိုတာကတော့ သူရဲ့ ဆောင်ပုဒ်ပေါ့ဗျာ။ မကြောက်နဲ့ Freedom form Fear ဆိုတဲ့စာအုပ်ကို ညွှန်းပြီးတော့ သူ့ရဲ့ အထွေထွေသဘောတရားပေါ့ဗျာ။ သို့မဟုတ်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒဿန ပေါ့ဗျာ။ ကျနော်တေးကဗျာ တစ်ခုနဲ့ နှိုင်းယှဉ်ပြီးတော့ ရေးခဲ့ပါတယ်။ မီးလျှံထဲကကြာဆိုတာကတော့ ကျနော်တို့ မြန်မာစကားမှာလည်း ရှိပါတယ်။ တောင်ထိပ် ကြာပွင့်တို့ ဘာတို့၊ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရေမရှိတဲ့နေရာမှာ ကြာပေါက်တဲ့တာထက် နည်းနည်းပိုသေးတယ်ဗျာ။ တောင်ထိပ်ကြာ ပေါက်တယ်ဆိုတာ ရေမရှိတဲ့နေရာကို ကြာပေါက်တယ်ဆိုတာ ညွှန်းတာ။ အလွန်ကြပ်တည်းကျဉ်းမြောင်တဲ့အခါ ခက်ခဲနေတဲ့အခါ မဖြစ်နိုင်တဲ့ အနေအထားမျိုးတွေ ကြားထဲမှာ ဖြစ်အောင်ပေါ်ထွန်းလာတဲ့ အားမာန်တွေ သတ္တိတွေ စွမ်းအင် တွေဟုတ်လား၊ အဲဒါ အလုပ်တွေကိုပြောတာထက် ဒေါ်အောင်ဆန်းစုကြည် လုပ်တဲ့ ကျနော်ညွှန်းတဲ့ မီးလျှံထဲကကြာဆိုတာက ရေမရှိတဲ့နေရာတင်မဟုတ်ဘူး မီးပုံထဲကကိုက ကြာပေါက်သလို ပေါက်နေတယ်။ ကျနော်ပြော ချင်ပါတယ်။ ဒီနေ့ မြန်မာပြည်ကြီး တစ်ပြည်လုံးဟာ မီးပုံကြီးလို ဖြစ်နေတယ်။ မီးလျှံတွေ တောက်လောင်နေတဲ့ နေရာဖြစ်ပါတယ်။ အဲဒီနေရာ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာနဲ့တူသလဲဆိုရင် ကြာပွင့်တစ်ပွင့် ပွင့်သလို မီးလျှံထဲက ပွင့်သလို ဖြစ်ပါတယ်။ အဲဒီသဘောနဲ့ ကျနော်ကဗျာရေးပါတယ်။ အဲဒီကဗျာကိုလည်း ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို စာလုံး ၆၄ လုံးပါတဲ့ဟာနဲ့ ပို့ပါ တယ်။

နောက်တစ်ခု အဲဒီစာထဲမှာ ကျနော်အရေးကြီးတဲ့ အချက်ကလေးတစ်ချက်လည်း ကျနော်ပြောချင်ပါတယ်။ အဲဒါဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်သိခြင်းပေါ့ ကျနော့်ကဗျာထဲမှာလည်း ခုနကပါပြီးသားဖြစ်ပါတယ်။ တာဝန်သိခြင်း အဲဒီတာဝန်သိခြင်းဟာ သမိုင်း နဲ့လည်းဆက်နေတော့ တစ်ဆက်တည်းပြောချင်ပါတယ်။ အဲဒါဘာလဲဆိုတာက ဒီကျနော်တို့ တာဝန်သိတယ်ဆိုတာက ၁၉၈၉ ဒီ ဇွန်ထဲမှာ ဒေါ်အောင် ဆန်းစုကြည်ကနေပြီး ကချင်ပြည်နယ်မှာသွားတယ်။ ကချင်ပြည်နယ်လှည့်တုန်းမှာ မိန့်ခွန်းပြောတယ် ကျနော် ရန်ကုန်ကနေပြီးတော့ သူမိန့်ခွန်းတွေကို ရန်ကုန်ကိုပို့ ပို့ပြီးတဲ့အခါ ရန်ကုန်မှာ စာအုပ်ထုတ်ပါတယ်။ စာအုပ်တွေထုတ်ပြီး အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေထဲမှာပါတဲ့ စကား တွေမှာ သူရဲ့ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားတွေကို ကိုးကားပြီးတော့ စစ်အာဏာဖီဆန်ရေး သဘောတွေကပါလာတယ်။ ပါလာ တဲ့အခါကျတော့ ရန်ကုန်မှာ မဒတဥက္ကဋ္ဌကြီး ဦးနုနဲ့လည်း ကျနော်တွေ့တယ် ဆွေးနွေးတယ် ဒါ့အပြင်ကျနော် စီစဉ်တဲ့ဟာတွေရှိတယ်။ စီစဉ်တဲ့အခါ ကျတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၆ ရက်နေ့ပြန်လာတယ် ၂၇ ရက်နေ့မှာ တစ်ရက်နားပြီးတော့ ကျနော်နဲ့ ၂၈ ရက်နေ့မှာတွေ့ပါတယ်။ တွေ့တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်ပြောပြတယ်။ ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူး။ အာဏာဖီဆန်ရေးလုပ်ငန်တွေဘာတွေ ပေါ်လာမယ့် အနေအထားတွေ ပြောရမယ့်အနေအထားတွေဖြစ်တယ်။ ကျနော်ဦးနုနဲ့တွေ့ပြီးတော့ စီစဉ်ထားတာ နောက်ပြီးတော့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေမှာ ကျနော်နဲ့ စာရေးဆရာမကြီး သာယာဝတီ စန်းစန်းနွဲ့တို့ နောက် တာမွေက ဦးမြင့် ဆိုတဲ့လူတစ်ယောက်ရဲ့ အလွတ်ပညာသင်ကျောင်းမှာ စာပေ ဟောပြောပွဲလေးလုပ်ဖို့ အဲဒီမှာ ကျနော်အာဏာဖီဆန်ရေး သဘောတရားတွေကို နည်းနည်းစပြီးတော့ လူတွေနားထဲကို သွင်းဖို့တီးခေါက်ဖို့ ကျနော်ပြော ပါတယ်။ ပြောတဲ့အခါမှာ ဒေါ်စုကအဒီအချိန်မှာ ဘာပြောလည်းဆိုတော့ မဟုတ်ဘူးလုပ်ပါ။ ဒီအာဏာဖီဆန်းရေးလုပ်ငန်း တစ်ခုတင်မဟုတ်ဘူး ဒီမိုက ရေစီရေးလုပ်ငန်းတွေကိုလုပ်မယ်ဆိုရင် ကျမတို့ဟာ အချိန်မရွေးအမြဲတမ်းလိုလို ဒီမှာလှုပ်ရှားမှုတွေကရှိမှဖြစ်မယ်။ လှုပ်ရှားမှုတွေလုပ်သွားဖို့ ကျမတို့မှာ တာဝန်ရှိတယ်။ လုပ်ပါ ကျမအားလုံးကို ထောက်ခံတယ်ဆိုတဲ့ ပြောတဲ့စကားရှိတယ်။ အဲဒီပုံစံနဲ့ ကျနော်တို့ အာဏာဖီဆန်ရေးပေါ်လာတယ် အာဏာဖီ ဆန်ရေး သဘောတရားကို ကျနော် (CEC) မှာ ကျနော်တင်ပါတယ် အဲဒီအချိန်တုန်းက။ တင်ပြီးတော့ ကျနော်တို့ မတရားတဲ့ အမိန့်အာဏာဟူတမျှ ဖီဆန်ကြဆိုတဲ့ဟာ တင်တာပေါ့ဗျာ။ တင်တဲ့အခါမှာ ကျနော်တို့အထဲမှာလည်း ပြဿနာလေးတွေရှိကြတယ်။ လူကြီးတွေကြားထဲမှာ တချို့ကလည်း ဆင်ခြင်တိုင်းထွာလုပ်ပေါ့ဗျာ။ နှိုင်းယှဉ်ပြီးပြောတဲ့ဟာလည်းရှိတယ်။ တချို့ကလည်းနည်းနည်း လိုင်းကကြမ်းတယ်လို့ထင်တဲ့လူလည်းရှိတယ်။ တချို့ကျ လည်း သွေးနည်းနည်း ကြောင်လာတယ်ပေါ့ဗျာ။ လုပ်လို့ကောင်းပါ့မလား လုပ်လို့ဖြစ်ပါမလား။ ဒီဟာသွားလုပ်ရင်တော့ ဖမ်းတော့မှာပဲပေါ့ဗျာ စသည်ပေါ့ ဒီစစ်အစိုးရနဲ့တော့ အာဏာဖီဆန်းရေးနဲ့တော့ တွေ့တော့မှာပဲဆိုတဲ့ လူကြီးတစ်ယောက်ရဲ့ မှတ်ချက်လိုဟာမျိုး CEC ထဲမှာပြောတဲ့စကားမျိုး ကျနော်ခုထိ ကြားယောင်နေပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ ကျနော်တို့ဒီမှာ အငြင်းပွားနေတဲ့ ဒီ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြ။ မတရားတာဆိုတာ ဘာကိုပြောသလဲ၊ အမိန့်အာဏာဆိုတာ ဘာကိုပြောသလဲ၊ ဘယ်လိုဟာမျိုးကိုပြောသလဲ ဘာကိုဆိုလိုသလဲ၊ ဖီဆန်ကြဆိုတာရော ဘာလုပ်မှာကို ပြောသလဲ၊ ဘာညာဘာညာပေါ့ဗျာ။ ဟိုဘက်ကန် ဒီဘက်ကန် ဟိုကွေ့ဒီကွေ့ ဟိုဆွဲဒီဆွဲ ဟိုချော်ဒီချော် လုပ်နေကြတဲ့ အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်က ဘာတစ်ခုပြောလည်းဆိုတော့ ဟုတ်ပြီဒီလိုလုပ်ပါ ဒီဟာတွေ အငြင်းပွားနေမယ့်အစား မတရားတာဆိုတာ ဘာကိုပြောသလဲဆိုတာ ပြောစရာ မလိုတော့ပါဘူး။ အမိန့်အာဏာဆိုတာ ဘာလည်းဆိုတာ ပြောစရာမလိုပါဘူး။ စစ်အစိုးရကနေပြီးတော့ အမိန့်အာဏာနဲ့ အုပ်ချုပ်နေတာပဲ။ ဒါတွေ ကလည်း မတရားဘူးဆိုတာလည်း ရှင်းပါတယ်။ နောက်တစ်ခါ ဒါတွေကို ကျမတို့ဖီဆန်ကြရမယ်ဆိုတာလည်း ရင်ဆိုင်ရမှာပေါ့။ ဒါတွေကို ကျမတို့ ခေါင်းငုံ့မခံနိုင်ဘူး။ တွန်းလှန်ကြရမှာပေါ့ ရင်ဆိုင်ကြရမှာပေါ့ အံတုကြရမှာပေါ့ ဆိုတဲ့ သဘောမျိုးကို ပြောယုံတင်မကဘဲနဲ့ နောက်ဆုံးကျတော့ ဘာလည်းဆိုတော့ ကဲဒီလိုလုပ်ပါ ကျမတို့ဖီဆန်ကြတဲ့နေရာမှာ တာဝန်ရဖီဆန်ကြဆိုတဲ့ တာဝန်အရ ထည့်လိုက်ပါဆိုပြီးလုပ်တဲ့အခါ လူတိုင်းက ခုန ကပြောတဲ့ အမိန့်အာဏာအပေါ်မှာ အငြင်းပွားနေတာတွေ မတရားတယ်ဆိုတဲ့ စကားလုံးအပေါ်မှာ အငြင်းပွားနေတာတွေ ဖီဆန်ကြမယ် ဆိုတဲ့အပေါ်မှာ အငြင်းပွားနေကြတာတွေဟာ ပြောင်းသွားပြီးတော့ တာဝန်အရလုပ်ပါဆိုတဲ့ စကားလုံးကိုထည့်တယ်။ ကျနော်တို့ ၁၉၈၉ ဇွန်ထဲမှာထုတ်တဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတဲ့ ကြွေးကြော်သံ ဆောင်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလုံးက ဘာလည်းဆိုရင် တာဝန်အရ ဆိုတာဖြစ်ပါတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ဆိုတာကို ဘယ်လောက်တန်ဖိုးထားတယ်။ တာဝန်ယူမှု တာဝန်သိမှု တာဝန်ခံမှုကို ဘယ်လောက်သဘောထားလည်းဆိုတာကို ကျနော် ပြောချင်တာပါ။ အဲဒီအချက် နှစ်ချက်ကို ကျနော် အရေးယူပြီးတော့ စာလုံး ၆၄ လုံးပါတဲ့ မွေးနေ့သဝဏ်အလွှာကို ဒေါ်စုကို ပေးပို့ခဲ့တယ်။ ဒေါ်စုဆီကို ရောက်တာ မရောက်တာကတော့ မသိဘူး။ ကျနော်အပြင်မှာတော့ ဒေါ်စုမွေးနေ့ အမှတ်အသားအထိမ်းအမှတ်အနေနဲ့ ကျနော်ဒီစာကိုရေးပါတယ်။ ဆိုပြီးတော့ အပြင်မှာကမ်းပါတယ်။ အပြင်မှာ ကလေးကတွေက ကျနော့်စာတွေကို ကူးပြီးတော့ ဝေကြကမ်းကြ ဖတ်ကြလုပ်ကြပါတယ်။ အဲဒါကိုကျနော် ပြောချင်ပါတယ်။

ကျနော်ဒီမှာ ချုပ်ပြီးတော့ ပြောချင်တာက ဘာလည်းဆိုတော့ အခုဒီမှာ အမေရိက ကနေပြီးတော့ ပြည်နယ် (၇) နယ်မှာရှိတဲ့ မြန်မာများ ကနေပြီး ဒေါ်စုရဲ့ မွေးနေ့အခမ်းအနားကျင်းပခြင်းကို ကျနော်တို့အများကြီး ဝမ်းသာပါတယ်။ အများကြီး အားတက်ပါတယ်။ ကျနော်တို့ ပြည်ပမှာရှိတဲ့ ရောက်နေကြတဲ့ မြန်မာများရဲ့ နိုင်ငံရေးနိုးကြားမှု နိုင်ငံရေးအသိရှိမှု ဒီမိုကရေစီကို မြတ်နိုးမှု ဒီမိုကရေစီတိုက်ပွဲမှာ တနည်းတဖုံနဲ့ပေါ့ဗျာ။ ပါဝင်မှုကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ အားလည်းပေးပါတယ်။ အများကြီးလည်း ကျေးဇူးတင်ပါတယ်ဆိုတာကို တစ်ချက်ပြောချင်ပါတယ်။ နောက် တစ်ချက်က ဒီလိုပါဝင်မှုဟာ ဒီမိုကရေစီရေးကိစ္စမှာ အမေရိကရောက်မြန်မာများရဲ့ ပါဝင်လာမှုဟာ အလွန့်အလွန်ကိုပဲ ကျနော်တို့အတွက် အရေးကြီး ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ မြန်မာပြည်ရဲ့အရေးကို မြန်မာတွေအားလုံးက မြန်မာတွေတစ်ယောက်တည်းမဟုတ်ဘူး။ စုပေါင်းပြီး အား ထုတ်ပြီးတော့ ပါဝင်လာတာဖြစ်တယ်။ အားပေးလာတာဖြစ်တယ်လို့ ကျနော် သတ်မှတ်ပါတယ်။ နောက်တစ်ချက်ကလည်း ဘာပဲပြောပြော ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ဖြစ်တဲ့ တာဝန်သိမှု တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့ဟာကို ဖော်ပြရာလည်း ရောက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်တစ်ပြည်လုံးထောင်ကျနေတယ် မြန်မာပြည်မှာ တစ်မျိုးသားလုံး ထောင်ကျနေတယ်။ လူတွေ သူတွေ ဒုက္ခ သုက္ခရောက် မီးမရှိ ရေမရှိ ရေငတ်တယ် ရေမရှိဘူးဆိုတာက အိမ်မှာရေမရှိတာလောက်ကို ကျနော်ပြောတာမဟုတ်ဘူး။ သောက်စရာရေကို မရှိလောက်အောင်ကို ဖြစ်တဲ့အနေ အထားမျိုးတွေရောက်လာတယ်။ အဲဒီအခါမှာ စစ်အစိုးရက ကျောခိုင်းပြီး ဘာမှတာဝန်ယူမှုမရှိတဲ့အချိန်မှာ ပြည်ပကို ရောက်တဲ့ မြန်မာတွေအကုန်လုံးက မြန်မာပြည်ရဲ့ ဒုက္ခ သုက္ခတွေကို အသိအမှတ်ပြုတယ်။ သိမှတ်တယ် ဒါတွေအအတွက် တာဝန်ယူပြီးတော့ တစုံတရာတော့ တို့လုပ်မယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခန်းအနားကျင်းပရင်း ဆောင်ရွတ်ကြလိမ့်မယ်ဆိုတာတွေကို ကျနော်ကြားတဲ့အခါကျလည်း အများကြီးအားတက် ပါတယ်ဆိုတာပြောရင်း ကျနော်နိဂုံးချုပ်ပါတယ်ခင်ဗျာ။


လူထုဦးစိန်ဝင်း ...

မင်္ဂလာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ကျန်းကျန်းမာမာနဲ့ အသက်ရှည်စွာ နေထိုင်နိုင်ပါစေလို့ပဲ မေတ္တာပို့လိုက်ပါတယ်။ သူ့ကို လွတ်မြောက်ပါစေလို့တော့ အများနည်းတူ ဆုမတောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ အကျဉ်းခံနေရပေမယ့်လို့ သူစိတ်နဲ့ သူ့ရဲ့ ၀ိဉာဉ်ကိုတော့ ဘယ်သူကမှ အကျဉ်းချထားလို့မရဘူး။ သူဟာ အမြဲတမ်း မြန်မာပြည်လူထုနဲ့ အတူရှိနေတယ်လို့ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာနိုင်ငံကို ကယ်တင်နိုင်တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူ့အပေါ်မှာ ကျနော်တို့အားလုံးက ယုံကြည်လေးစားမှု ထားကြရမယ်။ သူဟာ တကယ့်အဖေတူသမီးတစ်ယောက် ဖြစ်တယ်။ သူ့အဖေလိုပဲ ရိုးသားဖြူစင်ပြီးတော့၊ သူ့အဖေလိုပဲ သတ္တိ ပြောင်မြောက်တယ်။ သူလိုခေါင်းဆောင်မျိုး လောလောဆယ်အခြေအနေမှာ ကျနော်တို့နိုင်ငံမှာ လုံးဝမရှိပါဘူး။ သူတစ်ဦးတည်းသာလျှင် ဒီနေ့ အခြေအနေတွေကို ထိန်းသိမ်း ပြီးတော့ ပေးနိုင်တယ်။ အထူးသဖြင့် ဒီနှစ်ပေါင်း (၅၀) နီးပါး ပြည်သူလူထုနဲ့ တဖက်တလမ်းဖြစ်နေတဲ့ စစ်တပ်နဲ့ ပြည် သူလူထု ပြန်လည်ရင်ကြား စေ့ရေးကိုလုပ်နိုင်တဲ့သူဆိုလို့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပဲ ရှိပါတယ်။ အဲဒါကို ဒီနေ့ စစ်ခေါင်းဆောင်များ လည်းပဲ နားလည်ပြီးတော့ တိုင်းပြည် ဒီထက်ထိ ဆင်းရဲတွင်းမနစ်အောင် အမြန်ဆုံးငြိမ်းချမ်းသာယာအောင် လူတွေလည်းပဲ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်းမှကင်းဝေးအောင် စွမ်းဆောင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

No comments:

Post a Comment