Monday, May 31, 2010

NLD CEC များ၏ ကိုယ်ရေး အထုပ္ဗတ္တိအကျဉ်း

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၀၈ မိနစ်
http://www.mizzimaburmese.com/special/research/4622-nld-cec-.html

ဦးဝင်းတင်
(ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) ကို ၁၉၃ဝ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အဖ ဦးပုနှင့် အမိ ဒေါ်အမာတို့က ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့သည်။

မွေးချင်း ၂ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ၁၅ နှစ်ခန့် အသက်ငယ်သော ညီမ ဒေါ်တင်တင်မြင့်မှာ အငြိမ်းစား ကျောင်းဆရာမအဖြစ် ရန်ကုန်မြို့တွင် လက်ရှိ နေထိုင်လျက်ရှိသည်။

ကြို့ပင်ကောက်မြို့ အမျိုးသား အထက်တန်းကျောင်းနှင့် ရန်ကုန်မြို့ လမ်းမတော် မြို့မအထက်တန်းကျောင်းတွင် အခြေခံပညာကို ဦးဝင်းတင် သင်ကြားခဲ့သည်။ ထို့အပြင် ၁၉၄ဝ မှ ၁၉၄၄ ခုနှစ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲကာလ၌ ရန်ကုန်တွင် လှည့်ပတ်၍ ကျောင်းတက်ခဲ့ရသည်များလည်း ရှိသည်။

၁၉၄၇-၄၈ ခုနှစ်တွင် ကြို့ပင်ကောက် အမျိုးသား အထက်တန်းကျောင်း၏ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပြီး ၁၉၅၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဒဂုံမဂ္ဂဇင်း၌ ကဗျာစတင်ရေးသားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အကျိုးဆောင် ဂျာနယ်နှင့် သံတော်ဆင့် သတင်းစာတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (စာပေဗိမာန်) ၌ စာပြုလက်ထောက်အယ်ဒီတာ၊ AFP ပြင်သစ်သတင်းဌာန၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၁၉၅၅ မှ ၁၉၅၇ ခုနှစ်အထိ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ဂျမ်ဘာတန် စာအုပ်ကုမ္ပဏီ၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၇ မှ ၁၉၅၈ ခုနှစ်အထိ ကြေးမုံသတင်းစာ အယ်ဒီတာ၊ ၁၉၅၈ မှ ၁၉၆ဝ ခုနှစ်အထိ ပြည်သူ့အိုးဝေ သတင်းစာ တာဝန်ခံ အယ်ဒီတာနှင့် ၁၉၆ဝ မှ ၁၉၆၉ ခုနှစ်အထိ ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သတင်းစာဆရာများအဖွဲ့ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ စည်းရုံးရေးမှူး၊ ၁၉၆၂ မှ ၁၉၆၄ ခုနှစ်အထိ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီအတွင်းရေးမှူး၊ ၁၉၆၉ မှ ၁၉၇၉ ခုနှစ်အထိ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။

၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ဖြစ်ခဲ့ပြီး ယင်းနှစ်တွင် မန္တလေးတိုင်း အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဒုဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ် NLD စတင်ဖွဲ့စည်းစဉ် ဦးဆောင်ပါဝင်ခဲ့ပြီး ၁၉၈၈-၁၉၈၉ ခုနှစ်တွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဖြစ်ခဲ့သည်။

အသက် ၆ဝ နှစ်အရွယ် (၁၉၈၉ ခုနှစ်) တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အင်းစိန်အကျဉ်းထောင်သို့ ထိုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပို့ဆောင်ခံခဲ့ရသည်။

၁၉၉၃ ခုနှစ်တွင် အမေရိကန် အောက်လွတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဘီလ်ရစ်ချတ်ဆန်နှင့် အင်းစိန် အကျဉ်းထောင်အတွင်း တွေ့ဆုံခွင့် ရရှိခဲ့သည်။ ထိုစဉ်က ဦးဝင်းတင်သည် သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ အကျဉ်းထောင်တွင်း အခြေအနေများကို ပြောဆိုခြင်း မရှိဘဲ နိုင်ငံရေးလမ်းစဉ်တရပ်ကို ပြောဆိုခဲ့သည်။ ‘’စု-လွှတ်-တွေ့’’ ဟူသည့် လမ်းစဉ်ဖြစ်သည်။

‘စု’ သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ ‘လွှတ်’ သည် ၁၉၉ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်အတိုင်း လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးရန်၊ ‘တွေ့’ သည် အတိုက်အခံ ဒီမိုကရေစီအင်အားစု ပါတီပေါင်း ၁ဝဝ ကျော်က လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေးအပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နဝတ စစ်ကောင်စီတို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ (Dialog) ဖြစ်သည်။

အကျဉ်းထောင်အတွင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးနှင့် တွေ့ဆုံခွင့် ရရှိသော်လည်း ၎င်းနေရာတွင် ဆက်ခံသည့် မစ္စတာ တောမတ်ကွင်တားနားကိုမူ တွေ့ဆုံရန် ငြင်းဆိုခဲ့သေးသည်။ စစ်အစိုးရ၏ ဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံရမည်ဆိုသဖြင့် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

အကျဉ်းကျပြီး ၆ နှစ်ခန့်အကြာ ၁၉၉၅ ခုနှစ်တွင် ထောင်တွင်း၌ သတင်းစာ၊ နိုင်ငံရေး သတင်းလွှာ၊ ကဗျာများကို လျှို့ဝှက်စွာ ရေးသားထုတ်ဝေခဲ့သည်။ အကျဉ်းထောင်အတွင်း ဖြစ်ပျက်နေသာ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ အနေအထိုင် ကျပ်တည်းပုံ၊ မဝရေစာ စားသောက်ရပုံများကို ရေးသားပြီး အကျဉ်းသား ၁ဝဝ ကျော်၏ လက်မှတ်များရရှိအောင် ကြိုးစားကာ ကမ္ဘာ့ကုလသမဂ္ဂထံ တိုင်ကြားခဲ့သည်။

၁၉၉ဝ ခုနှစ်ကာလအတွင်း အကျဉ်းထောင်အတွင်းမှနေ၍ ဦးဝင်းတင်ရေးသားခဲ့သော ‘’ကျားရဲ ငါ’’ ဟူသည့် ကဗျာသည် ထောင်ပြင်ပသို့ ရောက်ရှိပြန့်နှံ့ခဲ့သေးသည်။ ထိုကဗျာမှာ …

ကျားရဲ ငါ

နေပြင်းရင် နှင်းမှုန်ရင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။

အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်ရင်ထိုင် မထိုင်ရင်ငေး
အိပ်ရင်အိပ် မအိပ်ရင်တွေး။

သတင်းမေးဖို့ ဝေးရော
သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။

အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တပ်တပ် တနေကုန်။

မနေ့ကလဲ တနေကုန်
ဒီနေ့လဲ တနေကုန်
နက်ဖြန်လည်း ကုန်ဦးမယ်။
ကုန်ကုန်ကုန်
ကုန်ချင်သလောက် ကုန်စမ်း
တရက်ကုန်မလား တသက်ကုန်မလား
တလကုန်မလား တဘဝကုန်မလား
တနှစ်ကုန်မလား တခေတ်ကုန်မလား။

အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်။

အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကာလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကြရဲ့လား ဟား ဟား ဟား ဟား။

တိရစ္ဆာရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်သလား။

မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။

မှားထားဟေ့
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲမရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ

ငါလည်း အဲဒီလိုပဲကွဟေ့။ ။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ဖြစ်သည့် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဘဝဖြင့် ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရာမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။ လွတ်မြောက်ပြီးနောက် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

သတင်းစာဆရာကြီး ဦးဝင်းတင်သည် ၂ဝဝ၁ ခုနှစ်တွင် UNESCO မှ ချီးမြှင့်သော Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးဆု (Guillermo Cano World Press Freedom Prize) ဆု၊ ၂ဝဝ၁ ခုနှစ်တွင် ကမ္ဘာ့သတင်းစာများ အသင်း၏ လွတ်လပ်ရေးအတွက် ရွှေကလောင်ဆု (Golden Pen of Freedom Award) ဆု၊ ၂ဝဝ၆ ခုနှစ်တွင် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က ချီးမြှင့်သော (Reporters Without Border) ဆုနှင့် ၂ဝဝ၈ ခုနှစ်တွင် ဂျာမဏီနိုင်ငံ Leipzig မြို့မှ ချီးမြှင့်သော (Prize of the freedom and future of the media) ဆုများ ရရှိခဲ့သည်။

၂ဝ၁ဝ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အသက် ၈ဝ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကိုယ်တွေ့ ထောင်တွင်းအတွေ့အကြုံများ ရေးသားထားသည့် “ဘာလဲဟေ့ လူ့ငရဲ” စာအုပ် ထုတ်ဝေဖြန့်ချိခဲ့သည်။
ဦးဝင်းမြင့်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်

မဲဆန္ဒနယ် အမှတ် (၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးဝင်းမြင့်သည် ဓနုဖြူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၂ဝ,၃၈၈) မဲ၊ စုစုပေါင်း မဲရာနှုန်း (၅၅.၅၇) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

ဓနုဖြူမြို့နယ်၊ ညောင်ကျောင်းကျေးရွာဇာတိဖြစ်သည်။ အဖ ဦးထွန်းကျင်၊ အမိ ဒေါ်သန်းတို့မှ ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်မွေးဖွားခဲ့သည်။ ဦးဝင်းမြင့်သည်၊ ညောင်ကျောင်းကျေးရွာ အစိုးရ မူလတန်းကျောင်း၊ ဓနုဖြူအစိုးရအထက်တန်းကျောင်း၊ ပုသိမ်မြို့တွင် အစိုးရအထက်တန်းကျောင်း အမှတ် (၆) တွင် အခြေခံပညာ သင်ကြားခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ သိပ္ပံ (ဘူမိဗေဒ) ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲကိုလည်းကောင်း ၁၉၈၅ ခုနှစ်တွင် မှတ်ပုံတင် ရှေ့နေသင်တန်းကို လည်းကောင်း ဖြေဆိုအောင်မြင်ခဲ့သည်။

၁၃၅ဝ ပြည့် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည်။ ဓနုဖြူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဓနုဖြူမှ ရန်ကုန် ကျောက်မြောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးတွင် ပါတီ တာဝန်များ ကိုအချိန်ပြည့် ထမ်းဆောင်နေပြီး ဧရာဝတီတိုင်းတွင်း အတွင်းရေးမှူးတာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိပါသည်။ ဗဟိုအလုပ်အမှုဆောင်အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါသည်။
ဦးသိန်းညွန့် (မောင်သိန်းညွန့်- ကော့ကရိတ်)

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်

မဲဆန္ဒနယ် အမှတ် (၁)၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးသိန်းညွန့်သည် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၃၄,၂၃၂) မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၇၁.၈၃) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ဖွားဖြစ်သည်။ ဦဥာဏ်ရင်၏ သားဖြစ်သည်။ ဦးသိန်းညွန့် (ကော့ကရိတ်) သည် ဘီအေအာရ်အယ်လ်၊ အိတ်ခ်ျဂျီပီ၊ ဒီဂျေဘွဲ့ရ တရားရုံးချုပ်ရှေ့နေဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ကျောင်းသားခေါင်းဆောင်၊ ကော့ကရိတ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး၊ ကျောင်းသားညီညွတ်ရေးတပ်ဦးခေါင်းဆောင်၊ သဟာယနှင့် စာဖတ်အသင်းချုပ် ဥက္ကဌ၊ ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်ခဲ့သဖြင့် ၁၉၆၃ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှ ၁၉၆၇ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့အထိ မော်လမြိုင်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အင်းစိန်ပလက စာရေးဝန်ထမ်း၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိလမ်းစဉ်လူငယ်နှင့် ပါတီဌာနချုပ်တို့တွင် ဌာနမှူး၊ ၁၉၇၈ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် လူငယ်နှင့် ပတ်သက်သော သတင်းဆောင်းပါးနှစ်ပုဒ်ကိစ္စ၊ နိုင်ငံရေးသမားနှစ်ဦးတို့နှင့် ပတ်သက်သောကိစ္စတို့ကြောင့်တာဝန်နှင့်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲထုတ်ပယ်ခြင်းခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ မောင်သိန်းညွန့် (ကော့ကရိတ်) အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၃၅ဝ ပြည့်နှစ် (၁၉၈၈ ခုနှစ်) ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် စစ်ထောက်လှမ်းရေးမှ ရဲမွန်တပ်မြို့ရှိ ထိန်းသိမ်းရေးစခန်း (ဧည့်ဂေဟာ) တွင် ခေါ်ယူဖမ်းဆီးထိန်းသိမ်းထားခြင်း ခံခဲ့ရပြီး၊ ၂ဝဝ၁ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ပြန်လွတ်သည်။

၂ဝဝ၄ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် နှစ်ပေါင်း (၃ဝ) ကြာနေထိုင်လာခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ဧကဝက်နီးပါးကျယ် ခြံအမှတ်(၇၂) ရှိ နေအိမ်အား ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ၁၉၇၈ ခုနှစ်က ချုပ်ဆိုထားသည့် စာချုပ်စာတမ်းများကို ပယ်ဖျက်ပြီး နေအိမ်ကို အမွေဆိုင် အိမ်အဖြစ် ပြောင်းလံသတ်မှတ်၍ လေလံတင်ရောင်းချရန်ပြင်ဆင်၍ ဖိအားပေးခြင်းခံခဲ့ရသည်။ ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် “လွတ်လပ်သည့် အာရှအသံ” (Radio Free Asia) အသံလွှင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အတွက် ၁၉၂၆ ခုနှစ်၊ တရားရုံးများကို မထီမဲ့မြင်ပြုမှုအက်ဥပဒေ၊ ပုဒ်မ (၃) အရ ဒဏ်ငွေ (၂၀၀၀) ကျပ်ပေးဆောင်ရန် ပျက်ကွက်ပါက အလုပ်မဲ့ထောင်ဒဏ် (၁) လ ကျခံစေရန် အမိန့် ချမှတ်ခြင်းခံခဲ့ရသည်။ ဇနီးမှာ ဒေါ်ခင်ခင်အေး (တရားရုံးချုပ်ရှေ့နေ) ဖြစ်ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေဌာနနှင့် မွန်ပြည်နယ်အဖွဲ့အစည်းအဖွဲ့ဝင် တာဝန်များကို ပူးတွဲထမ်း ဆောင်လျက်ရှိသည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရသည်။
ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် မဲဆန္ဒနယ်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်သည် နောက်ချိုမြို့နယ်၊ မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာခိုင်လုံမဲ (၁၈,၈၈၆) မဲ၊ စုစုပေါင်းမဲရာခိုင်နှုန်း (၅၆.၉၉) ဖြင့်ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အဖ ဦးကြာဟိန်း၊ အမိဒေါ်မြခင်တို့မှ ၁၉၄၉ ခုနှစ်၊ ဧပြီလ (၃ဝ) ရက်နေ့တွင် မွေးဖွားခဲ့သည်။ ပြင်ဦးလွင် မြို့နယ်၊ ဇီးပင်ကြီးကျေးရွာဇာတိဖြစ်သည်။ ဦးထွန်းထွန်းဟိန်သည် ၁၉၅၄ ခုနှစ်တွင် ကျောက်မဲမြို့ အမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ ခုနှစ်တွင်ကျောင်းထွက်လက်မှတ်ရ စာမေးပွဲနှင့် ၁၉၆၈ ခုနှစ်တွင် ကျောက်မဲမြို့ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ (သတ္တဗေဒ) ရရှိခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဒေါ်စိန်စိန်သိမ်း နှင့် လက်ထပ်ခဲ့သည်။ ၁၉၇၃- ၇၄ ခုနှစ်တွင် နယ်စပ်ဒေသ ကွမ်းလုံမြို့၌ မိဘဆရာခန့် အထက်တန်းပြဆရာ၊ ၁၉၇၅ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၃၅ဝ ပြည့်နှစ် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့အရေး တော်ပုံကြီးတွင် နောင်ချိုမြို့နယ် အထွေထွေသပိတ် ကွပ်ကဲမှု ကော်မတီ ဥက္ကဌ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ နောင်ချိုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံအဖြစ် ဆောင်ရွက် ခဲ့သည်။

ယခုအခါ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် နေထိုင်လျက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးနှင့် ရှမ်းပြည်နယ်စည်း အတွင်းရေးမှူးတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်လျက်ရှိပါသည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါသည်။
ဒေါက်တာဝင်းနိုင်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်

မဲဆန္ဒနယ်အမှတ် (၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါက်တာဝင်းနိုင်သည် သံလျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၈,၈၄၅) မဲ၊ စုစုပေါင်း မဲရာနှုန်း (၆၆.၄၆) ဖြင့် ရွေးချယ်တင် မြှောက်ခြင်းခံခဲ့ရသည်။

ဗဟန်း (ရန်ကုန်) ဇာတိဖြစ်သည်။ အဖ ဦးမြသောင်း၊ အမိ ဒေါ်ညွန့်ရှင်တို့မှ ၁၉၅၄ ခုနှစ်၊ မတ်လ (၁ဝ) ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဒေါက်တာဝင်းနိုင်သည် သာကေတမြို့နယ် အစိုးရ အထက်တန်းကျောင်း အမှတ် (၂) မှ ဆယ်တန်းအောင်မြင်ခဲ့၍ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ၁၉၇၉ ခုနှစ်တွင် ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ပြင်ပဆရာဝန်၊ ၁၃၅ဝ ပြည့် (၁၉၈၈ ခုနှစ်) ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည်။ သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဦးဆောင် တာဝန်ယူ ခဲ့သည်။

ရန်ကုန်တိုင်း အတွင်းရေးမှူးတာဝန်နှင့် ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် တာဝန်ယူခဲ့ ပါသည်။ ယခုအခါ ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။
ဦးအုန်းကြိုင် (ခ) အောင်ဝင့်

မန္တလေးအရှေ့တောင်မြို့နယ်

မဲဆန္ဒနယ်အမှတ် (၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးအုန်းကြိုင် (အောင်ဝင့်)သည် မန္တလေး အရှေ့တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ခိုင်လုံမဲ (၃၂,၇၁၈)မဲ၊ စုစုပေါင်း မဲရာနှုန်း (၇၆.ဝ၈) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

မော်လမြိုင်ကျွန်းဇာတိဖြစ်သည်။ အဖ ဦးဘရှင်၊ အမိ ဒေါ်စိန်တို့မှ ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဦးအုန်းကြိုင် (အောင်ဝင့်)သည် ၁၉၆၇ ခုနှစ်တွင် ဝိဇ္ဖာဘွဲ့၊ ၁၉၇၂ ခုနှစ်တွင် သတင်းစာ ပညာ ဒီပလိုမာ၊ ၁၉၇၈- ၇၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပညာသင်ဆုဖြင့် သွားရောက်၍ သတင်းစာပညာ ဒီပလိုမာ ရရှိခဲ့သည်။ ၁၈၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကြေးမုံသတင်းစာ၊ ဟံသာဝတီ သတင်းစာ (မန္တလေး)၊ ဗိုလ်တထောင် သတင်းစာတို့တွင် လက်ထောက်အယ်ဒီတာနှင့် အယ်ဒီတာ၊ ၁၉၆၂- ၆၃ ခုနှစ်၊ ကျောင်းသား အရေးအခင်းတွင် ပါဝင်ခဲ့သည်။ ၁၉၇၄ ခုနှစ် လမ်းစဉ်သတင်း၊ ဗိုလ်တထောင် သတင်းစာနှင့် ရုပ်ရှင်အောင်လံ တို့တွင် မောင်ချစ်ဖွယ်၊ အောင်ဝင့်၊ အောင်တင့် စသော ကလောင်အမည် တို့ဖြင့် နိုင်ငံတကာရေးရာ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၃၅ဝ ပြည့်နှစ် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့မှုကြောင့် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာဖြစ်မှ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အငြိမ်းစားပေးခြင်းခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်နှင့် မန္တလေးတိုင်းစည်းရုံးရေးကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက် ခဲ့သည်။ အဖွဲ့ချုပ်မှ ထုတ်ဝေသည့်မှတ်တမ်းလွှာအဖွဲ့တွင် တာဝန်ခံအယ်ဒီတာ တဦးဖြစ်သည်။ နဝတ၏ အမိန့် အမှတ် (၁/၉ဝ) အားဆန့်ကျင်မှုဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ဦးအုန်းကြိုင်သည် ၁၉၅ဝ ပြည့်နှစ်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ (၅)(က)(ခ)(ည) အရ ပြစ်ဒဏ် စီရင်ခြင်း ခံရပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၁ဝ)(ည)နှင့် ငြိစွန်းသဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် ကြေငြာသည်။ နောင်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများ၌ ပါဝင် ယှဉ်ပြိုင်ခွင့် ကိုလည်း ပိတ်ပင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရေကြည်အိုင် စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းမှတဆင့် အောက်တိုဘာလတွင် အင်းစိန် ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထို့နောက် ပြစ်ဒဏ် (၁၇)နှစ် ချမှတ်ခံခဲ့ရပြီး အင်းစိန်ဗဟိုအကျဉ်းထောင် နှင့် တောင်ငူထောင်တို့တွင် (၁၄)နှစ်ကျော်ကြာ နေခဲ့ရပြီး ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် တောင်ငူ အကျဉ်းထောင်မှပြန်လည် လွတ်မြောက်ခဲ့သည်။

ပထမအမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဦးစီးအဖွဲ့ဝင်နှင့် မန္တလေးတိုင်းစည်းကော်မတီဝင်များ ဖြစ်ကြသည့် မုံရွာဦးတင်ရွှေ၊ ဦးသိန်းတန်တို့နှင့် အမှုတွဲဖြစ်ပြီး၊ ၁၉၉ဝ ပြည့်နှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် မန္တလေးမြို့၌ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂနှင့် သံဃာ့သမဂ္ဂ အဖွဲ့တို့ပူးပေါင်း၍ ရှစ်လေးလုံး (၂)နှစ် မြောက်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းလောင်းလှူပွဲကျာင်းပ ပြုလုပ်ခဲ့ရာ စစ်တပ်မှ ပစ်ခတ်ခဲ့သဖြင့် သံဃာတော်အချို့နှင့် ကျောင်းသားလူငယ်အချို့ ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်ကို ထိုစဉ်က မန္တလေးတိုင်းမှူးဖြစ်သူထံ စာရေးသားပေးပို့၍ စုံစမ်း အရေးယူမှုပြုလုပ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည့်အပြင် အဆိုပါစာအား မိတ္တူကူး၍ အများပြည်သူထံ ဖြန့်ချိခဲ့မှုဖြင့် ထောင်ဒဏ် (၇)နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။ ဒုတိယအမှုမှာ ဂန္ဒီကြေငြာချက် ထုတ်ပြန်ခဲ့မှုဖြစ်သည်။ ဦးကြည်မောင် အပါအဝင် မုံရွာဦးတင်ရွှေ၊ ဦးသိန်းတန်၊ ဦးချမ်းအေး၊ ဗိသုကာ ဦးကျော်မင်း၊ မောင်ဝံသ၊ ဦးတင်ထွဋ်စသည့် ဗဟိုဦးစီးအဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ဗဟိုလူငယ်များ ဖြစ်ကြသည့် ကိုမြင့်စိုး၊ ကိုဝင်းလှိုင်၊ ကိုမိုးဇော်ဦးတို့မှာ ၄င်း၏ အမှုတွဲများ ဖြစ်ကြသည်။ အဆိုပါအမှုဖြင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ၂ဝဝ၅ ခုနှစ်၊ နှစ်ဆန်းတွင် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရာမှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုတွင် နာဂစ် လေဘေး ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့နှင့် ဗဟို ပြန်ကြားရေး တာဝန်များကို တာဝန်ယူလုပ်ဆောင်လျက်ရှိပြီး၊ မန္တလေးတိုင်းစည်းအဖွဲ့ဝင်လည်း ဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟို အလုပ်အမှုဆောင် တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။
ဒေါက်တာမေဝင်းမြင့်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်

မဲဆန္ဒနယ် အမှတ် (၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါက်တာမေဝင်းမြင့်သည် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ခိုင်လုံမဲ (၂ဝ,၅၁၃) မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၇၄.၁၈) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

မော်လမြိုင်မြို့ဇာတိဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်၊ မတ်လ (၈)ရက်နေ့တွင် မွေးဖွားသည်။ ဦးသောင်းညွန့်၏ သမီးဖြစ်သည်။ ဒေါက်တာမေဝင်းမြင့်သည် ၁၉၆၇ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁)မှ ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ မြောက်ဥက္ကလာပနှင့် ကျောက်တံတားသမဝါယမ အချိန်ပိုင်းဆရာဝန်၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၃ခုနှစ်အထိ လက်ထောက်ဆရာဝန် (ရန်ကုန်ပြည်သူ့ဆေးရုံကြီး)၊ ၁၉၈၃ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆရာဝန် (သမိုင်း မသန်မစွမ်းအထူးကုဆေးရုံ)၊ ၁၉၈၈ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဝန်ထမ်း အဖြစ်မှ နှုတ်ထွက်သည်။ မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အတွင်းရေးမှူး တာဝန် ယူခဲ့သည်။ ၁၉၉၇ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့တွင် မရမ်းကုန်းမြို့နယ် အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်လူငယ်များ တာဝန်ပေးအပ်ခြင်း အစည်းအဝေးပြုလုပ်ရန် စီစဉ်ခဲ့ရာ အစိုးရဆန့်ကျင်ရေး ဆူပူ လှုပ်ရှားမှု ပြုလုပ်ရန် စီစဉ်ခဲ့သည်ဟုဆိုကာ ၁၉၉၇ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှ ၁၉၅ဝပြည့်နှစ် အရေးပေါ်စီမံချက်နှင့် အက်ဥပဒေ ပုဒ်မ ၅(ည) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ၁၉၉၇ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့သည်။

၂၀၀၄ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ပုဒ်မ ၁ဝ(က)ဖြင့် နောက်ထပ်ရက်ပေါင်း (၆ဝ) ချမှတ်ခဲ့သည်။ ၂၀၀၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ပုဒ်မ ၁ဝ(က)ဖြင့် ထပ်တိုးပြစ်ဒဏ် (၁)နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် တဖန် နောက်ထပ်ပြစ်ဒဏ် (၁)နှစ် ချမှတ်ခြင်းခံရသည်။ မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသည်။

လက်ရှိဗဟိုအမျိုးသမီးအဖွဲ့ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရသည်။
ဒေါက်တာသန်းငြိမ်း

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်

မဲဆန္ဒနယ်အမှတ်(၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါက်တာသန်းငြိမ်းသာ် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၇,ဝ၁၈)မဲ၊ စုစုပေါင်းမဲရာခိုင်နှုန်း (၆၄.၉၅) ဖြင့် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရသည်။

ကျောက်တန်းမြို့နယ်၊ ခနောင်ရွာဇာတိဖြစ်သည်။ ၁၉၃၇ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့ဖွား ဖြစ်သည်။ ဦးမောင်စိန် ၏သားဖြစ်သည်။ ဒေါက်တာသန်းငြိမ်းသည် မြို့မအထက်တန်းကျောင်း (ရန်ကုန်)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်၍ ရန်ကုန်ဆေးတက္ကသိုလ်မှ ၁၉၆၃ခုနှစ်တွင် ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ၁၉၆၄ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ ကျန်းမာရေးဦးစီး ဌာန လက်ထောက်ဆရာဝန်၊ မြို့နယ်ဆရာဝန်၊ ၁၉၈၂ခုနှစ်မှ ၁၉၈၄ခုနှစ်အထိ သီရိလင်္ကာနိုင်ငံတွင် ကုလသမဂ္ဂ စေတနာ့ဝန်ထမ်းဆရာဝန်၊၁၃၅ဝပြည့် (၁၉၈၈ ခုနှစ်) ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သဖြင့် အလုပ်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရသည်။ ထို့နောက် ကိုယ်ပိုင် ဆေးကုခန်းဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် သာကေတ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၁၉၇၂ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉(၁)(ဂ) အရ အမှုဖွင့်အရေးယူခြင်းခံခဲ့ရသည်။ ၁၉၉၇ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့တွင် မရမ်းကုန်းမြို့နယ်အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်လူငယ်များ တာဝန် ပေးအပ်ခြင်း အစည်းအဝေးပြုလုပ်ရန် စီစဉ်ခဲ့ရာ အစိုးရဆန့်ကျင်ရေးဆူပူလှုပ်ရှားမြှုပုလုပ်ရန် စီစဉ်ခဲ့သည်ဟု ဆိုကာ ၁၉၉၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး ၁၉၉၇ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှ ၁၉၅ဝပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည)ဖြင့် အမှုဖွင့် တရားစွဲခဲ့ရာ ၁၉၉၇ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်ကျခံခဲ့ရသည်။

၂ဝဝ၄ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် လွတ်ရက်စေ့နေသော်လည်း ပုဒ်မ ၁ဝ(က) ဖြင့်နောက်ထပ် ပြစ်ဒဏ် ရက်ပေါင်း (၆ဝ) စီ သုံးကြိမ် ချမှတ်ခဲ့ပြီးနောက်၂ဝဝ၄ ခုနှစ်၊ စက်တင်ဘာလ (၂ဝ)ရက်နေ့တွင် အင်းစိန်ဗဟို အကျဉ်းထောင်မှ သာယာဝတီ အကျဉ်းထောင်၊ ထိုမှ ပေါင်းတည်ထောင်၊ ပြည် အကျဉ်းထောင်သို့ အဆင့်ဆင့် ပြောင်းရွှေ့ခဲ့သည်။ ၂ဝဝ၅ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် တဖန်ထပ်တိုး ပြစ်ဒဏ် (၁)နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ၂ဝဝ၆ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ပုဒ်မ ၁ဝ(က)ဖြင့် နောက်ထပ်ထောင်ဒဏ် (၁)နှစ် တိုးမြှင့်ချမှတ်ခြင်း ခံခဲ့ရသည်။

မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပြီး ၂ဝဝ၈ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် ပြန်လည် လွတ်မြောက် ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း ဒု-ဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိပြီး ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်းခံခဲ့ရပါသည်။
ဦးဥာဏ်ဝင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်

မဲဆန္ဒနယ်အမှတ် (၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးဥာဏ်ဝင်းသည် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ခိုင်လုံမဲ (၂ဝ,ဝ၃၂)မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၅၅.၂)ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အဖ ဦးချိန်ဖေ၊ အမိ ဒေါ်ရီတို့မှ ၁၉၄၂ခုနှစ်၊ နိုဝင်ဘာလ (၂ဝ)ရက်နေ့တွင် မွေးဖွားခဲ့သည်။ ကျိုက္ခမီဇာတိ ဖြစ်သည်။ ဦးဥာဏ်ဝင်းသည် ၁၉၄၈- ၄၉ မှ ၁၉၅၉- ၆ဝ ခုနှစ်အထိ ကျိုက္ခမီအစိုးရ အထက်တန်းကျောင်း၊ မော်လမြိုင် ရှင်မဟာ ဗုဒ္ဒဃောသ အထက်တန်းကျောင်းတို့တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်မှ ၁၉၆၈ ခုနှစ်အထိ မော်လမြိုင်ဥပစာကောလိပ်၊ မန္တလေး တက္ကသိုလ်နှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာ (ဥပဒေဘွဲ့)နှင့် ဥပဒေဘွဲ့များရရှိခဲ့သည်။ ၁၉၇၇ခုနှစ်တွင် ဒေါ်လှလှဝင်းနှင့် လက်ထပ်ခဲ့သည်။

၁၉၇ဝ ပြည့်နှစ်မှ ၁၉၇၃ခုနှစ်အထိ အထက်တန်းရှေ့နေ၊ တရားရုံးချုပ်ရှေ့နေ၊ ၁၉၇၃ခုနှစ်တွင် ဥပဒေ ဝန်ထမ်း အဆင့်(၄)၊ ၁၄-၁၁-၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ဥပဒေဝန်ထမ်းအဆင့်(၁)မှ အငြိမ်းစားယူခဲ့ပြီး တရားရုံးချုပ်ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြု အဖွဲ့တွင်ပါဝင် ဆောင်ရွက်ခဲ့ပြီး၂ဝ၁ဝခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။
ဦးဟံသာမြင့်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်

မဲဆန္ဒနယ်အမှတ် (၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးဟံသာမြင့်သည် ဘုတလင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၆,၆၄၅)မဲ၊ စုစုပေါင်းမဲရာခိုင်နှုန်း (၈ဝ.၈၅)ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

အဖ ဦးသိန်းဖေမြင့် (စာရေးဆရာ၊ ကွယ်လွန်)၊ အမိ ဒေါ်ခင်ကြည်ကြည် (အငြိမ်းစား၊ ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာန) တို့မှ ၁၉၄၈ခုနှစ်၊ မေလ (၇)ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင် ဦးသိန်းဖေမြင့်မှာ
ဘုတလင်မြို့ဇာတိဖြစ်ပြီး၊ ၁၉၅၆ခုနှစ်မှ ၁၉၆ဝပြည့်နှစ်အတွင်း ဘုတလင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ ညီညွတ်ရေး အမျိုးသားတပ်ပေါင်းစု (ပ-မ-ည-တ)ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ဖြစ်ခဲ့သည်။

ဦးဟံသာမြင့်သည် ၁၉၅၃ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ရန်ကုန်မြို့၊ သာသနာ့ရိပ်သာရပ်ကွက်၊ မဟာဓမ္မာရုံ ကျောင်းဝင်းအတွင်းရှိ မြူနီစီပါယ် မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ထိုကျောင်းမှ (၄)တန်း အောင်မြင်ခဲ့သည်။ ၁၉၅၈ခုနှစ်၊ ဇွန်လမှ ၁၉၆၄ခုနှစ်၊ ဖေဖော်ဝါရီလထိ ရန်ကုန်တက္ကသိုလ်ပညာရေး မဟာဌာန၊ လေ့ကျင့်ရေးကျောင်းတွင် ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၄ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရန်ကုန်တက္ကသိုလ်တွင် လျှပ်စစ် ဆက်သွယ်ရေးအင်ဂျင်နီယာဘာသာရပ်ကို သင်ကြားခဲ့ပြီး ၁၉၇ဝပြည့်နှစ်၊ သြဂုတ်လတွင် နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်၍ စက်မှုအင်ဂျင်နီယာ (လျှပ်စစ်ဆက်သွယ်ရေး) ဘွဲ့ရရှိခဲ့သည်။ အဆိုပါလတွင်ပင် စာတိုက်နှင့် ကြေးနန်းဌာနတွင် လက်ထောက် အင်ဂျင်နီယာ သင်တန်းဆရာ အဖြစ် ဝန်ထမ်းဘဝ စတင်ခဲ့သည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နယ်ပိုင် ကြေးနန်းဝန်ထောက်အဖြစ် လည်းကောင်း၊ စီမံကိန်း အင်ဂျင်နီယာ အဖြစ်လည်းကောင်း၊ ပြည်နယ်မန်နေဂျာအဖြစ် လည်းကောင်း၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ ရန်ကုန်မြို့များတွင် အခြေစိုက်၍ မြန်မာပြည်အနှံ့အပြား လှည့်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၆ခုနှစ်မှစ၍ ဒုတိယကြီးကြပ်မှု အင်ဂျင်နီယာ (မိုက္ကရိုဝေ့ဖ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံ့တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဆွီဒင်နိုင်ငံ၊ ကိုးရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူသမ္မတနိုင်ငံတို့တွင် ကျွမ်းကျင်မှု သင်တန်းများနှင့် လုပ်ငန်းခွင် သင်တန်းများ တက်ရောက် ခဲ့သည်။

၁၉၈၆ခုနှစ်၊ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသော အာရှနှင့်ပစိဖိတ်ဒေသ ကြေးနန်း ဆက်သွယ်ရေးအဖွဲ့၏ စက်မှုဆိုင်ရာအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ခေါင်း ဆောင်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၈၈ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလ ပြည်သူ့ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် ဘဝတူ ဝန်ထမ်းများနှင့်အတူ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၈ ခုနှစ်အောက်တိုဘာလတွင် တာဝန်မှ အငြိမ်းစားပေးခံခဲ့ရသည်။ ၁၉၈၉ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပဲခူးတိုင်းစည်းရုံး ရေးအဖွဲ့၊ တိုင်းစည်းရုံးရေးမှူး (အရန်) အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ပဲခူးတိုင်း (၂၈) မြို့နယ်အနှံ့စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ခုနှစ်၊ ဧပြီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကုန်သွယ်စီးပွားရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၆ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ကြောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာခဲ့သည်။

ယခုအခါ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင်နေထိုင်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြား ရေးတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေပါသည်။ ဗဟိုအလုပ်အမှုဆောင် အထောက်အကူပြုအဖွဲ့တို့တွင် ပါဝင် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁ဝခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင် တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။

No comments:

Post a Comment