Thursday, April 15, 2010

ဧပြီလ(၂၂)နေ့နောက်ဆုံးထား၍ အကြောင်းပြန်ရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီအားတိုက်တွန်း

ဆူးပန်း၊ ကောင်းဝါ
ဧပြီ ၁၅၊၂၀၁၀။

စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်မှ မွန်ပြည်သစ်ပါတီကို ဌာနေပြည်သူ့စစ် အသွင်ပြောင်းရန်အတွက် ဧပြီလ(၂၂)ရက်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ရန်တိုက်တွန်းခဲ့သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်မှပြောပါသည်။

မွန်ပြည်သစ်ပါတီဒုဥက္ကဌနိုင်ရော့စ ဦးဆောင်ပြီးတွဲဘက်အတွင်းရေးမှူးနိုင်ချမ်းတွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် နိုင်ထာဝရ နိုင်တလညီ ဗိုလ်မှူးကြီးလယီဂကောင်းတို့သည် ဧပြီလ(၇)ရက်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌တွေ့ဆုံဆွေးနွေးစဉ်အတွင်း တိုက်တွန်းပြောဆိုခဲ့သည်ဟု နိုင်ချေးမွန်မှ ပြောပါသည်။

မွန်ပြည်သစ်ပါတီဘက်ကမူ အတာသင်္ကြန်လွန် ဗဟိုကော်မီတီအစည်းအဝေးပြီးမှ အကြောင်းပြန်မည်ဟု ဆိုပါသည်။ မွန်ပြည်သစ်ပါတီအနေနှင့် စစ်အစိုးရတိုက်တွန်းသည့် ဌာနေပြည်သူ့စစ်အသွင်ကို လက်ခံရန် အခက်ခဲရှိ နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်ကယခုလိုဆိုပါသည်။

အခက်အခဲတော့ရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ရဲ့ပြည်သူ့အသံ ကိုလစ်လျှူရှုလို့မရသလို မွန်ပြည်သူတို့ရဲ့အသံကိုလည်းလေးစားရမှာပါ။ အစိုးရအဆက်ဆက်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပဋိပက္ခဖြစ်ခဲ့တာကြာပြီး။ ဒါကြောင့်မို့လို့ ပဋိပက္ခကိုတဆင့်ခြင်းဖြေရှင်းချင်လို့ အပစ်ရပ်ခဲ့ကြတာ။ ဆက်ပြီးတော့လဲ ကျွန်တော်တို့အချင်းချင်းညှိလုပ် ကြအုန်းမှာပါ။

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်တပ်ဖွဲ့အသွင်ကိုရော ဌာနပြည်သူ့စစ်အသွင်ကိုပါ ပြောင်း လဲဖို့ငြင်းဆိုထားသော်လည်း ဤကဲ့သို့စစ်အစိုးရမှ တင်းတင်းကြပ်ကြပ်ဖိအားပေးလာသည့်အပေါ် မည်ကဲ့သို့ တုန့်ပြန် မှုရှိလာမည်ကို စိတ်ဝင်စားနေကြသည်ဟု နယ်စပ်စစ်ရေးအကဲခတ်သူများကကဆိုပါသည်။

No comments:

Post a Comment