Friday, April 23, 2010

http://padaukmyay.blogspot.com/2010/02/blog-post.html ဒီလင့်လေးမှကူယူရရှိပါသည်။
အောင်စွမ်း

(၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ထုတ် Northern Star ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဗကပ မြေအောက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ တစ်ဦးအကြောင်း သိမှတ်ဖွယ်ဖြစ်လို့မျှဝေပေးလိုက်ပါတယ်။ မဆွေဆွေစောင့်နေသူဟာ ဘယ်သူလဲဆိုတာ သိသူများရှိရင်ပြောပေးစေချင်ပါတယ်။ )

ဆန့်ကျင်ဘက်၏သမီးပျို

သူမကို ဗကပ ဗဟိုကော်မတီ ဥက္ကဋ္ဌ သခင်ဇင် (တောတွင်းကျဆုံး) ၏ ဇနီး ဒေါ်ကြည်ကြည် အိမ်၌ စတင်တွေ့ရှိ ရခြင်း ဖြစ်သည်။ တရုတ်လူမျိုး ဖခင်နှင့် ပိုးကရင်လူမျိုး မိခင်တို့က မွေးဖွားလာသူ ဖြစ်သောကြောင့်ထင့်။ မျက်နှာကျမှာ ဂန္ဓာလရာဇ် ဆန်သည်။ မျက်လုံးများက ကြည်လင်သည်။ အသားအရေက ဖြူစင်သည်။ ကလေးတစ်ယောက် အမေ ဖြစ်သော်လည်း အရွယ် ရလာသည့်တိုင် မို့မို့ဆူဆူ၊ ဖြူဖြူဖြိုးဖြိုး ရှိနေဆဲ။ ဆံပင်မှ ခြေဖျားအထိ သူမမှာ ရှိသမျှ ဣတ္ထိယ ကောက်ကြောင်းတွေနဲ့ ကျားဆိုးတစ်ကောင်ကို ခါးကျိုးအောင် လုပ်ပစ်နိုင်တဲ့ အစွမ်းအစတွေ ပိုင်ဆိုင်နေဆဲ။ ခင်မင်ရင်းနှီးမှု ရှိလာ၍ စကားစမြည် ပြောကြည့်သည့်အခါ လူပုံက ကဗျာဆန် သော်လည်း စကားပြောက ကဗျာမဆန်။ ဖြစ်နိုင်ခြေကိုသာ ပြောသည်။ ရုပ်ရည်က ချောမောသော်လည်း စိတ်ဓာတ်က မပျော့ပျောင်း။ လှုပ်ရှားမှုက မနွဲ့နှောင်း။ ဆန့်ကျင်ဘက်၏ သမီးပျို တစ်ယောက် ဖြစ်ပေလိမ့်မည်။

ဗကပအရိပ်အောက် ရောက်ရှိသွားသူ

ခင်မင်းရင်းနှီးမှု သက်တမ်းကြာမြင့် လာသည့်အခါ သူ့ဘဝအကြောင်း တစ်စွန်းတစ်စ သိလိုက်ရသည်။ သူမ၏ အမည်မှာ မမိုး(ခ) မခိုင်(ခ) မဆွေဆွေ ဖြစ်သည်။ ခင်ပွန်းဖြစ်သူမှာ ဗကပ အလယ်ပိုင်းဗဟိုမှ နိုင်ငံရေး ဌာနမှူး တစ်ဦး ဖြစ်သည်။ အတန်းပညာ ဆဋ္ဌမတန်းအထိ ပညာ သင်ကြားဖူးသည်။ တရုတ်စာကို မတတ်သော်လည်း မြန်မာစာကိုမူ ကောင်းမွန်စွာ ရေးတတ်၊ ပြောတတ်၊ ဖတ်တတ်သည်။ မဆွေဆွေ ငယ်စဉ်ကာလက မိဘများနှင့် အတူ မြစ်ဝကျွန်းပေါ် ဒေသတွင် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် မဆွေဆွေ သိတတ်စ အရွယ်တွင် ပဲခူးတိုင်း ညောင်လေးပင် မြို့နယ်ဘက်သို့ ပြောင်းရွှေ့ လာကြသည်။ ညောင်လေးပင် မြို့နယ်နှင့် တစ်မိုင်ခန့်အကွာ တူးချောင်း ကျေးရွာတွင် အခြေချ နေထိုင်ခဲ့ကြသည်။ တူးချောင်းကျေးရွာသည် ညောင်လေးပင်မှ မဒေါက်သို့ သွားသော မီးရထား သံလမ်းဘေးတွင် တည်ရှိသော ရွာ ဖြစ်သည်။ ထိုရွာတွင် မဆွေဆွေတို့ မိသားစု (၁၀)စုနှစ် တစ်စု နီးပါးမျှ ပျှော်ရွှင်စွာ နေထိုင်ခဲ့သည်။ စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သဖြင့် အတန်ငယ် ချောင်လည်ခဲ့သည်။ နောက်ပိုင်းတွင် မဆွေဆွေ အရွယ် မရောက်မီမှာပင် ဖခင်ဖြစ်သူ ဆုံးပါးသွားသည်။ အမေတစ်ခု၊ သမီးတစ်ခု ဘဝဖြင့် လောကအလယ်တွင် ရဲဝံ့စွာ ရပ်တည်ခဲ့ကြ သော်လည်း အိမ်ထောင်ဦးစီး မရှိသဖြင့် လစ်ဟာကုန်သည်။ စီးပွား ကျဆင်းလာသည်။ မိခင်ဖြစ်သူမှာ အရွယ်ရှိသေးသဖြင့် မြန်မာ မိန်းကလေးများ ထုံးစံအတိုင်း အားကိုးအားထား ရှာလိုက်သည်။ ဒီတစ်ခါ အမေရှာလိုက်သော အားကိုး အားထားသည် ဗကပ ညောင်လေးပင်မြို့နယ် ကော်မတီဝင် ဖြစ်နေသည်။ သို့ဖြစ်၍ မဆွေဆွေ၏ မိခင်မှာလည်း ဗကပ အနွယ်ဝင် ဖြစ်လာသည်။ မဆွေဆွေလည်း ဗကပ၏ လောင်းရိပ်အောက် ရောက်ရှိသွားသည်။ ပဲခူးရိုးမရှိ ဗကပ ဌာနချုပ်၏ ဆေးတပ်သား ရဲဘော် ဖြစ်လာသည်။

အင်းစိန်တောရသို့

တပ်မတော်၏ အောင်စိုးမိုး စစ်ဆင်ရေး ကာလတွင် ဗကပဗဟို တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ မဆွေဆွေတို့ ဆေးတပ်လည်း ချေမှုန်းခံခဲ့ရသည်။ တပ်မတော်၏ ထိုစစ်ဆင်ရေးကြောင့် ဗကပတို့ အထိနာခံရသည်။ ဗဟိုကော်မတီဝင် ဗိုလ်ဇေယျ အပါအဝင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ အမာခံ ရဲဘော်များ ကျဆုံးခဲ့ရသည်။ မဆွေဆွေလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပ်မတော် စစ်ကြောင်း၏ ပိတ်ဆို့ခြင်း ခံရပြီး နောက်ပိုင်းတွင် အဖမ်းခံလိုက်ရသည်။ ရန်ကုန် အင်းစိန် အမျိုးသမီး အကျဉ်းထောင်တွင် ထောင်ဒဏ် (၂)နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ မိခင်၏ နောက်အိမ်ထောင်မှာလည်း ဗကပတို့၏ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်အောက်တွင် နာကျည်း ကြေကွဲဖွယ်ရာ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ဤတွင် မဆွေဆွေ၏ မိခင်သည် သွေးခင်းသော နိုင်ငံရေးကို စိတ်ကုန်သွားသည်။ ပါတီအပေါ် စိတ်နာသွားသည်။ မူလနေထိုင်ရာ တူးချောင်း ကျေးရွာသို့ ပြန်လည် ရောက်ရှိ အခြေချ နေထိုင်သွားခဲ့သည်။

လက်နက်ကိုင်ကြိုးဝိုင်းအတွင်း

ထောင်မှ ထွက်လာသောအခါ မဆွေဆွေအား ဗကပ ဥက္ကဋ္ဌ သခင်ဇင် (တောတွင်းကျဆုံး)၏ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်က လာရောက် ကြိုဆိုသည်။ ၎င်း၏နေအိမ်သို့ ခေါ်လာပြီး စောင့်ရှောက်ပေးခဲ့သည်။ အကာအကွယ်လည်း ပေးခဲ့သည်။ တော်လှန်ရေး မျိုးဆက် အဖြစ်လည်း ပြုစုပျိုးထောင် ပေးလိုက်သည်။ နောက်ပိုင်းတွင် ပေမီဒေါက်မီ ဖြစ်လာသည့်အခါ မဆွေဆွေတစ်ယောက် တောတွင်း လက်နက်ကိုင် ကြိုးဝိုင်းအတွင်းသို့ ပြန်လည် ရောက်ရှိသွားသည်။ ဗကပ အလယ်ဗဟို ဌာနခွဲသို့ ၁၉၈၀ ပြည့်နှစ် တစ်ဝိုက်တွင် ပါဝင် လှုပ်ရှားခဲ့သည်။ အလယ်ပိုင်း ဗဟိုဌာနခွဲ ကြေးနန်း ဆက်သွယ်ရေး ဌာနတွင် ဝှက်စာကိုင်သော ဝန်ထမ်းအဖြစ် တာဝန်ယူခဲ့သည်။

သိင်္ဂါရလမင်းကိုတွေ့ရှိသွားသည့် မဆွေဆွေ

၁၉၈၀ ပြည့်နှစ်အကျော် ကာလများ ဖြစ်သည်။ တပ်မတော်၏ ထိုးစစ်များမှာလည်း စိတ်လာသည်။ တပ်မ၊ တပ်ရင်း တပ်ဖွဲ့များနှင့် ပိတ်ဆို့ထားသည်။ ပြည်သူ့စစ်များနှင့် ပူပေါင်းပြီး ဖြတ်(၄)ဖြတ် ဆင်နွှဲလာသည်။ ဗကပ၏ အလယ်ပိုင်း ဗဟိုဌာနခွဲသည် ကောင်းစွာ အခြေချ ရပ်တည်ဖို့ ခဲယဉ်းလာသည်။ ရွေ့လျား ပြောင်းလဲနေရသည်။ ဤတွင် မဆွေဆွေ တစ်ယောက် လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲနေသူ ဖြစ်သော်ငြား မိန်းမသားစိတ်က ငုပ်လျှိုးနေရာမှ အနေနီးလာသောအခါ မဆွေဆွေ၏ နံ့သာပြယ်တဲ့ မျက်နှာကို နိုင်ငံရေး ဌာနမှူးရဲ့ ကဗျာ ရှယ်ဖွဲ့ခြင်း ခံလိုက်ရသည်။ ဤတွင် မဆွေဆွေ ရင်တွင်း နှစ်ပေါင်းများစွာ ခိုအောင်းနေသော စိမ်းနုပျိုမြစ်၊ သန့်ရှင်းပဝင်း၊ သိင်္ဂါရ လမင်းသည် ဘွားကနဲ ပေါ်ထွက်လာသည်။ မဆွေဆွေတစ်ယောက် တာရှည် တောင့်မခံနိုင်တော့။ ဟန်လည်း မလုပ်မိတော့။ ခေါင်းငြိမ့်မိလိုက်သည်။ အိမ်ယာ ထူထောင်ရန် ပါတီဗဟိုသို့ တင်ပြလိုက်သည်။ ပန်ဆန်းဗဟိုသို့ ရောက်ရှိနေသော အလယ်ပိုင်း ဗဟို ပ/နိုင်ငံရေးမှူး ရဲဘော် ခင်မောင်ကြီး၊ ဒု/နိုင်ငံရေးမှူး ရဲဘော် မြမင်းတို့အားလည်း အသိပေးလိုက်သည်။ ပါတီ၏ သဘောတူညီမှုဖြင့် ၁၉၈၂ ခုနှစ် နှစ်လယ်ပိုင်း လောက်တွင် သက်ဆိုင်ရာ ပါတီလူကြီးများ၏ ရှေ့မှောက်၌ မဆွေဆွေတို့ လက်မှတ်ရေးထိုး ခဲ့ကြသည်။

ပတ္တမြားနှုတ်ငုံကိစ္စ

၁၉၈၃ ခုနှစ်သို့ ကူးပြောင်းရောက်ရှိ သွားသောအခါ မဆွေဆွေတွင် ပတ္တမြားနှုတ်ငုံ ရရှိလာသည်။ တစ်နေ့တခြား ရင့်မာ လာသည်။ အလယ်ပိုင်း ဗဟိုရုံးသည် တပ်မတော် စစ်ကြောင်းမှ လွတ်ရန် ကြံဖန်ပြေးလွှား ပုန်းခိုနေရသည်။ ကိုယ်ဝန် အရင့်အမာနှင့် မဆွေဆွေ အခက်အခဲ ဖြစ်လာသည်။ ကျေးရွာများကလည်း လက်မခံရဲ။ မဆွေဆွေမှာ ရှမ်းစကား မပြောတတ်သဖြင့် မည်သူမျှ တာဝန်မယူရဲ။ မန္တလေး ဆေးကျောင်းမှ တောခိုလာသော ရဲဘော် ကျော်ဝင်းအား တိုင်ပင်ကြည့်ရာ ရဲဘော်ကျော်ဝင်းက မဆွေဆွေမှာ အသက်ကလည်း (၃၀) ကျော်ပြန်၊ သားဦးကလည်း ဖြစ်ပြန်သဖြင့် မြို့တက်မီးဖွားပါမှ အသင့်တော်ဆုံး ဖြစ်မည်ထင်ကြောင်း အကြံပြုသည်။ ဆေးမှူးဖြစ်သူ ရဲဘော်ထွန်းကြည် (ခ) လောက်တွဲ ကလည်း အလားတူပင် အကြံပြုစကား ပြောကြားခဲ့သည်။ နောက်ဆုံးတွင် မဆွေဆွေ၏ ပတ္တမြားနှုတ်ငုံကိစ္စကို ဒု/နိုင်ငံရေးမှူး ဦးမြမင်းထံ တင်ပြလိုက်သည်။ ဦးမြမင်း ကလည်း ဆေးမှူးနှင့် ရဲဘော်ကျော်ဝင်း တို့၏ သဘောထား မှတ်ချက်အတိုင်း လမ်းညွှန်မှု ပြုခဲ့သည်။ သို့ဖြစ်၍ မဆွေဆွေအား မြို့တက်၍ မီးဖွားရန် နားချရသည်။ ကျိုးကြောင်း ရှင်းလင်း ပြောကြားရသည်။ မဆွေဆွေ သဘောထားကမူ ယောက်ျားနှင့်လည်း မခွဲလို၊ ပါတီနှင့်လည်း မကင်းကွာလို။ နားချ၍ မရတော့သည့် အဆုံးတွင် ပါတီ၏ ဆုံးဖြတ်ချက်ဟူသော ဆိုင်းဘုတ်တပ်ကာ မြို့ပို့ရတော့သည်။ မဆွေဆွေ မျက်ရည်စက်လက်ဖြင့် လိုက်ပါ သွားခဲ့ရသည်။ အားလုံး စိတ်မကောင်းကြ။

ဒုတိယအကြိမ်မြောက်

မဆွေဆွေမှာ သားဦး ယောကျာ်းလေး ဖွားမြင်ခဲ့သည်။ ဗကပ အနွယ်တော်များ၏ အားပေး ပံ့ပိုးပေးမှုဖြင့် မိခင်ရော ကလေးပါ ကျန်းမာသည်။ ပြန်လာရန် စီစဉ်ဆဲမှာပင် တပ်မတော် ထောက်လှမ်းရေး၏ အဖမ်းခံရပြီး အင်းစိန်တောရသို့ ဒုတိယ အကြိမ်မြောက် ရောက်ရှိသွားသည်။ သတ်မှတ် ပြစ်ဒဏ်ကာလ ကုန်ဆုံးသောအခါ အပြင်လောကသို့ မဆွေဆွေ ပြန်လည် ရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင် ဒေါ်ကြည်ကြည် ကွယ်လွန်သွားပြီ ဖြစ်၍ သွားရောက်မှီခိုရန် မသင့် တော်တော့။ မဒုံ တို့အားလည်း ဒုက္ခ မပေးလိုတော့။ တူးချောင်းကျေးရွာနေ မိခင်ကြီးမှာလည်း အသက်ထင်ရှား မရှိတော့။ အမှောင်ထု အတွင်းသို့လည်း ပြန်လည် ခြေမချချင်တော့။ သားရှေ့ရေးက ရှိသေးသည်။ သားအတွက် အသက်ရှင် ရပ်တည်ရဦးမည်။

တက်ကျိုးလျှင် လက်ထိုးလှော်မည်

သို့ဖြစ်၍ မဆွေဆွေသည် ဝေ့လဲလာသော မျက်ရည်စများကို သိမ်းလိုက်သည်။ တက်ကျိုးလျှင် လက်ထိုးလှော်မည် ဟူသော မာန်ကို သုံးလိုက်သည်။ ရန်ကုန်မြို့ ဆင်ခြေဖုံး အရပ်တစ်ခုတွင် သားအမိ နေလောက်ရုံ အိမ်ခန်းလေး တစ်ခု ငှားရမ်း လိုက်သည်။ ရာသီပေါ် သီးနှံများ ရောင်းချခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းခဲ့သည်။ လောကဓံနှင့် စီးချင်းထိုးရာတွင် ဒူးမထောက်သော၊ လက်မမြှောက်ခဲ့သော မဆွေဆွေအဖြစ် တွေ့ရသည်။

မဆွေဆွေတို့ သားအမိ ဝပ်ကျင်းသည် လူတန်းစားရပ်ကွက် ဖြစ်၍ မြေကြီးမှာ ရေငွေ့ပျံကာ အမြဲစိုထိုင်း နေသည်။ အိမ်သာ မရှိသဖြင့် နောက်ဖေးလမ်းမှ မစင်နံ့မှာ လေသွေးတိုင်း ကြိုင်လှိုင်နေသည်။ လူသွားလမ်းမှာ ကျဉ်းလွန်းလှသဖြင့် အားကောင်း မောင်းသန် ယောကျာ်းကြီး နှစ်ယောက် ယှဉ်၍ သွားပါက ပိတ်လုခမန်း ဖြစ်သွားသည်။ မိုးအုံ့သည့်အခါ မှောင်၍ မိုးရွာသည့်အခါ ရေစက်များ ဓနိမိုးမှ တစ်ပေါက်ပေါက် ကျဆင်းသည်။ ညဘက်တွင် ရေနံဆီမီးခွက်မှ မှိုင်းတစ်လူလူနှင့် နှစ်ပါးသွားရသည်။ တစ်ခန်းကျော်တွင် ဂေါ်ရင်ဂျီကုလားများ နေထိုင်သည်။ နေ့ဘက်တွင် ငြိမ်သက်နေသော်လည်း ညဘက် ရောက်သည့်အခါ ဆူသံ၊ ဆဲသံ၊ ရန်ဖြစ်သံတို့ အမြဲ ညံနေသည်။ တစ်ခါတစ်ရံ ရေဘုံဘိုင်မှ ကလေးများ ရန်ဖြစ်သံ၊ ကလေးများ မိခင်တို့ ပါဝင်လာ၍ မအေ၊ နှမ ကလော်တုတ်သံ တို့ဖြင့် မြိုင်ဆိုင် လာသည်။ ကျူးကျော်ရပ်ကွက် ဖြစ်၍ လူစုံသည်။ စရိုက်စုံသည်။ သည်ကြားထဲ တောကစား လိုသည့် မုဆိုးများ၏ ကျော့ကွင်းကို ရှောင်ရ တိမ်းရသေးသည်။ ရပ်တည်လှုပ်ရှား နေရသည်မှာ ဘာမျှ ကြေနပ်ဖွယ်ရာ မရှိ။ အရွယ်ကလေး ရလာသဖြင့် အေးလာလျှင် အရိုးအဆစ်တွေက ကိုက်လာသည်။ ပန်းနာက ထချင်လာသည်။ သားက လိမ္မာသဖြင့် တော်သေးသည်ဟု အောက်မေ့ရသည်။ သားကိုကြည့်ရင်း ဘဝအမောများ ပြေရသည်။ လောကဓံ လှိုင်းတံပိုးတို့ မည်မျှ ကြီးမားပါစေ၊ ဆင်ဗိုက်ကို ခြင်ကိုက်သလောက်သာ မဆွေဆွေ မှတ်ထင်ခဲ့သည်။ မင်္ဂလာရှိသော မိန်းမတစ်ယောက် အဖြစ် မဆွေဆွေကို ထပ်မံ တွေ့ရှိရသည်။

သစ္စာပန်းတွေနှင့်

နွေဦးလည်း အကြိမ်ကြိမ် ရောက်ခဲ့ပြီ။ ပိတောက်တွေလည်း အကြိမ်ကြိမ် ပွင့်ခဲ့ပြီ။ မဆွေဆွေသည် ခင်ပွန်းသည်အား မျှော်လင့် စောင့်စားဆဲ ဖြစ်သည်။ အိုမင်း ဟောင်းနွမ်းနေပြီ ဖြစ်သော သမိုင်း၏ ဆုတ်လမ်းပေါ်တွင် ရောက်ရှိနေပြီဖြစ်သော မဟာ အိုင်ဒီအိုလိုဂျီကြီးကို ဖက်တွယ်ဆဲ ဖြစ်သော၊ ဇနီးနှင့် သားထက် လက်နက်ကိုင် တော်လှန်ရေး အပေါ် သစ္စာရှိနေဆဲ ဖြစ်သော ခင်ပွန်းသည်အား မဆွေဆွေ စိတ်မရှည်ချင်တော့။ အနီးမှာရှိလျှင် ကုတ်ဖဲ့ ပစ်လိုက်ချင်သည်။ အယူအဆ တစ်ခု၏ သားကောင်ဘဝမှ ကယ်တင်လိုက်ချင်သည်။ မသိမှု ချောက်ထဲ ခုန်ဆင်းနေသည်ဟု ကင်ပွန်းတပ်လိုက်ချင်သည်။ သို့ဖြစ်၍ မဆွေဆွေ တစ်ယောက် မြတ်ဗုဒ္ဓထံ ဆုပန်ဆဲ။ လောကဓံဖြင့် စီးချင်းထိုးဆဲ။ ရွှေချစ်ငွေချစ် ထွန်းရေးငင်မည့် အချစ်များကို ရှောင်ကွင်းဆဲ။ သားရွှေအိုးထမ်း ကြင်ဘက်သက်လျာ လာရာလမ်းကို စောင့်မျှော်ဆဲ။ သစ္စာပန်းတွေ တစ်ပွေ့တစ်ပိုက်နှင့် ကြိုလင့်ဆဲ။

No comments:

Post a Comment