Wednesday, April 21, 2010

အပစ်ရပ်နိုင်ငံရေး မည်သို့ အဆုံးသတ်ကြမည်နည်း?

Posted by DPNS on April 19th, 2010 in အပစ်ရပ်အဖွဲ့များ
http://www.voanews.com/burmese/2010-04-20-voa3.cfm

လွန်ခဲ့သော အနှစ် ၂၀ ကျော်မှစတင်၍ လူမျိုးးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစု အများအပြားသည် (နအဖ)အစိုးရနှင့် စစ်တိုက်ခြင်းမှ ရပ်စဲခဲ့ကြသည်။ အပစ်ရပ်အဖွဲ့တိုင်းသည် မိမိတို့၏ မူလနိုင်ငံရေးရည်ရွယ်ချက်ကို အပစ်ရပ်ကာလတွင် ဆက်လက် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြကြပေလိမ့်မည်။

သို့သော် ထိုအပစ်ရပ်ကာလတွင် လူမျိုးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများသည် မိမိတို့၏ မူလနိုင်ငံရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ခွင့် ဘယ်လောက်အထိ ရရှိခဲ့ကြပါသလဲ … ဆိုတဲ့ မေးခွန်းတခုလည်း မေးစရာ ဖြစ်ပေါ်လာပါသည်။ ကာယကံရှင် အပစ်ရပ်အဖွဲ့များကတော့ မည်သို့ နိဂုံးချုပ် အဖြေထုတ်ကြမည်မသိသေး။

သေချာတာတခုကတော့ လက်တွေ့ နိုင်ငံရေးတွင် အပစ်ရပ်အဖွဲ့အစည်းများအပေါ် (နအဖ)စစ်အစိုးရက နိုင်ငံရေးအရ ဘယ်လိုသဘောထားနှင့် ဆက်ဆံခဲ့သည်၊ ဆက်ဆံနေသည် ဆိုသောအချက်ကို မေးခွန်း၏ အဖြေတွင် ထည့်သွင်းပြောကြလိမ့်မည်။ အဖွဲ့တိုင်း တုန့်ပြန်သံ မတူညီနိုင်။ တဖွဲ့ချင်းစီ၏ ကိုယ်စားပြု အကျိုးစီးပွား ကွဲပြားမှုကြောင့် အသံတွေ ကွဲပြားမည်။

မျက်မှောက်ကာလသည် အပစ်ရပ် နိုင်ငံရေးအခြေအနေအတွက် စိန်ခေါ်မှုတွေနှင့် အပြင်းအထန် ရုန်းကန်နေကြရသည်။ အပစ်ရပ်နိုင်ငံရေး၏ အခင်းအကျင်း အပြောင်းအလဲတခု မုချထွက်ပေါ်လာတော့မည်။ နိုင်ငံရေးအရ အဆင့်တဆင့် လှမ်းတက်ခြင်းလား သို့မဟုတ် နောက်တဆင့် ဆုတ်ယုတ်ခြင်းလား ဆိုတာ ဝေခွဲမရသေးသည့် အချိန်လည်း ဖြစ်နေသေးသည်။

လူမျိုးစုံ လက်နက်ကိုင်အင်အားစု အသီးသီးသည် မတူကွဲပြားသည့် နိုင်ငံရေးနောက်ခံအခြေအနေများဖြင့် အပစ်ရပ် နိုင်ငံရေးဖြစ်စဉ်ကို လက်ခံဖြတ်သန်းနေကြသည်။ ထိုဖြစ်စဉ်ကို ဖြတ်သန်းနေစဉ်အတွင်းမှာပဲ နအဖ၏ နိုင်ငံရေးသဘောထားနှင့် နိုင်ငံရေးနည်းပရိယာယ်တို့ကိုတော့ အပစ်ရပ်အင်အားစု အသီးသီးအား တူညီစွာ ခံစားစေခဲ့သည်။

အပစ်ရပ်စဲ,စကာလက နဝတ-နအဖစစ်အစိုးရ၏ သဘောထားမှာ လူမျိုးစုံ လက်နက်ကိုင်အင်အားစုများ၏ နိုင်ငံရေး ပြဿနာများကို နောက်တက်လာမည့် နိုင်ငံရေးအစိုးရနှင့်သာ ဖြေရှင်းကြရန်ဖြစ်သည်။ စစ်အစိုးရ၏ နည်းပရိယာယ်မှာ အပစ်ရပ်အားလုံးကို မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သာ လုပ်ကိုင်ဆောင်ရွက်ကြရန် (နိုင်ငံရေးပြဿနာနှင့် ကင်းကင်းရှင်းရှင်း နေရန်) ဖြစ်သည်။ စစ်အစိုးရ၏ နိုင်ငံရေးသဘောထားနှင့် နည်းပရိယာယ်များက အပစ်ရပ်အဖွဲ့ အားလုံးကို ယာယီ (နှစ်အချို့) နှစ်သိမ့်မှုကိုသာ ရရှိစေလိုက်သည်။

နှစ်, ကြာကြာမစောင့်လိုက်ရပါ။ စစ်အစိုးရ၏ သဘောထားအစစ် ပြောင်, ဖော်ပြလာရပြီ။ န၀တ-နအဖ စစ်အစိုးရသည် ၎င်း၏ နိုင်ငံရေးလိုအပ်ချက်အရ သားစဉ်မြေးဆက် ခိုင်မြဲမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းကို မင်းဆိုးမင်းညစ်ဘွဲ့ခံယူကာ အကောင်အထည်ဖော် လုပ်ဆောင်လာသည်။ အပစ်ရပ်အဖွဲ့များကိုလည်း ထိုနိုင်ငံရေးစည်းဝိုင်း (ညောင်နှစ်ပင်ညီလာခံ) အတွင်းသို့ သူခိုးသေဖော်ညှိဖို့ ဆွဲခေါ်လာခဲ့ပါသည်။ ဒီနည်းဖြင့် အပစ်ရပ်အဖွဲ့များအားလုံးသည် နအဖ ပြင်ဆင်ခင်းကျင်းထားသည့် နိုင်ငံရေးစည်းဝိုင်းထဲ ဝင်ရောက်ပါဝင်ခဲ့ရသည်။

(နအဖ)က ပါဝင်ကစားခွင့်ပေးခဲ့သော ထိုနိုင်ငံရေးစည်းဝိုင်းတွင် အပစ်ရပ်အဖွဲ့များသည် လူမျိုးစုအသီးသီး၏ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခြင်းမခံရ။ ဖိတ်ကြားသင့်သည့်သူများ ဆိုသည့် နာမည်နှင့်သာ တက်ရောက်ခွင့်ပြုခဲ့သည်။ ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ အပစ်ရပ်အဖွဲ့တိုင်းသည် မိမိတို့နှင့် သက်ဆိုင်သည့် လူမျိုးရေးဆိုင်ရာ အခွင့်အရေးများကို တင်ပြတောင်းဆိုခဲ့ကြသည်။ တင်ပြတောင်းဆိုခွင့်တော့ ရကြ၏။ သို့သော် နောင်ဖြစ်ပေါ်လာမည့် (နအဖ) ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းခွင့်တော့ လုံးဝ မရရှိ။ တင်ပြချက်များကို မှတ်တမ်းတင်ထား (ချောင်ထိုးထား) ခြင်းဖြင့်သာ ကျေနပ်လိုက်ကြရသည်။ အပစ်ရပ်ပြီးနောက် စစ်အစိုးရ၏ နိုင်ငံရေးမိတ်ဆက်ချက်ကို ပွဲဦးထွက် ရရှိလိုက်ခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့တဖွဲ့သည် ထိုနိုင်ငံရေးစည်းဝိုင်းကို ဒီမိုကရေစီနည်းမကျသည့် ညီလာခံဖြစ်သည်ဟုဆိုကာ ပါဝင်ဆွေးနွေးသူများအဖြစ်မှ နှုတ်ထွက်လိုက်သည်၊ လေ့လာစောင့်ကြည့်သူအဖြစ်သာ တက်ရောက်ခဲ့သည်။ အချို့အပစ်ရပ်အဖွဲ့များကတော့ (နအဖ) တဖက်သတ်ရေးဆွဲနေသည့် အခြေခံမူများကို သဘောမတူသည့်တိုင် ညီလာခံပြီးဆုံးသည့်အထိ ပါဝင်တက်ရောက်ကြသည်။

အပစ်ရပ်အဖွဲ့စည်းများကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ပြီး၊ မိမိတို့ တင်ပြတောင်းဆိုချက်များကို ငြင်းပယ်ခြင်းခံရသော ညောင်နှစ်ပင်ညီလာခံမှ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတခု ထွက်ပေါ်လာခဲ့ပြီ။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို (နအဖ)စစ်အစိုးရသည် ၂၀၀၈ ခုနှစ်၊ မေ (၁ဝ) ရက်နေ့တွင် လူထုဆန္ဒကို လုယူပြီး အတည်ပြုလိုက်သည်။ ထိုဖွဲ့စည်းပုံတွင် ပါရှိသော အခန်း (၇) ။ ပုဒ်မ (၃၃၈) တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည် ဟု ပြဌာန်းထားသည်။ ထိုဥပဒေပုဒ်မ ပြဌာန်း လိုက်ခြင်းသည် အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးဘဝ ရှင်သန်ရပ်တည်ရေး အသက်ရှူလမ်းကြောင်းကို ဖြတ်တောက်ရန် ဖြစ်သည်။ လူမျိုးပေါင်းစုံ အပစ်ရပ်အဖွဲ့အစည်းအသီးသီးးက တောင်းဆိုသော နိုင်ငံရေးအခွင့်အရေးများအတွက် ထိုဖွဲ့စည်း ပုံအခြေခံဥပဒေတွင် နေရာကွက်လပ်မရှိ ဖြစ်ခဲ့ရသည်။

နအဖစစ်အုပ်စုသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လမ်းပြမြေပုံရေးဆွဲပြီး အကောင်အထည် ဖော်လျှက် ရှိသည်။ အခုဆို အဆင့် ၅ ကို တက်လှမ်းပြီး အောင်ပွဲခံဖို့ အရူးအမူး ပြင်ဆင်နေချိန်ဖြစ်သည်။ ပြင်ဆင်ချိန်ကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံကို အကြီးမားဆုံး အဟန့်အတားဖြစ်စေမည့် အရာမှန်သမျှကို ပစ်မှတ်ရှာ ချေမှုန်းရတော့မည်။ စီမံချက် (ဝါမြိုရေး၊ ချေမှုန်းရေးပေါ်လစီ) ရေးဆွဲပြီး ဦးစားပေးချေမှုန်းရမည့် လုပ်ငန်းများထဲတွင် အပစ်ရပ်အဖွဲ့အစည်းများ၏ အရေးကိစ္စလည်းတခု အပါအဝင်ဖြစ်သည်။ အပစ်ရပ်များ၏ လက်ရှိအနေအထားကို အခြေခံမှစ၍ အသွင်ပြောင်းလဲပစ်ရန် လိုအပ်လာသည်။ အကြောင်းအရင်းမှာ (နအဖ)၏ ရေတို/ရေရှည် နိုင်ငံရေးလိုအပ်ချက်နှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်ငင်းဖြေရှင်းရမည့် နိုင်ငံရေးးဖြစ်စဉ်တခုသည် အပစ်ရပ် နိုင်ငံရေးနယ်ပယ်တွင် ဖုတ်ပူမီးတိုက် ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်သည်။

အပစ်ရပ်ပြဿနာကို ဖြေရှင်းရန် ၂၀၀၉ ခုနှစ်၊ ဧပြီ ၂ရ/၂၈ မှစတင်၍ နယ်ခြားစောင့်တပ်(BGF) သို့မဟုတ် နယ်မြေ စောင့်တပ် သို့မဟုတ် ပြည်သူ့စစ် အသွင်ပြောင်းရေး စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်နေတာ တနှစ်တိတိ ပြည့်တော့မည်။ ထိုတနှစ်တာ ကာလအတွင်း (နအဖ)၏ အသွင်ကူးပြောင်းရေးစီမံချက်ကို လက်ခံသည့် အဖွဲ့အစည်းများရှိသလို၊ လက်မခံသည့် အဖွဲ့အစည်းများလည်း ရှိသည်။ အပစ်ရပ်အဖွဲ့များအတွင်း အုပ်စု ၂ ခုအဖြစ် ကွဲထွက်လာသည်ကို လောလောဆယ် တွေ့မြင်ရသည်။

၁။ နအဖ၏ BGF အသွင်ကူးပြောင်းရေး စီမံချက်အား လက်ခံသည့် အပစ်ရပ်အဖွဲ့များ၏ အခြေအနေ

နအဖ၏ BGF အသွင်ပြောင်းရေးစီမံချက်ကို လက်မခံသည့် ကိုးကန့်(လောက်ကိုင်) အပစ်ရပ်အဖွဲ့ကို ဥပဒေချိုးဖောက် သည်ဟုဆိုကာ အမှုဆင်ပါသည်။ အဲဒီနောက် (နအဖ)က စစ်ရေးအရ ချေမှုန်းလိုက်သည်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာမှာတော့ နအဖ၏ အသွင်ပြောင်းရေးစီမံချက်ကို လက်ခံလိုက်ရသည်။

ထိုအပြင် BGF စီမံချက်ကို သဘောတူသည့် အပစ်ရပ်အဖွဲ့အချို့ရှိသည်။ ထိုအဖွဲ့များမှာ ဒီမိုကရေစီသစ်တပ်မတော် (ကချင်) NDA(K)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် အခြား အင်အားသေးငယ် သည့် လူမျိုးငယ်အဖွဲ့အစည်းများဖြစ်သည်။ ထိုအဖွဲ့များကတော့ နအဖ၏ အသွင်ကူးပြောင်းရေး စီမံချက်ကို ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာတွင် လွယ်လင့်တကူ လက်ခံလိုက်ကြသည်။ BGF သို့မဟုတ် ပြည်သူ့စစ်တပ်ဖွဲ့များ အသွင်ပြောင်းလဲသွားပြီး (နအဖ) လက်အောက်ခံတပ်ဖွဲ့များ ဖြစ်သွားတော့သည်။

ထိုပုံစံဖြင့် အပစ်ရပ်နိုင်ငံရေး အဆုံးသတ်နည်း တခုကို မြင်တွေ့လိုက်ကြပြီ။

၂။ (နအဖ)၏ BGF အသွင်ကူးပြောင်းရေး စီမံချက်အား လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များ၏ အခြေအနေ

နောက်ထပ် အပစ်ရပ်အဖွဲ့အစည်းများဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တပ်မတော် (မြောက်) (SSA –N)နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က (နအဖ) ချမှတ်ဆောင်ရွက်နေသော BGF အသွင်ပြောင်းရေး စီမံချက်ကို လုံးဝ လက်မခံသည့် အဖွဲ့အစည်းများရှိသကဲသို့ မူကိုတော့ လက်ခံသည်၊ သို့သော် သီးခြားလိုလားချက်များ တင်ပြတောင်းဆိုထားသည့် အဖွဲ့အစည်းများလည်း ရှိသည်။

BGF လက်မခံသည့်အဖွဲ့များ၏ နောက်ဆုံး(ဧပြီ ပထမပါတ်အထိ) အခြေအနေများကို လေ့လာကြည့်ရုံဖြင့် (နအဖ) အားထုတ်လုံးပမ်းနေသည့် စီမံချက်သည် ဒုတ်ပြ၊ ဓါးပြနဲ့ အင်အားသုံး အကောင်အထည်ဖော်နေရတာကို တွေ့မြင်နိုင်သည်။

တဖွဲ့ချင်းစီနှင့် နအဖတို့၏ တွေ့ဆုံဆွေးနွေးချက်များကို လေ့လာကြည့်လျှင် နအဖ၏ BGF အသွင်ပြောင်းရေး စီမံချက်သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ ဆန္ဒမရှိကြောင်း ထပ်မံ သိမြင်လာပါလိမ့်မည်။

(က) KIO နှင့် (နအဖ)တို့၏ တွေ့ဆုံမှုအခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

KIO အနေဖြင့် (နအဖ)တောင်းဆိုထားသည့် BGF အသွင်ကူးပြောင်းရေး စီမံချက်ကို မူ အရ ငြင်းပယ်ထားသည့် အပစ်ရပ် အဖွဲ့အစည်းဖြစ်သည်။

KIO အပစ်ရပ်အဖွဲ့မှ နအဖသို့ တောင်းဆိုချက်များကို အကျဉ်းချုပ်တင်ပြရလျှင်-

* နအဖ က KIO အဖွဲ့အား BGF အသွင်ကူးပြောင်းရန် ၂၀၀၉ ဧပြီ နောက်ဆုံးပတ်ထဲမှာ တောင်းဆိုခဲ့သည်။ KIO မှ (၃၀ /၇/၀၉) ရက်စွဲဖြင့် တောင်းဆိုချက် (၇) ချက်ကို တင်ပြကာ ပြန်လည်တုန့်ပြန်ခဲ့သည်။ ထိုတောင်းဆိုချက်များထဲတွင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာ လက်တွေ့လိုအပ်ချက်များကို တောင်းဆိုထားသည်။
* ပင်လုံစာချုပ်ကို (နအဖ) သဘောတူညီမည်ဆိုပါက BGF အသွင်ပြောင်တာမျိုးမလုပ်၊ လက်နက်ကိုင် တော်လှန်ရေးစွန့်မည်ဟုဆိုသည်၊ (၂၀၀၉ အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာတွင် ဖော်ပြထား)
* တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရသ၍ BGF အသွင်ပြောင်းခြင်းကို လက်မခံဟု ၂၀၁၀ ဖေဖော်ဝါရီ ၅ ရက် KIO တော်လှန်ရေးနေ့ သဝဏ်လွှာတွင် သဘောထား ထုတ်ဖော်ပြောထားသည်။

အပစ်ရပ်အဖွဲ့ KIO နှင့် နအဖတို့ မတ်လ ၁၂ ရက်နေ့တွင် မြစ်ကြီးနားတွင် တွေ့ဆုံဆွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲသည် BGF စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေသည့် (၁၁) လ အတွင်း (၁၂) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် (နအဖ) မှ ယခင် KIO ဘက်မှတင်ပြတောင်းဆိုချက်ကို ပြန်လည်ဖြေရှင်းခြင်းမပြုဘဲ မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး BGF အသွင်ပြောင်းရန်ထပ်မံပြောဆိုခဲ့သည်။

KIO ဘက်ကတော့ ယခင် တင်ပြတောင်းဆိုချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။ ထိုအပြင် KIO အနေနဲ့ နိုင်ငံရေး ပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် အသွင်ကူးပြောင်းသွားလိုကြောင်းနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းပူးတွဲ ညှိနှိုင်းရေး ကော်မတီတရပ်အား KIO၊ (နအဖ)နဲ့ ကချင် တိုင်းရင်းသား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့် ပါဝင် ဖွဲ့စည်းသွားရန် စသည့် အချက်များကိုလည်း ထပ်မံတင်ပြခဲ့ကြသည်။ (ဥက္ကဌ ဇောင်းဟရာ လက်မှတ်ထိုးပြီး နေပြည်တော် သို့ ၁၁.၃.၁၀ ရက်စွဲဖြင့် ရေးသားတင်ပြခဲ့သည်။ ယခင် တောင်းဆိုချက်များအပါအဝင် တောင်းဆိုချက်အသစ်များလည်း ပါဝင်သည်၊)

သို့သော် ထိုဆွေးနွေးပွဲမှ နှစ်ဖက်စလုံးအတွက် မည်သည့် ရလဒ်ကောင်းမျှမရရှိခဲ့ပေ။ အကျိုးဆက်အဖြစ် နှစ်ဘက် စစ်ရေးပြင်ဆင်မှုများ၊ စစ်နေရာချထားမှုများ ပိုမိုလုပ်ဆောင်လာခဲ့ကြသည်။ (မတ်လ တတိယအပတ်နှင့် နောက်ဆုံးပတ်အတွင်းက အဖြစ်အပျက်များ)

အထူးသဖြင့် (နအဖ)ဘက်မှ စစ်ရေးပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ကိုင်လာခဲ့သည်။ တဖက်မှလည်း KIO နှင့် ဆက်လက်ပြီး ဧပြီလ ၅ ရက်တွင် ၁၃ ကြိမ်မြောက် (BGF စီမံကိန်းစတည်းက) တွေ့ဆုံခဲ့ ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်အဖြေကလည်း ယခင် တွေ့ဆုံဆွေးနွေးမှုများကဲသို့ပင်ဖြစ်သည်။ သို့သော် ထူးခြားချက် မှာ KIO အပစ်ရပ်အဖွဲ့အား ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး BGF အသွင်ကူးပြောင်းရန်၊ ဆုံးဖြတ်ချက်ပေးရမည်ဟု မိန့်မှာခဲ့တာဖြစ်သည်။ အကယ်၍ သတ်မှတ်ရက်တွင် အကြောင်းပြန်ကြားခြင်း မရှိပါက မတရားသင်းအဖြစ် သတ်မှတ်မည်ဟု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ခြိမ်းခြောက် ပြောကြားခဲ့သေးသည်။

(ခ) မွန်ပြည်သစ်ပါတီ (NMSP) နှင့် (နအဖ) စစ်အစိုးရတို့၏ တွေ့ဆုံမှု အခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

မွန်ပြည်သစ်ပါတီကလည်း (နအဖ) တောင်းဆိုထားသည့် BGF အသွင်ကူးပြောင်းရေး စီမံချက်ကို မူအရ ငြင်းပယ်ထားသည့် အပစ်ရပ်အဖွဲ့အစည်းတခုဖြစ်သည်။

မွန်ပြည်သစ်ပါတီအား ၂၀၀၉ ခုနှစ် ဧပြီ ၂၈ ရက်နေ့ က BGF သို့မဟုတ် ဌာနေပြည်သူ့စစ် အသွင်ကူးပြောင်းရန် (နအဖ)မှ အကြောင်းကြားခဲ့သည်။ မွန်ပြည်သစ်ပါတီမှ ၅/ ၈/၀၉ နေ့တွင် တောင်းဆိုချက်များ ပါဝင်သည့် တုန့်ပြန်ချက်ဖြင့် (နအဖ)အား အကြောင်းပြန်ခဲ့သည်။

တောင်းဆိုချက်တွင် -

* ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည်မဟုတ်၊
* ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကြီးအဖြစ် ပြောင်းလဲဖို့ လက်မခံ
* တရားဝင်အစိုးရ တက်လာသည်အထိ တပ်ဖွဲ့မျာအား ဒီအတိုင်း ဆက်ထားမည်
* (နအဖ)က မွန်ပြည်သစ်ပါတီအား၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်စေလိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတိုက်အခံ အင်အားစုများ ပါဝင်သည့် ပြန်လည်သုံးသပ်ရမည့်အပိုင်း အရင်လုပ်ဆောင်ရန် တို့ဖြစ်သည်။

မတ်လ ၁၆ ရက်နေ့က မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့စ ဦးစီးသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ရတခ တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မော်လမြိုင်တွင် တွေ့ဆုံစကားပြောစဉ်က ရွေးကောက်ပွဲဥပဒေ ထွက်လာပြီဖြစ်လို့ ရွေးကောက်ပွဲဝင်လိုက ၂ လအတွင်း ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း အသိပေးခဲ့သည်။

ထိုသို့တွေ့ဆုံပြီးနောက် မွန်ပြည်သစ်ပါတီအနေဖြင့် ၁၈.၃.၁၀ နေ့တွင် ဗဟိုကော်မတီ စုံညီဆွေးနွေးပွဲထိုင်ပြီး ဗဟိုဆုံးဖြတ်ချက်ကို မီဒီယာများတွင် ဖော်ထုတ်လာပါသည်။ ဖော်ထုတ်ချက်များမှာ ယခင်တောင်းဆိုချက်များနှင့် အနှစ်သာရ အတူတူပင်ဖြစ်သည်။ အထူးသဖြင့် မွန်ပြည်သစ်တပ်မတော်ကို ဌာနေပြည်သူ့စစ်တပ်ဖွဲ့ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းမှာကို လက်ခံမှာမဟုတ်ကြောင်း ဖော်ပြချက်က ပိုပေါ်လွင်သည်။

မွန်ပြည်သစ်ပါတီ ဗဟိုဆုံးဖြတ်ချက် ထုတ်ဖော်ပြောဆိုပြီး မကြာမှီ ဧပြီလ ၇ ရက်နေ့က စရဖ အရာရှိချူပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များအား မော်လမြိုင် ရတခ စစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံစကားပြောစဉ်က မွန်ပြည်သစ်ပါတီကို ပါတီမှတ်ပုံတင်ရန်နှင့် မွန်ပြည်သစ် တပ်မတော်အား ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ဖြစ်သည်။ ဧပြီ ၂၂ ရက်နေ့တွင် အကြောင်းပြန်ရန် ပြောကြားခဲ့သည်ဟု သိရသည်။

ဌာနေ ပြည်သူ့စစ်အသွင်ပြောင်းရန်နှင့် ပါတီထောင် ရွေးကောက်ပွဲဝင်ရန်အတွက် (နအဖ)၏ BGF စီမံချက်ချမှတ်ပြီးနောက် ဖိအားပေး အကြပ်ကိုင်တာမျိုး မွန်ပြည်သစ်ပါတီတွင် မရှိခဲ့သေးကြောင်းလည်း သိရသည်။

(ဂ) ရှမ်းပြည်တပ်မတော် (မြောက်) နှင့် (နအဖ)စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ (၂၀၁၀ ဧပြီ ပထမအပါတ် အထိ)

ရှမ်းပြည်တပ်မတော် (မြောက်) (SSA –N) ကလည်း (နအဖ)၏ HGF (Home Guard Force) နယ်မြေစောင့်တပ်ဖွဲအဖြစ် အသွင်ကူးပြောင်းရေး စီမံချက်ကို မူအားဖြင့်ကို လက်မခံသည့် အဖွဲ့အစည်းဖြစ်သည်။

အပစ်ရပ်အဖွဲ့အစည်းများအပေါ် ကျင့်သုံးမည့် (နအဖ)၏ ထိုပေါ်လစီသည် SSA –N ကိုလည်း ချန်လှပ်မထားခဲ့ပါ၊ ၂၀၀၉ ဧပြီလကုန်ရက်ပိုင်းလောက်က HGF အဖွဲ့ ဖွဲ့စည်းရန် အကြောင်းကြားလာပါသည်။ ထိုအကြောင်းကြားချက်ကို ၂၀၀၉ ဇွန်လကုန်ပိုင်းက ဥက္ကဌ ဦးလွယ်မောင်း လက်မှတ်ဖြင့် စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ လိပ်မူပြီး ပြန်လည်အကြောင်းပြန်ခဲ့သည်။

ထိုအကြောင်းပြန်ချက်တွင် – နယ်မြေစောင့်တပ်အဖြစ် ပြောင်းလဲရန် တပ်မှူး၊ တပ်သား နားလည်မှုရှိလာစေရန် စည်းရုံးရေး ခက်ခဲနေကြောင်း အကြောင်းပြန်ခဲ့သည်။ ထိုအပြင် ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၄ နေ့ကလားရှိုးမြို့တွင် (န၀တ) ကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA –N ကိုယ်စားလှယ်တို့ အပစ်အခတ်ရပ်စဲစဉ်က သဘောတူမှုတခု ရှိခဲ့သည်။ ထိုသဘောတူညီချက်မှာ နောက်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးဆွေးနွေးမည် ဆိုတာ ဖြစ်သည်။ ထိုအချက်ကြောင့် (နအဖ)၏ နယ်မြေစောင့်တပ်ဖွဲ့(ပြည်သူ့တပ်ဖွဲ့ကြီး) အဖြစ် အသွင်ပြောင်းရေးကို ရှမ်းပြည်တပ်မတော်မှ လက်မခံတာဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။

၂၀၁၀ ဖေဖော်ဝါရီလကုန်မှ မတ်လ ပထမပတ်အတွင်း နအဖသည် SSA – N အား ရမခတိုင်း(လားရှိုး မြို့) တွင် ၃ ကြိမ် ခေါ်ယူပြီး ဌာနေပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးမှုမျိုးရှိခဲ့သည်။ မတ်လ ၄ ၇က်နေ့ ခေါ်ယူဆွေးနွေးခဲ့စဉ်ကလည်း HGF အသွင်ပြောင်ရေးအတွက် စေ့စပ်ရေး နာယကအဖွဲ့ကို ဇွတ်ဖွဲ့စည်းခိုင်းသည်။ ပြည်သူ့စစ်အသွင်ပြောင်းလျှင် ဘယ်နေရာ တပ်တည်ထားရမည်။ မူလ SSA တပ်မတော်ဌာနချုပ်နှင့် တပ်များ ဆုတ်ခွာပေးရမည်။ SSA – N နယ်မြေရှိ ကျေးရွာ/ရပ်ကွက် ကိုယ်စားလှယ်များကို နအဖ အမာခံများဖြင့် အစားထိုးဖြည့်ဆည်းသွားရမည် စသဖြင့် တဖက်သတ် စည်းကမ်းများချမှတ်ကာ SSA – N ကိုယ်စားလှယ်များအား အသိပေးပြောကြားခဲ့သည်။

SSA – N ကိုယ်စားလှယ်များအနေဖြင့် တဖက်သတ် ပြောစကားကိုသာ နားထောင်ခဲ့ရပြီး ပြန်လာခဲ့ရတာဖြစ်သည်။ မိမိတို့၏ ထင်မြင်ချက်များ တုန့်ပြန်ပြောဆိုခွင့် မရရှိခဲ့ပေ။

၂၀၁၀ ခုနှစ် ဧပြီ ၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ်ရှိ အခြားအပစ်ရပ်အဖွဲ့များအား စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် က BGF အသွင်ပြောင်းရေး လိုက်လံပြီး လှုံဆော်ကြိမ်းမောင်းရေး လုပ်ခဲ့စဉ်က SSA – N ကိုယ်စားလှယ်အဖွဲ့ကို လားရှိုး တွင် ခေါ်ယူတွေ့ဆုံပြီး စကားပြောခဲ့သည်။ စကားပြောဆိုတာထက် (နအဖ) သဘောထားကို ခေါ်ပြောပြတာ ပိုမှန်ပေလိမ့်မည်။

စရဖ အရာရှိချုပ်နှင့် နောက်ဆုံးတွေ့ဆုံစဉ်က BGF အသွင်ပြောင်းရေးအတွက် ဧပြီ ၂၂ ရက် နောက်ဆုံးထား စာရင်းပေး ပို့ရန်၊ မပေးပို့ပါက ၂၈ ရက်နေ့ နောက်ပိုင်း မတရားအသင်း ဖြစ်သွားမည်” ဟု ဖိအားပေးပြောဆိုသွားခဲ့သည်။

(ဃ) ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် နအဖ စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ ( ၂၀၁၀ ဧပြီ ပထမအပါတ် အထိ )

၂၉ .၄. ၂၀၀၉ မှ စတင်ပြီး ယနေ့ ( ၁၄.၄.၁၀) ထိ UWSP အား နအဖက BGF တပ်ဖွဲ့အသွင်ပြောင်းရန် ဖိအားမျိုးစုံ ပေးလျှက်ရှိသည်။

UWSP ကလည်း BGF တပ်ဖွဲ့အသွင်ပြောင်းရန် နအဖ တိုက်တွန်းတောင်းဆိုစဉ်ကတည်းက မူဆိုင်ရာပြဿနာများကို စကားမပြောခဲ့။ လက်တွေ့နိုင်ငံရေးပြဿနာ လက္ခဏာဆောင်သော(နယ်မြေပြဿနာ၊ အုပ်ချုပ်ရေးပြဿနာ၊ တပ်ဖွဲ့စည်းရေး၊ စီပွားရေး၊ ဘဏ္ဍာရေး ပြဿနာများ — စသဖြင့်) အချက် (၉) ချက်ကို ၂၀၀၉ နိုဝင်ဘာ ၁၀ ရက်နေ့က တင်ပြ တောင်းဆိုပြီး တုန့်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် UWSP ဥက္ကဌ ပေါက်ယူချန်းနှင့် စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ တန့်ယန်း မြို့တွင် တွေ့ဆုံခဲ့စဉ်က UWSP ဘက်မှ တင်ပြချက် (၉) ချက်ကို နအဖဘက်မှ လက်မခံငြင်းပယ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။ (နအဖ)ဖက်က ငြင်းပယ်ရခြင်းအကြောင်းအရင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လူထုထောက်ခံထားသဖြင့် ပြန်ပြင်လို့မရနိုင်တော့ကြောင်း အကြောင်းပြခဲ့သည်။

UWSA နှင့် (နအဖ)တို့ ၂၆.၂ .၁၀ နေ့က တွေ့ဆုံစကားပြောပြီးနောက်ပိုင်း ၂.၃.၁၀ ရက်စွဲဖြင့် UWSA ဥက္ကဌက နအဖထံ စာရေးပြီး BGF အသွင်ပြောင်းရက် ထပ်မံတိုးမြှင့်ရန်နှင့် ယခင် တောင်းဆိုချက် (၉) ချက်ကို ပြန်လည်တင်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၆ တွေ့ဆုံဆွေးနွေးပွဲတွင် ဝ ဖက်မှ တင်ပြချက်ကို (နအဖ) က ငြင်းဆိုပြီးနောက် မတ်လဆန်း ပိုင်းမှစ၍ နှစ်ဘက် အခြေအနေတင်းမာမှု ပိုမိုမြင်တွေ့ရသည်။ UWSA အခြေစိုက် ပန်းဆန်း (ပန်ခမ်း) မြို့များတွင် လုံခြုံရေးတိုးမြှင့်ချထားခြင်း၊ ဝတပ်ဖွဲ့များကို တပ်လှန့်ထားခြင်းတွေအထိ ရှိလာခဲ့သည်။

တပြိုင်နက်တည်း ၀ နဲ့ထိစပ်နယ်မြေတလျှောက်တွင် နအဖ တပ်မ၊ တပ်ရင်းတွေ တိုးမြှင့်နေရာချတာမျိုးအထိ ရှိလာသည်။ UWSA အား BGF အသွင်ပြောင်းစေရေးအတွက် တရုတ်နိုင်ငံမှ တိုက်တွန်းပေးရန် တဖက်လှည့်ဖြင့် အကူအညီ တောင်းခံတာမျိုး ရှိသလို (နအဖ) အလိုကျ မဖြစ်ခဲ့လျှင် UWSA အား စစ်ရေးဖြင့် ဖိအားပေးရတော့မည် ဆိုတာ အသိပေး ခဲ့သည်။ ထိုလုပ်ဆောင်ချက်များနှင့် တပြိုင်နက် နအဖ သည် ဝ ဒေသရှိ ၎င်းတို့၏ ဝန်ထမ်းများ၊ NGOs, UN ဝန်ထမ်းများကိုလည်း ဝ ဒေသမှ အမြန်ဆုံး ဆုတ်ခွာရန် ညွှန်ကြားချက်များပေးခဲ့သည်။

အခြေအနေ တင်းမာမှုများ ဖြစ်နေစဉ်အတွင်း ၂၀၁၀ ဧပြီလ ၁ ၇က်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSA ဒုဥက္ကဌ ကျောက်ဝမ်ကွမ်းနှင့် တန့်ယန်းမြို့တွင် နောက်ထပ်တွေ့ဆုံခဲ့ကြသည်။ UWSA နှင့်( နအဖ)အကြားက ရှေ့မတိုးနောက် မဆုတ်ဖြစ်နေသည့် အပစ်ရပ်နိုင်ငံရေး အခြေအနေကို ကျော်လွှားရန် ကြိုးပမ်းချက်တခု တင်ပြဆွေးနွေးခဲ့သည်။ ထိုတင်ပြချမှာ ယခင် UWSA မှ တင်ပြထားသည့် အချက် (၉) ချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး အချက် (၈) ချက်ပါ တင်ပြတောင်းဆိုချက် အသစ်ကို ပြန်လည်တင်ပြထားသည်၊ ထိုတင်ပြချက်တွင် ယခင်တင်ပြချက်ကို ပြန်လည်မွမ်းမံထားတာ ဖြစ်သလို UWSA တပ်ဖွဲ့အတွင်း (နအဖ)စစ်အရာရှိများ ပါဝင်ဖွဲ့စည်းခွင့်ကိုလည်း ဖော်ပြထားသည်။

မည်သို့ဆိုစေကာမူ UWSA ၏ တင်ပြတောင်းဆိုချက်သည် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏ ဧပြီ ၁ ရက်နေ့ မိန့်မှာကြားချက်အောက်တွင် အသုံးမဝင်တော့ချေ။ ထိုမိန့်မှာချက်မှာ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံး အသွင်ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ရမည်။ နို့မို့ရင် ဧပြီ ၂၈ ရက်နေ့ရောက်ရင် မတရားအသင်းဖြစ်သွားမည်ဟု ပြောဆိုသွားတာဖြစ်သည်။ တကယ်တော့ ဤမိန့်မှာချက်သည် နအဖ၏ အပစ်ရပ်များအပေါ် ထားရှိသည့် ခိုင်မာသော သဘောထားလည်းဖြစ်သည်ဆိုတာ ထင်ရှားစေသည်။

(င) မိုင်းလား (NDAA) အပစ်ရပ်အဖွဲ့နှင့် (နအဖ) စစ်အစိုးရတို့၏ တွေ့ဆုံမှုအခြေအနေ ( ၂၀၁၀ ဧပြီ ပထမ အပါတ်အထိ)

မိုင်းလား (အမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့ – NDAA) အပစ်ရပ်အဖွဲ့အား ၂၀၀၉ ခုနှစ် ဧပြီလ နောက်ဆုံးရက်များ က BGF တပ်ဖွဲ့သို့ အသွင်ကူးပြောင်းရန် (နအဖ) က တိုက်တွန်းဖိအားပေးခြင်းခံရသည်။ ထို တိုက်တွန်းဖိအားပေးမှုကို မိုင်းလား အပစ်ရပ်အဖွဲ့က ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အကြောင်းပြန်ခဲ့သည်။ အကြောင်းပြန်ကြားချက်တွင် မိုင်းလားအပစ်ရပ်အဖွဲ့အနေဖြင့် နအဖတင်ပြသည့် (နိုင်ငံတခု၊ တပ်မတော်တခု) မူကို လက်ခံသည်။

၂၀၀၉ အောက်တိုဘာ ၂၈ ရက်နေ့က ကျိုင်းတုံတွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံစဉ်ကလည်း မိုင်းလား သဘောထားကို ထပ်မံပြောကြားခဲ့သည်။ BGF တပ်ရင်းများတွင် (နအဖ)စစ်တပ်အရာရှိများ ပါဝင်မှုနှင့် ဌာနဆိုင်ရာ အစားထိုးမှု အချိန်စောနေသေးကြောင်း၊ မိုင်းလားတပ်ဖွဲ့ကို မူလအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း မိုင်းလားသဘောထားကို ပြောပြခဲ့သည်၊

၂၀၀၉ နိုဝင်ဘာ ၆ ရက်နေ့ကလည်း တပ်အသွင်ပြောင်းလဲရေးနှင့် သက်ဆိုင်သည့် မိုင်းလား လိုလားချက် (၆) ချက် ကို အမှတ် (၂) ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ တင်ပြခဲ့သည်။ တင်ပြချက်များတွင် အသွင်ပြောင်းတပ်ဖွဲ့စည်းလျှင် နအဖတပ်မှူးများ မပါဝင်ရန်၊ နယ်မြေပြဿနာ၊ အုပ်ချုပ်ရေးပြဿနာများ၊ တပ်စည်းရုံးဖွဲ့စည်းရေးပြဿနာများကို ဖော်ပြထားသည်။

၂၀၁၀ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မိုင်းလားအပစ်ရပ်အဖွဲ့မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် တြိဂံတိုင်းတိုင်းမှူးတို့ ကျိုင်းတုံတွင် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံစကားပြောပွဲတွင် မိုင်းလားဥက္ကဌ ဦးစိုင်းလင်းကိုယ်တိုင် မလာသဖြင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ထွက်မတွေ့ဘဲ တိုင်းမှူးကို ထွက်တွေ့စေသည်ဟု သတင်းများ တွင်ဖော်ပြထားသည်။ (နအဖ)က BGF အသွင်ပြောင်းရန် ဆက်လက်တိုက်တွန်းသလို ဆွေးနွေးပွဲအပြီး မိုင်းလားအဖွဲ့ကလည်း ယခင်တောင်းဆိုချက်များအတိုင်း ဆက်လက်တောင်းဆိုသည့်စာ (နအဖ) ထံ ပေးပို့ခဲ့သည်။

မိုင်းလားအပစ်ရပ်အဖွဲ့၏ သဘောထားများ တုန့်ပြန်ပြီးနောက် (နအဖ) ဘက်မှ တပ်ဖွဲ့များ တိုးမြှင့်ချထားသည်။ မိုင်းလားဒေသတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် UN အဖွဲ့များနှင့် NGOs အဖွဲ့များကို မိုင်းလားဒေသမှ ဆုတ်ခွာရန် သတိပေး အကြောင်းကြားခဲ့သည်။ မိုင်းလားဒေသတွင်း တည်ငြိမ်မှုမရှိ ဖြစ်စေခဲ့သည်။

မတ်လ အတွင်းက မိုင်းလားဒေသအခြေအနေမှာ တင်းမာမှုရှိနေဆဲဖြစ်သည်။ သို့သော် မတ်လ၂၉ ရက်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် က မိုင်းလား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ကျိုင်းတုံတွင် ခေါ်တွေ့ပြီး (နအဖ)သဘောထားကို ပြောပြခဲ့သည်။ (နအဖ)သဘောထားတွင် BGF အသွင်ကူးပြောင်းရန် နောက်ဆုံးရက် (ဧပြီ ၂၈ အထိ) သတ်မှတ်ပေးထားသည်။ ထိုရက်ထက်ကျော်လွန်ပါက ၁၉၈၉ ခုနှစ် အပစ်အခတ်မရပ်စဲခင်က အခြေအနေ (တရားမဝင်အဖွဲ့အစည်း) အတိုင်း သတ်မှတ်မည်ဟု တဖက်သတ်ကျကျ ပြောဆိုသွားသည်။ မိုင်လားတင်ပြချက်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကိုက်ညီ ခြင်းမရှိသည့်အတွက် အကြုံးမဝင်ဟု တုန့်ပြန်ပြောဆိုသွားသည်။

မိုင်လားအဖွဲ့ကို BGF အသွင်ကူးပြောင်းရန် နောက်ဆုံးရက်သတ်မှတ်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ပါဆိုလျှင် (၅) ကြိမ် ရှိခဲ့ပါပြီ။ အခြားနောက်ဆုံးသတ်မှတ်ရက်များမှာ ပထမအကြိမ် – အောက်တိုဘာ ၂၀၀၉၊ ဒုတိယအကြိမ် – ဒီဇင်ဘာ ၂၀၀၉၊ တတိယအကြိမ် – ဖေဖေါ်ဝါရီ ၂၀၁၀၊ စတုတ္ထအကြိမ် – မတ် ၁၀ ရက်နေ့မျုားဖြစ်သည်။

(နအဖ) အတွက် ၂၀၁၀ နိုင်ငံရေးလိုအပ်ချက် ပြီးမြောက်ဖို့ ရှိသမျှ အား (တရားသည်ဖြစ်စေ/ မတရားသည်ဖြစ်စေ) သွန်မှောက်ပြီး လုံးပမ်းနေရသည်။ ထိုအခြေအနေမှာပဲ အပစ်ရပ်အဖွဲ့များအား BGF အသွင်ကူးပြောင်းရေး နောက်ဆုံးရက် သတ်မှတ်ပေးနေရတာဖြစ်သည်။ ထိုအချက်ကိုတော့ အပစ်ရပ်အဖွဲ့များ အထူးသတိပြုမိကြပေလိမ့်မည်။

မည်သို့ဆိုစေကာမူ (နအဖ) နိုင်ငံရေးလိုအပ်ချက် ပြီးမြောက်ရေးလုပ်ဆောင်ချက်က နဂိုတည်ရှိနေသော အပစ်ရပ်နိုင်ငံရေး အခြေအနေကိုတော့ ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်စေခဲ့သည်။

အကြပ်အတည်းဆိုက်နေသည့် အပစ်ရပ်နိုင်ငံရေး အခြေအနေ

နအဖ စစ်အစိုးရသည် ၂၀၁၀ နိုင်ငံရေးအခင်းအကျင်းကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ အရေးကြီး နိုင်ငံရေးပြဿ နာ၂ ခုကို ( ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် ပြဿနာနှင့် အပစ်ရပ်နိုင်ငံရေးပြဿနာ) ကို ကိုင်တွယ်ဖြေရှင်းနေရပြီ။

၉၀ ခုနှစ် ရွေး ကောက်ပွဲရလဒ် ပြဿနာကိုတော့ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေထုတ်ပြန်ပြီး မျက်နှာပြောင်တိုက် ဖြေရှင်းလိုက်သည်။ လူထုဆန္ဒတွေကို စာတကြောင်း၊ နှစ်ကြောင်းရေးပြီး နင်းချေပြလိုက်သည်။ လက်ရဲဇက်ရဲလုပ်ရတာကလဲ လူထုထံမှ လက်တုန့်ပြန်နိုင်မှု အင်အား ဘာမှမရှိသေးဘူး ဆိုတာ သိနေလို့ဖြစ်သည်။ သို့သော် ဒီဖြေရှင်းနည်း၏ နောက်ဆက်တွဲ ဂယက်က ဘယ်အတိုင်းအတာထိ ကြီးမားကျယ်ပြန့်မည်ဆိုတာတော့ နအဖ မမြင်နိုင်ပါ။

အပစ်ရပ် နိုင်ငံရေးပြဿနာမှာတော့ ဥပဒေတရပ် ထုတ်ပြန်ပြီး ဖြေရှင်းရုံနှင့်မရဘူးဆိုတာ နအဖသိသည်။ အပစ်ရပ်အဖွဲ့ များ၏ လက်ထဲတွင် ကိုင်ထားသည့်အရာသည် ဒုတ်တိုများ မဟုတ်ဘူးဆိုတာကိုလည်း ကောင်းကောင်းသိသည်။ နိုင်ငံရေးအရလှည့်စားဖို့၊ (ပြောင်လိမ်၊ ပြောင်စား ဖဲ ၃ ချပ်သမားလို လုပ်တတ်ဖို့ ) အချိန်ကာလအချို့ လိုလိမ့်ဦးမည်။

ထိုအကြောင်းအချက်များကြောင့် (နအဖ)သည် အပစ်ရပ်ပြဿနာကို အချိန်ယူဆောင်ရွက်နေရခြင်းဖြစ်သည်။ ပြဿနာ လွယ်ကူစွာမပြီးပြတ်လို့ အချိန်ယူ လုပ်ဆောင်နေရခြင်းဖြစ်သည်။ ဒါကို နိုင်ငံရေးအရ လိုအပ်လာရင် – နိုင်ငံတော်က တိုင်းရင်းသားများအပေါ် ဘယ်လို သဘောထားကြီးကြောင်း အသံကောင်းဟစ်ဖို့ လုပ်ကွက်တခု ဖြစ်လာနိုင်သေးသည်။

ရွေးကောက်ပွဲနှင့် ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ထုတ်ပြန်ပြီးနောက်၊ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်မှာမဟုတ်ကြောင်း မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက်ထုတ်ပြန်ပြီးနောက် (နအဖ)သည် ၂၀၁၀ နိုင်ငံရေး လိုအပ်ချက် အောင်မြင်ရေးအတွက် အာသီသ ပိုမိုပြင်းပြလာသည်။ သို့သော် အပစ်ရပ်ပြဿနာကလည်း မြွေမသေ၊ ဒုတ်မကျိုး ဖြစ်နေသေးသည်။ ဒီအခြေအနေက နအဖကို စိတ်မရှည်နိုင်အောင် ထိုးဆွပေးလိုက်သည်။ ဒါ့ကြောင့် မတ်လကုန် ရက်ပိုင်းလောက်နှင့် ဧပြီ ပထမပတ်အတွင်းက ဗိုလ်ချုပ်ရဲမြင့်သည် အပစ်ရပ်အဖွဲ့အစည်းများထံ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် BGF လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များအား နအဖ၏ သဘောထားအမှန်၊ နောက်ဆုံး ရာဇသံကို လိုက်လံအသိပေးသည့် ခရီးစဉ်တခုဟုဆိုလျှင် ပိုမှန်ကန် ပေလိမ့်မည်။

နှစ် ၂၀ အတွင်း န၀တ – နအဖ တို့၏ နိုင်ငံရေးလိုအပ်ချက် အပြောင်းလဲများ

တကယ်တော့ ဗမာပြည်နိုင်ငံရေးတွင် အပစ်ရပ်နိုင်ငံရေး အသွင်အပြင်တရပ် ပေါ်ပေါက်လာခဲ့ရခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရာမှ ထွက်ပေါ်လာသော ရလဒ်မဟုတ်ချေ။

၁၉၈၈ ခုနှစ် လူထုတိုက်ပွဲဖြင့် မဆလ တပါတီအာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့သည်။ သို့သော် လူထုသည် အာဏာကို အရမယူလိုက်နိုင်ခဲ့ပါ။ တိုင်းပြည်၏ အကြွင်းမဲ့အာဏာကို စစ်တပ်က သိမ်းပိုက်လိုက်ပြီး န၀တ စစ်အစိုးရ မင်းမူလာခဲ့သည်။ အာဏာသိမ်း န၀တ စစ်အစိုးရတွင် (၁၉၈၉ ခုနှစ်တွင်) နိုင်ငံရေးလိုအပ်ချက်များ ရှိလာသည်။ ထိုနိုင်ငံရေးလိုအပ်ချက်အရ အပစ်ရပ် နိုင်ငံရေးဆိုတာ ပေါ်ပေါက်လာခဲ့ရသည်။ (န၀တ နိုင်ငံရေးလိုအပ်ချက်ကို အထောက်အကူဖြစ် စေရန်အတွက်ဖြစ်သည်)

ထိုစဉ်က န၀တ စစ်အစိုးရ၏ နိုင်ငံရေးလိုအပ်ချက်များမှာ -

* ၎င်း၏ ဦးတည်ရန်သူဖြစ်သည့် ဗကပ ကို ချေမှုန်းရန်၊
* တရုတ်ပြည်နယ်စပ်က လက်နက်ကိုင်အင်အားစုများနှင့် ရှစ်လေးလုံးမျိုးဆက်သစ် လက်နက်ကိုင်အင်အားစုတို့ ဆက်စပ်မှုမရှိအောင်လုပ်ရန် (ဗမာပြည်ပြည်မ နိုင်ငံရေးရေစီးကြောင်းနှင့် လူမျိုးစု လက်နက်ကိုင်အင်အားတို့ မနီးစပ်ရန်) ၊
* အိမ်နီးနားခြင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် စသည်တို့ဖြစ်သည်။

န၀တ မှ နအဖ တဖြစ်လဲ စစ်အစိုးရ၏ နှစ် ၂၀ အကြာ (၂၀၀၉ -၁၀) နိုင်ငံရေးလိုအပ်ချက်သည်အတိုင်း (၁၉၈၉) အတိုင်း မဟုတ်တော့။ အပြောင်းလဲရှိလာသည်။ ၎င်းတို့မှာ -

* NLD ကိုချေမှုန်းပြီး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ရန်၊
* ရှစ်လေးလုံး မျိုးဆက် နိုင်ငံရေးအင်အားစု (ပြည်တွင်း၊ ပြည်ပ) များအား နိုင်ငံရေးအရ ဦးချိုးပစ်ရန်။ အညံ့ခံလာစေရန်၊
* စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ၂၀၀၈ ဖွဲ့စည်းပုံကိုရေးဆွဲ၊ အတည်ပြု၊ အသက်သွင်းရန်၊
* နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် (အထူးသဖြင့် အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်လာစေရန်) စသည်တို့ဖြစ်သည်။

နအဖ၏ နိုင်ငံရေးလိုအပ်ချက်နှင့် အပစ်ရပ်နိုင်ငံရေးတို့၏ ထိပ်တိုက်တွေ့နေမှုများ

အပစ်ရပ်အဖွဲ့အစည်းများ ဖျက်သိမ်းရေးပေါ်လစီတခုဖြစ်သည့် BGF အသွင်ပြောင်းရေး မူကို လက်မခံနိုင်သည့် အဖွဲ့ကရော၊ မူကို လက်ခံသည့်အဖွဲ့များကပါ မိမိတို့ အမျိုးသားရေးဆိုင်ရာ အခွင့်ရေးများကို ဖော်ထုတ်က သီးခြားလိုလားချက်များ ဖော်ထုတ်၊ တောင်းဆိုလာကြသည်။ ဤသို့ဖြင့် မိမိတို့အဖွဲ့အစည်းများ ရှင်သန်တည်တန့် ခိုင်မြဲရေးကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ရုန်းကန်နေကြသည်။

BGF မူကို လက်ခံသည့်/ လက်မခံနိုင်သေးသည့်အဖွဲ့အစည်းတိုင်း၏ သီးခြားလိုလားချက်များ တောင်းဆိုရာတွင် တူညီသည့်အချက်များကို တွေ့ရသည်။ ထိုအချက်များမှာ -

* မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို BGF သို့မဟုတ် HGF သို့မဟုတ် ဌာနေပြည်သူ့စစ်အဖွဲ့သို့ လုံးဝ မပြောင်းလဲလိုခြင်း။ (မိမိတပ်ဖွဲ့အတွင်းသို့ နအဖ တပ်မှူးများ ပါဝင်ဖွဲ့စည်းခြင်းကို ငြင်းပယ်ကြခြင်း)
* ရရှိပြီးသား အပစ်ရပ်စဲထားသည့် နိုင်ငံရေးအခြေအနေကို အပျက်စီးမခံလိုခြင်း။
* ပြဿနာများကို စစ်ပွဲဖြင့် မဖြေရှင်းလိုခြင်း။ ငြိမ်းချမ်းစွာဖြေရှင်းလိုခြင်း။
* ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို မတူသည့် ပုံသဏ္ဍာန်များဖြင့် ငြင်းပယ်နေခြင်း။
* မိမိတို့အခြေစိုက်ရာ နယ်မြေများဒေသကို မိမိတို့၏ အုပ်ချုပ်ရေးလက်အောက်တွင်ထားရှိလိုခြင်း စသည့် အချက်များဖြစ်သည်။

ထိုအပစ်ရပ်အဖွဲ့များ၏ သီးခြားလိုလားချက်များကို လေ့လာကြည့်လျှင် မိမိတို့နှင့်ဆိုင်သည့် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေး အခွင့်အရေးများကို လက်တွေ့ကျကျ ဖော်ထုတ်၊ တောင်းဆိုထားတာ တွေ့ရှိရသည်။ လက်တွေ့နိုင်ငံရေးပြဿနာလည်း ဖြစ်နေပြန်သဖြင့် (နအဖ) အနေနဲ့ ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေရခြင်း ဖြစ်သည်။

နအဖသည် အပစ်ရပ်အဖွဲ့အစည်းများအပေါ် BGF အသွင်ပြောင်းရေး ပေါ်လစီ ချမှတ်ပြီးကတည်းက တနှစ်အတွင်း အကြိမ်များစွာ (၁၀ ကြိမ်မက) တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတိုင်းတွင် အဖွဲ့အစည်းအသီးသီး၏ တင်ပြချက်၊ တောင်းဆိုချက်များကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။ BGF အသွင်ပြောင်းရေးကိုသာ တဖက်သတ် ဖိအားပေးခဲ့သည်။ အပစ်ရပ်အဖွဲ့များ၏ ထပ်မံတင်ပြချက်များကိုလည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေနှင့် မကိုက်ညီသောကြောင့်ဟုဆိုကာ တဖက်သတ် ပယ်ချလေ့ရှိသည်။

ဆွေးနွေးပွဲရလဒ်တိုင်းက နအဖ၏ နိုင်ငံရေးလိုအပ်ချက်ကို အားရကျေနပ်မှုမဖြစ်စေခဲ့ပါ။ နအဖသည် ထိုအခြေအနေအပေါ် စိတ်ရှည်မှု ကုန်ခမ်းသွားပုံရသည်။ ဖော်ပြချက်အဖြစ် တွေ့လိုက်ရသည်မှာ ဧပြီလဆန်းပိုင်းက ဗိုလ်ရဲမြင့်၏ အပစ်ရပ်အဖွဲ့များထံ သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သည်။ ထိုခရီးစဉ်က အပစ်ရပ်နိုင်ငံရေး အဆုံးသတ်မည့်ရက်ကို၊ ကန့်သတ်ရက်, ရက်ချိန်းပေးခြင်းဖြစ်သည်။ မလိုက်နာပါက တရားမ၀င်အဖွဲ့အဖြစ် သတ်မှတ်မှာဖြစ်ကြောင်း သွယ်ဝိုက်မနေ၊ ဒဲဒိုးကြီး ပြောဆိုခဲ့သည်။

နအဖသည် ၎င်း၏ (၂၀၀၉ – ၁၀) နိုင်ငံရေးလိုအပ်ချက် အောင်မြင်ပြီးမြောက်ရန် တခါက ငြမ်းအဖြစ် အသုံးချခဲ့သည့် အပစ်ရပ် နိုင်ငံရေးအခြေအနေကို ဖယ်ရှားရတော့မည်။ ထိုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လှံအဖြစ်၊ ဒိုင်းအဖြစ် အသုံးချလာရတော့သည်။ အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးအခြေအနေသည်လည်း နဝတ နိုင်ငံရေးလိုအပ်ချက်အရ ပေါ် ပေါက်လာခဲ့ရသလို၊ နအဖ နိုင်ငံရေးလိုအပ်ချက်အရ ပျောက်ကွယ်ရတော့မည့် ကိန်းဆိုက်နေသည်။

ဗမာပြည်နိုင်ငံရေးလောကတွင် အနှစ်၂၀ ကျော်/နီးပါး တည်ရှိခဲ့ကြသော အပစ်ရပ်နိုင်ငံရေးအခြေအနေသည် သေရေးရှင်ရေး အကြပ်တည်းကြီးတခုနှင့် ရင်ဆိုင်နေရပြီ။ ထိုအကြပ်အတည်းသည် နအဖ၏ နိုင်ငံရေးလိုအပ်ချက်မှ ပေါ်ပေါက်လာရ တာဖြစ်သည်။ ထိုအကြပ်အတည်းသည် တနေ့ထက်တနေ့ ပိုမိုကြီးထွားလာနေပြီ။

နအဖ၏ BGF အသွင်အပြောင်းရေးကို အပစ်ရပ်အဖွဲ့များက ဆက်လက်ငြင်းပယ်မြဲ ငြင်းပယ်နေမည် ။ ထိုအခါ နအဖသည် အပစ်ရပ်အဖွဲ့များအား တရားမဝင်အဖွဲ့အစည်းများအဖြစ် သတ်မှတ်လိုက်မည်။ ထိုအခါ အပစ်ရပ်နိုင်ငံရေး၏ ဇာတ်ဝင်ခန်း အဆုံးသတ်သွားပြီ ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ နောက်ဆက်တွဲ အကျိုးဆက်များကတော့ ပြည်တွင်းစစ် ဆက်လက် တောင်လောင်နေသော ဗမာပြည်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပိုင်ဆိုင်ထားသည့် ဗမာပြည်၊ ဂီလာနတိုင်းပြည် ဗမာပြည် ….. စသည့် ဂုဏ်ပုဒ်များဖြင့် ကျော်မကောင်းကြားမကောင်း တိုင်းပြည် ဖြစ်လာလိမ့်အုံးမည်။

မည်သို့ပင်ဖြစ်စေကာမှု အပစ်ရပ်နိုင်ငံရေးပြဿနာ၏ အကြပ်အတည်းကို ဖန်တီးခဲ့သော၊ ဖန်တီးနေသော နအဖ စစ်အစိုးရက ပြဿနာကို ဘယ်လိုသဘောထားနှင့် ဖြေရှင်းသွားမလဲ။ အပစ်ရပ်နိုင်ငံရေးကို နအဖ စစ်အုပ်စု မည်သို့ အဆုံးသတ်နှင့် ပွဲသိမ်းစေမလဲ ဆိုတဲ့ မေးခွန်းများ၏ အဖြေကိုတော့ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများကတော့ ပွဲကြည့်ပရိတ်သတ်လို မျက်ခြေမပြတ် စောင့်ကြည့်နေကြပေတော့မည်။ အကြောင်းမှာ ဗမာပြည်၏ မျက်မှောက်နိုင်ငံရေး အခင်းအကျင်းများတွင် အရေးကြီးပြဿနာတခုအဖြစ် တွေးဆနေသောကြောင့်ဖြစ်သည်။

နအဖ ပြော,ပြောနေသော ငြိမ်းချမ်းရေးအဖွဲ့များသည် အခုတလော နအဖ၏ နိုင်ငံရေးလိုအပ်ချက်ကြောင့် ငြိမ်သက်မှု မရှိနိုင်တော့။ လှုပ်ခတ်နေရပြီ။

အပစ်ရပ်နိုင်ငံရေး၏ ခရီးရှည်ချီတက်ပွဲ ဆုံးခန်းတိုင်ထိ ရောက်နိုင်ကြပါမလား။

x x x x x

ရဲဘော်ထွန်းဦး

၁၈ ဧပြီ ၂၀၁၀

No comments:

Post a Comment