Monday, May 31, 2010

သက်လုံကောင်းသော မာလိန်မှူး၏ ခေါင်းဆောင်မှု (သို့မဟုတ်) တိုက်ရေယာဉ် - ၁ဝ၃

o
စာအုပ်အမည် တိုက်ရေယာဉ် - ၁ဝ၃
စာရေးသူအမည် မောင်သော်က
စာမူခွင့်ပြုချက်အမှတ် (၃၁၃)
မျက်နှာဖုံးခွင့်ပြုချက်အမှတ် (၃၃၂)
အုပ်ရေ ၃ဝဝဝ (ပထမအကြိမ်)
၁၉၈၇ခုနှစ်၊ အောက်တိုဘာ
ပုံနှိပ်ထုတ်ဝေ ဦးနေဝင်း (ဝ၃၆၈၈)
ဘဝတက္ကသိုလ်ပုံနှိပ်တိုက်
တန်ဘိုး ၃ဝ/ကျပ်

(၁)

၁၉၈၇ ခုနှစ်ထုတ် ပေဖူးလွှာမဂ္ဂဇင်းတွင် ဖြစ်မည်။ တိုက်ရေယာဉ် ၁ဝ၃ အား အခန်းဆက် မဂ္ဂဇင်း ဝတ္ထုရှည်အဖြစ်နှင့် ပြတ်တောင်း…ပြတ်တောင်း ဖတ်ခဲ့ရဖူး၏။ မှတ်မှတ်ထင်ထင်ကား… မရှိခဲ့။ တပ်မတော် ရေတပ်စွန့်စားခန်း ဝတ္ထုရှည်တပုဒ်အဖြစ်နှင့်သာ သဘောထားခဲ့မိ၏။ (မဆလ) မှ တပ်မတော် ဝါဒဖြန့်မှုများအား လှိုင်လှိုင်ပြုလုပ်နေသည့် ခေတ်ဖြစ်၍လည်း… သာမန်စာဖတ်သူတဦးအနေနှင့် ထိုစဉ်က… ကျနော်သည် တိုက်ရေယာဉ် ၁ဝ၃ အပေါ် လေးနက်သင့်သလောက် မလေးနက်နိုင်ခဲ့ခြင်းလည်း ဖြစ်မည်။

ပြီးလျှင်… ဆရာမောင်သော်ကနှင့်ပတ်သက်၍လည်း …တပ်မတော်ရေတပ်မှ ဗိုလ်မှူးဟောင်းတဦး…၊ ရှေ့သို့ဂျာနယ် အယ်ဒီတာချုပ်၊ ချယ်ရီမဂ္ဂဇင်းတွင် ‘မျက်နှာမသစ်မှီ အတွေးများ’ ရေးသည့် သရော်စာရေးသော စာရေးဆရာ… စသည့်… စသည့်ဖြင့်သာ သိထားခဲ့၏။ ထိုထက်ပို၍ သိနိုင်ခွင့်လည်း ကျနော့်တွင် မရှိ….။

(၂)

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအတွင်း စာရေးဆရာများသမဂ္ဂအား ဖွဲ့၏။ သမဂ္ဂခေါင်းဆောင်များထဲတွင် ဆရာမောင်သောက၏ အမည်အား တွေ့ရ၏။ စာရေးဆရာသမဂ္ဂမှ လူထုအရေးတော်ပုံကြီးတွင်၊ ကြေညာချက်များ ထုတ်၏။ ကြေညာချက်၏အောက်တွင် စာပေ၊ အနုပညာရှင်ကြီးများ လက်မှတ်ထိုးထား၏။ လက်မှတ်တွင် ဆရာမောင်သော်က၏ လက်မှတ်အား တွေ့ရ၏။

ရန်ကုန်ဆေးရုံကြီးအရှေ့ စာပေနှင့် အနုပညာရှင်များ၏ လူထုဟောပြောပွဲစင်မြင့်ထက်တွင် ဆရာအား မားမားမတ်မတ်နှင့် လူထုအား ဟောပြောနေသည်ကို တွေ့ရပြန်၏။ ဆရာ့စကားတကြောင်းဆုံးတိုင်း…. ဒီမိုကရေစီတပ်သားတို့က ထောင်နှင့်ချီကာ… တိုးပွား၍လာ၏။ ဆရာ့စကားများက လူထု၏ အသွေးအသားများအတွင်း ခွန်းအားဖြစ်စေ၏။ ခွန်အားရှိသော စကားများအား ဆရာသည်….ဆို၏။ ပြော၏။ ဟော၏။

ဆရာက …လူထုအရေးတော်ပုံကြီးအတွင်း … အရေးတော်ပုံတပ်သားကြီး…. အရေးတော်ပုံတပ်မင်းကြီးအဖြစ်နှင့် မားမားမတ်မတ် ပါဝင်ခဲ့၏။ ဒီမိုကရေစီခရီးတွင် သက်လုံကောင်းသည့် မာလိန်မှူးတဦးအဖြစ်နှင့်….။

(၃)

နိုင်ငံရေးပါတီအဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ကြသည့်အခါတွင် ဆရာသည် ဒေါ်အောင်ဆန်းစုကြည်၏ တတ်သိပညာရှင်များ အစုတွင် ပါဝင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဖွဲ့စည်းကြ၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းစည်းရုံးရေးတာဝန်ခံ တဦးအဖြစ်နှင့် ဆရာသည် အဖွဲ့ချုပ်၏ တာဝန်များအား ထမ်းဆောင်၏။

၁၉၈၉ ခုနှစ်တွင် စစ်အုပ်စု၏ ဖမ်းဆီးခြင်းအား ဆရာမောင်သော်ကခံရပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝ ခုနှစ်အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့နှင့် စွဲချက်တင်ပြီး ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခြင်းအား ခံခဲ့ရသည်။

၁၉၉ဝ ခုနှစ် စက်တင်ဘာ ၂၅ ရက်… အင်းစိန်ထောင်အတွင်း အစာငတ်ခံတိုက်ပွဲဆင်နွှဲရာ၌ ဆရာသည် တိုက်ပွဲ၏ တပ်ဦး၌ ဦးဆောင်ပါဝင်ခဲ့၏။ ထောင်အာဏာပိုင်များက… ဆရာ့အား ပြင်းပြင်းထန်ထန်ဝိုင်း၍ ရိုက်နှက်ကြပြီး၊ တိုက်ပိတ်လိုက်ကြ၏။ တိုက်ပိတ်ခံရစဉ်အတွင်းမှာပင် ဆရာလေဖြတ်သွားခဲ့သည်။ လုံလောက်သည့် ဆေးဝါးကုသမှုကိုက… မရ…။

၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဆရာ့အား အင်းစိန်အကျဉ်းထောင်မှ ရန်ကုန်ဆေးရုံကြီးသို့ ပို့၏။ လွန်စွာနောက်ကျမှ …ဆေးဝါးကုသခံရခြင်း ဖြစ်သည်။ မရတော့…။ ဇွန်လ ၁၁ ရက်နေ့တွင် ဆရာမောင်သော်က ကွယ်လွန်ခဲ့၏။

မောင်သောကရဲ့ မီးခြစ်တဆံဟာ
နောင် …… အနှစ် ၂ဝ ကြာသောအခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာမယ်။ ။

(အင်းစိန်ထောင်အတွင်း ဆရာရေးဖွဲ့ခဲ့သည့် ‘မီးခြစ်တဆံ’ ကဗျာမှ)

(၄)

ဆရာကွယ်လွန်ခဲ့ပြီးမှပင်… ဆရာအား ကျနော် ပိုမို၍ သိခွင့်ရခဲ့၏။ ဆရာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည့် သူများ၏ ပြောပြချက်များအရ… ဆရာ့အား မြင်ခွင့်ရ၏။ ဆရာနှင့် လုပ်ဖော်ကိုက်ဘက်၊ ရဲဘော်ရဲဘက်များမှ ရေးသားကြသည့် စာများမှ ဆရာအား သိခွင့်၊ ကျွမ်းဝင်ခွင့် ရခဲ့၏။

ထိုမှ… အင်းစိန်ထောင်အတွင်း ရေးခဲ့သည့် ဆရာ့ကဗျာများအား ဖတ်ခွင့်ရခဲ့၏။ ရွက်ဆိုခွင့်ရခဲ့၏။ လွတ်မြောက်နယ်တွင် ဆရာကဗျာများအား ကျနော်တို့ လွတ်လွတ်လပ်လပ် ရွတ်ဆိုနိုင်ခဲ့ကြ၏။

မသေသေးပါ မကျေသေးပါ

‘ဒို့အရေး’ တခွန်းဟစ်
ထောင်သုံးနှစ် အဖျင်းဆုံး
‘စာသုံးကြောင်း’ ဖြန့်ချိ
နှစ် နှစ်ဆယ်စီ သတ်မှတ်
‘မြန်မာ’ ဆိုတဲ့ အရပ်မှာ……။
မတရားသက်သက်
ရက်စက်လေတော့သည်။

တရက်လောက်သာ
စိတ်ကောက်သင့်တဲ့
အပြစ်ကလေးတခုကို ကျူးလွန်လို့
အမုန်းထောင်ဒဏ်
တသက်တကျွန်း
ကျခံလိုက်ရတာကတော့
တကယ်ပါပဲဗျာ……။ ။

ဦးညွတ်ပါ၏ …

ချစ်ရတဲ့ မိတ်ဆွေဆိုတာ
လက်တဆုပ်စာ
သူတို့ရဲ့ ကျေးဇူးတွေဆိုတာ
ငါ့အပေါ်မှာ အနန္တပါ …

(၅)

ဆရာကွယ်လွန်ခဲ့ပြီးမှပင်… ဆရာ၏ တိုက်ရေယာဉ် ၁ဝ၃ အား ခက်ခက်ခဲခဲပြန်ရှာပြီး တခုတ်တရ ပြန်၍ဖတ်မိ၏။ ပြန်ဖတ်မိသည့်အခါတွင်က… လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော် ‘ပေဖူးလွှာ’ မဂ္ဂဇင်းတွင် ဖတ်ခဲ့ရသည့် ခံစားရမှုနှင့် လုံးလုံးကွဲ၍သွားခဲ့ပြီ။ မတူတော့….။ တိုက်ရေယာဉ် ၁ဝ၃က …ဆရာ့ပခုံးပေါ်သို့ ကျရောက်လာသည့် တာဝန်အား ကျေပွန်စွာ ထမ်းရွက်ခဲ့သည့် ဆရာ၏ လူ့တန်ဖိုးသမိုင်းတခုလည်း ဖြစ်နေ၏။

ဆရာက တက္ကသိုလ်ဝင်တန်းအား အောင်မြင်ခဲ့ပြီးသည့်နောက်… သာမန်တပ်သားအဆင့်နှင့်ပင် တပ်မတော်ရေသို့ ဝင်ရောက်ခဲ့၏။ ဆရာ တပ်မတော်ရေတပ်တွင် ဝင်ရောက်ခဲ့သည့်အချိန်က … လွတ်လပ်ရေးပင် မရသေး…။ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးတပ်သား…။ တပ်ကြပ်ကြီး …ထိုမှ … တပ်မတော်ရေ၊ တိုက်ရေယာဉ် ၁ဝ၃ ၏ တိုက်ရေးယာဉ်မှူး… စသဖြင့် အဆင့်ဆင့်တာဝန်များအား ထမ်းဆောင်ခဲ့၏။

တပ်မတော်တွင် အဆင့်ဆင့်တာဝန်များအား ထမ်းဆောင်ခဲ့သော်လည်း ဆရာသည် စစ်စိတ်၊ စစ်မာန်၊ လုံးဝမရှိသည့် တပ်မတော်သားတဦးဟု ဆရာနှင့် ရင်းနှီးသည့်သူများက ဆိုကြသည်။ ဆရာက… အနုပညာစိတ်၊ စာရေးဆရာစိတ်၊ သတင်းစာဆရာစိတ်များသာ အပြည့်ဝင်စားနေသည့် စစ်သားဟု ဆရာ၏ မိတ်ဆွေရင်းများက အကဲဖြတ်ကြ၏။

စစ်ရေယာဉ်မှူးအဖြစ် ဆရာတာဝန်ယူပြီး မြန်မာ့ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ရေယာဉ် ၁ဝ၃ က …. ပင်လယ်ပြင်တွင် အသုံးပြုနိုင်သည့်ရက် …လွန်နေသည့် ရေယာဉ်ဖြစ်၏။ လွန်နေသည်မှာလည်း ၃ နှစ်ပင် ရှိပြီ။ ပြီးလျှင်… စစ်ရေယာဉ်မှ တင်ဆောင်နိုင်သည့် လူဦးရေထက် ၉ ဦးမျှ ပို၍တင်ဆောင်ထားခဲ့ရသေး၏။ ဤအတွက်ပင်… တိုက်ရေယာဉ် ၁ဝ၃ သည် သာမန်လှိုင်းလေဒဏ်ကိုပင် အံမတုနိုင်ဘဲ ပင်လယ်ပြင်တွင် သင်္ဘောပျက်ခဲ့ရ၏။ ဧရာဝတီရေတပ်စခန်းမှ ထွက်ခွာခဲ့ပြီး ( ) နာရီအကြာတွင် ပျက်စီးခဲ့ခြင်းဖြစ်၏။

“တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ပြီးသည့်နောက်တွင် ၎င်းသင်္ဘောနှင့်မျိုးတူ (ညီအမသင်္ဘော) ၉ စီးမျှ ကျန်ခဲ့ပါသည်။ ၁ဝ၃ နစ်မြုပ်ပြီးသည့်နောက်တွင် ကျန်သင်္ဘော ၉ စီးအား ကျွမ်းကျင်သူ ဆာဗေယာများဖြင့် စစ်ဆေးစေသည်တွင် ပင်လယ်ပြင်တွင် သွားရန်အတွက် လုံးဝ မသင့်လျော်သော အခြေအနေတွင် ရှိသည်ဟု တွေ့ရှိရသည့်အတွက် ရေတပ်စာရင်းမှပယ်ကာ ဖျက်သိမ်းစေခဲ့ရသည်။ ဤမျှဆိုလျှင် တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ရခြင်းမှာ အဘယ့်ကြောင့်ဆိုသည်ကို သိသင့်ပေပြီ။ သဘောင်္မှ သက်တမ်းကုန်ခဲ့ပြီဖြစ်သည်”

(တိုက်ရေယာဉ် ၁ဝ၃ အမှာစာမှ)

(၆)

လေမှုတ်သွင်းရသည့် အသက်ကယ်ရာဘာဖောင် ၂ စီးနှင့် သင်္ဘောပျက်အား စွန့်ခွာ၍ ပင်လယ်ပြင်အတွင်း ဆရာတို့သေမင်းနှင့် အံတုခဲ့ကြရ၏။ ပထမဖောင်တစီးတွင် ရဲဘော် ၉ ဦး ပါရှိပြီး ဒုတိယဖောင်တွင်က …. စစ်ရေယာဉ်မှူးဆရာ အပါအဝင် အရာရှိ အကြပ်စစ်သည် ၁၈ ဦး ပါရှိ၏။ အသက်ကယ်ရာဘာဖောင်များက အချင်း ၆ ပေရှိပြီး လူ ၆ ဦးသာ စီးနိုင်သည့် ဖောင်များဖြစ်သည်။ ၆ ဦးစာအတွက် သင့်တင့်သည့် အချိန်ကာလ အတိုင်းအတာတခုအထိ သောက်သုံးနိုင်ရန် ပါရှိသည့် သောက်ရေအား လူ ၁၈ ဦးအတွက် စနစ်တကျ စီမံခန့်ခွဲရသည်မှာ မလွယ်…။

ပင်လယ်အတွင်း အဓိကလိုအပ်ချက်က ‘ရေ’ ဖြစ်သည်။ ရေအသက် …တမနက်…။ ရေအသက်ဖြင့် အသက်ဆက်နိုင်ကြရေးအတွက် တာဝန်ရှိသူတဦးအဖြစ်နှင့် ဆရာစီမံခန့်ခွဲရသည်မှာ လွယ်ကူမည်မဟုတ်…။ မျှတမှု၊ စနစ်ကျမှု၊ မျှော်မြင်ချင့်ချိန်တွက်ချက်နိုင်မှု… တိကျပြတ်သားမှု… စသည့် စီမံဆုံးဖြတ်မှုများနှင့် ဆရာလုပ်ကိုင်ဆောင်ရွက်ခဲ့ရသည်။

“ရေ … ရေ … သောက်ရေ တခွက်လောက်ပေးပါ … စီအိုရယ်”

“ဤစကားကို ကျနော်ကြားရလိမ့်မည်သာဟု တပ်အပ်သိသည်။ ဤစကားသည် ကျနော် မကြားချင်ဆုံး စကားသာဖြစ်သည်။ ကျနော် မည်သို့မျှမတတ်နိုင်။ လိုက်လျောခွင့် မပြုနိုင်သောအရာကို သူက မချိမဆံ့တောင်းခံနေသည်။ သနားစဖွယ်တောင်းခံသည်။ သေခါနီးလူတဦး၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်လျှင် ဖြည့်ဆည်းပေးလိုသည်မှာ ကြင်နာသော ရင်ရှိသည့် လူသားတိုင်း၏ စိတ်ဖြစ်သည်။
တဖန် ယခုတောင်းခံနေသည်မှာလည်း ကျနော် ရင်းနှီးသော မိတ်ဆွေတဦး။ ကျနော့်တွင် သူ့ကို ငြင်းဆန်နိုင်သည့် နှလုံးသားမရှိခြင်းကြောင့် နားကိုပိတ်ထားလျက် မကြားချင်ယောင်ဆောင်နေရုံသာ ရှိတော့၏။ မချိတင်ကဲနှင့်ပင် သူ့အား မကြားချင်ယောင်ပြုနေခဲ့သည်။ လျစ်လျူရှုနေရသည်။ သူကလည်း ရေကိုသာ တစာစာတောင်းနေ၏။

ကျနော်စဉ်းစားသည်မှာ ဗိုလ်စောဦးသည် သေလူဖြစ်နေပြီ။ ကျနော်တို့အားလုံးက သူ့အား အသက်ရှင်စေချင်ကြသော်လည်း သူသည် သေမင်းတံခါးဝသို့ ရောက်နေပြီဖြစ်သည့် လူတဦး။ ရှားပါးလှသည့် သောက်ရေချိုတခွက်ကို မဆိုထား၊ တဘူးလုံးကိုပင် သူတဦးတည်း သောက်သည့်တိုင် အသက်ရှင်နိုင်မည် မဟုတ်တော့။ တိုက်လျှင် သူတဦးတည်း တိုက်၍ကိစ္စမပြီး။ အခြားလူမမာရဲဘော်များကိုလည်း တိုက်ရပေဦးမည်။ အချိန်မဟုတ်ဘဲနှင့် သောက်ရေနှစ်ဘူးကို အပိုသက်သက် ကျနော်မဖြုန်းနိုင်ပါ။ သေသူတွေက သေကြမည်သာ။ အသက်ရှင်နိုင်ရန် အခွင့်အလမ်းကျန်နိုင်သူများအဖို့ ဤသောက်ရေနှစ်ဘူးသည် အသက်ဆက်ခွင့်ရမည်သာ ဖြစ်၏။ အုပ်ချုပ်မှုအာဏာဟူသည် ရက်ရောစွာ စေတနာထားခြင်းနှင့် ရက်စက်စွာ တိကျပြတ်သားခြင်းတို့ ပူးတွဲလျက် သူ့နေရာနှင့်သူ သုံးရခြင်းပင် ဖြစ်သည်။

ကျနော်သည် နားမခံနိုင်သာသည့်အဆုံး၌ ပင်လယ်တွင်းမှ ဆားငန်ရေတခွက်ကို လက်လှမ်း၍ခပ်ကာ သူ့အား ပေးလိုက်၏။ တပ်ကြပ်မောင်အေးက သူ့ဦးခေါင်းကိုဖေးမကာ သူ့အား ပေးတိုက်၏။ သူသည် ရေကို တကျိုက်သောက်လိုက်ပြီးမှ ‘ဆားငန်ရေတွေပါဗျာ’ ဟု နောက်ဆုံးသော စကားကိုဆိုကာ ဘေးသို့ ခွေကျသွားလျက် စောင်းငဲ့ကျသွားသည်”

(တိုက်ရေယာဉ် ၁ဝ၃ စာမျက်နှာ ၅၆ မှ)

ဤသည်ပင် …ဆရာ့၏ ပြတ်သားသည့် စီမံမှုဆိုင်ရာ ဆုံးဖြတ်နိုင်မှု အရည်အချင်းဖြစ်သည်။ မလွယ်…။ ‘ဆားငန်ရေတွေပါဗျာ’ ဟူသည့် ဗိုလ်စောဦး၏ နောက်ဆုံးစကားအား …ဆရာမည်သို့သော နှလုံးသားနှင့် ခံစားခဲ့ရမည်နည်း…။

(၇)

အကျပ်အတည်းအခက်အခဲများ ပြင်းထန်လွန်သည့် အချိန်တွင် ခေါင်းဆောင်မှုသည် အရေးကြီး၏။ ခေါင်းဆောင်မှု ညံ့ဖျင်းပါက… ထိုခေါင်းဆောင်သည် …ခေါင်းရှောင်ဖြစ်၍သွား၏။ မည်သည့်တန်ဖိုးမျှ မရှိတော့…။ ကျဆင်းကွယ်ပျောက်သွား၏။ ပခုံးထက်တွင် ဆင်းမြန်းထားသည့် ရာထူးအဆင့်တို့သည်လည်း မည်သို့မျှ အရာမရောက်တော့…။

အကျပ်အတည်းအတွင်း ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်တဦး၏ အရည်အသွေးများစွာအနက်… အနစ်နာခံစရာရှိလျှင်… ခေါင်းဆောင်မှစတင်၍ အနစ်နာခံခြင်းနှင့် ရှေ့မှ မားမားမတ်မတ် လုပ်ဆောင်နိုင်ခြင်းသည်လည်း တခုသော အရည်အချင်းဖြစ်မည်။

“ရေငတ်သည့်ဒဏ်က ပြင်းထန်လှသည့်နှင့်အမျှ မိမိ၏ ကျင်ငယ်ရေကို သောက်ကြည့်လိုသူများက မေးစမ်းကြသည်။ ကျနော်က ကျင်ငယ်ရေသည် သောက်၍ရကောင်းရမည် ဖြစ်သော်လည်း ရေငတ်မပြေစေသည့်ပြင် ရောဂါပင်ရနိုင်သည်ဖြစ်ကြောင်း ပြောကာ မသောက်ကြရန် တားမြစ်ထားခဲ့ရသည် သို့သော် ဤပြဿနာမှာ ပြေလည်မသွားပါ။ သောက်စမ်းကြည့်လိုသူများက များပြားလာသည်။

“သောက်မရပါဘူးလို့ ငါပြောပြီးသားပဲကွာ”
“မဟုတ်ပါဘူး စီအို၊ များများသောက်မကြည့်တောင် နည်းနည်းလေးသောက်ကြည့်ရင် ရမယ်ထင်တယ်၊ စမ်းကြည့်တာ မမှားပါဘူး”

သူတို့အားလုံး သေးပေါက်၍သောက်ချင်သူများ “ကဲ ရှုပ်မနေနဲ့ကွာ၊ ရေပက်ထုတ်တဲ့ ပလပ်စတစ်ခွက်ပေးစမ်း၊ ငါ့ဘာသာ အကြံထုတ်လို့ဖြစ်ရင် မင်းတို့လည်း သောက်ကြ”

“ဟေ့ကောင်တွေ ပူတယ်ကွ”

“ဟုတ်တယ် ပူတယ်၊ ပင်လယ်ရေမှာ နည်းနည်းစိမ်ထားလိုက်ရင် အေးသွားမှာပါ၊ အေးတော့ သောက်ကြည့်တာပေါ့ စီအို”

“ကဲ သောက်မယ်ဆို သောက်လို့ရပြီထင်တယ်”

ကျနော်က ဆီးခွက်ကို လှမ်းယူလိုက်သည်။ သူတို့၏ မျက်စိအစုံသည် ကျနော့်လက်တွင်းရှိ သေးခွက်နှင့် ကျနော့်မျက်နှာကိုသာ စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ကျနော်က သေးခွက်ကို နှုတ်ခမ်းတွင်တေ့ကာ တငုံစာမျှ ပါးစပ်တွင် သွင်းလိုက်သည်။ သေးတငုံစာမျှသည် ခံတွင်းဝတွင် ဝင်သွားသည်။ လည်ချောင်းတွင်းသို့မူ မဝင်သေး၊ မထွေးနိုင်မအန်နိုင်သော အခြေအနေတွင် မိမိကျင်ငယ်ရေ၏ အရသာသည် လျှာတခုလုံးကို စိမ့်ဝင်သွားသည်။

သေးတငုံစာသည် လည်ချောင်းတွင် မရောက်မီမှာပင် ကျနော့်ပါးစပ်တွင် တစ်ဆို့သည်းနင့်ကာ မွှန်သွားသည်ကြောင့် ပါးစပ်တွင်း နှာခေါင်းတွင်းမှ ပြန်ထွက်လာပါတော့၏။

“ခွပ် ခွပ် ခွပ်၊ ခွီး ခွီး၊ ငါ့လခွီး သောက်လို့မရပါဘူးလို့ ငါပြောသားပဲ .. ထွီ”

(တိုက်ရေယာဉ် ၁ဝ၃ စာမျက်နှာ ၆၁၊ ၆၂ မှ)

ဆရာက ဤသို့သော ခေါင်းဆောင်ဖြစ်သည်။

(၈)

တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ခဲ့ပြီး နှစ်ပေါင်း ၃ဝ ကြာမှ တိုက်ရေယာဉ် ၁ဝ၃ ၏ ကိုယ့်တွေ့အဖြစ်အပျက်အား ဆရာသည် ပေဖူးလွှာမဂ္ဂဇင်းတွင် အခန်းဆက်မဂ္ဂဇင်း ဝတ္ထုရှည်အဖြစ်နှင့် ၅ လဆက်တိုက် ရေး၏။ မဂ္ဂဇင်းတွင် ဖော်ပြပါရှိပြီးမှ လုံးချင်းဝတ္ထုငယ်အဖြစ်နှင့် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၃ဝ ကြာမှ တိုက်ရေယာဉ် ၁ဝ၃ အားရေးသားရခြင်းနှင့် ပတ်သက်၍ ဆရာက… စာအုပ်၏ အမှာစာတွင် ဤသို့အကြောင်းပြ၏။

“ကျနော်သည် တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ပြီးသည့်နောက် နှစ်ပေါင်း ၃ဝ တိုင်အောင် မရေးဘဲနေခဲ့ရာမှ ယခုအချိန်သည် ကျနော့်ဘဝ၏ ဆည်းဆာချိန်လည်း ရောက်ပြီ။ မြန်မာစာပေတွင် ရှိသင့်သော ရေကြောင်းစာပေတရပ်လည်း ကျန်ရစ်စေဟူသော ရည်ရွယ်ချက်နှင့်အတူ ကျနော့်ရဲဘော်များ၏ ပင်လယ်ပြင်ကို အန်တုလျက် တိုင်းပြည်တာဝန် ကျေပွန်ခဲ့မှုကိုလည်း ချီးကျူးမှတ်တမ်းတင်သည့်အနေနှင့် အကျိုးမဲ့ အချည်းနှီး မဖြစ်စေလိုသော ဆန္ဒနှင့် ဖွင့်ဟရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

နှစ်ပေါင်း ၃ဝ စောင့်ဆိုင်းနေခဲ့ခြင်းမှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း အသက်ပေးသွားခဲ့သည့် ရဲဘော်တစုတို့၏ ကျန်ရစ်မိသားစုများ စိတ်မချမ်းမသာဖြစ်ကြမည်ကို စိုးရိမ်သောကြောင့် တတ်နိုင်သမျှ နှုတ်ပိတ်ရေငုံနေခဲ့ခြင်း ဖြစ်ပါသည်”

(တိုက်ရေယာဉ် ၁ဝ၃ အမှာစာမှ)

သို့သော်…. ထိုထက်အဓိကျသည့် အခြား၊အခြားသော အကြောင်းများလည်း ရှိမည်ဟု ယူဆမိ၏။

တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ပြီး ဆရာရန်ကုန်သို့ ပြန်ရောက်ခါစ….၊ ကျန်းမာရေးအရ ခွင့်နှင့်ရှိနေစဉ်…. တိုက်ရေယာဉ် ၁ဝ၃ အား အင်္ဂလိပ်ဘာသာနှင့် ဆရာ ရေး၏။ အမေရိကန် ပြည်ထောင်စုတွင် ထုတ်ဝေသည့် စာပဒေသာမဂ္ဂဇင်းသို့ ပေးပို့ရန် ဖြစ်သည်။ စာမူအား အင်္ဂလိပ်ဘာသာနှင့် ရေးပြီးသည့်နောက်တွင် …. တည်းဖြတ်ရန်အတွက် ဂါးဒီယန်းဦးစိန်ဝင်းအား ဆရာအကူအညီတောင်း၏။ ဂါးဒီယန်းဦးစိန်ဝင်းကလည်း တိုက်ရေယာဉ် ၁ဝ၃ အင်္ဂလိပ်စာမူအား တည်းဖြတ်ပေး၏။ သို့နှင့်…. ဆရာသည် ဂါးဒီယန်ဦးစိန်ဝင်းထံသို့ အသွားအလာ စိပ်နေခဲ့ရ၏။

ထိုစဉ်က… ဂါးဒီယန်းဦးစိန်ဝင်းအား အာဏာရအုပ်စိုးသူတို့က ရန်သူတဦးအဖြစ် သတ်မှတ်ကာ စောင့်ကြည့်နေသည့် အချိန်ဖြစ်သည်။ ဤတွင်… သင်္ဘောပျက်၍ ခွင့်ရက်ရှည်ပေးထားသည့် စစ်ဗိုလ်တဦးက မည်သည့်အကြောင်းများကြောင့် ဂါးဒီယန်းဦးစိန်ဝင်းထံ နေ့စဉ်ဝင်ထွက်၍ …နေသနည်း…။ မည်သည့်အကြောင်းများအား ဆွေးနွေးကြ၊ တိုင်ပင်နေကြသနည်း…။

မကြာ… ဆရာ့အား ထောက်လှမ်းရေးများက ဖမ်းဆီး၍ အင်းစိန်ထောင်သို့ ပို့လိုက်လေ၏။ ၄ နှစ်မျှ အင်းစိန်ထောင်အတွင်း ဆရာနေလိုက်ရသည်။

ဆရာက… တိုက်ရေယာဉ် ၁ဝ၃ အား ပေဖူးလွှာတွင် ရေးသည့် အခါတွင်လည်း… အခန်းဆက်ဝတ္ထုရှည်အဖြစ် အပိုင်း ၇ ပိုင်းအထိ ရေးရန် ရည်ရွယ်ထား၏။ သို့သော်… အပိုင်း ၆ နှင့် အပိုင်း ၇ တို့အား ဆရာမရေးဖြစ်ခဲ့…. မရေးဖြစ်သည့် အကြောင်းအား ဆရာက….

“ကျနော် ဆက်လက်ရေးသားရန် ရည်ရွယ်ရင်းရှိသည့်အပိုင်းမှာ ကျနော်တို့ သေရွာပြန်များ အသက်မသေဘဲ ရန်ကုန်ပြန်ရောက်ပြီးသည့်နောက်တွင် တိုက်ရေယာဉ် ၁ဝ၃ နစ်မြုပ်ခြင်းနှင့်ပတ်သက်ကာ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ဖြင့် ကျနော်တို့အား စစ်ဆေးကြပုံ၊ ၎င်းအဖွဲ့၏ ထောက်ခံချက်အားဖြင့် စစ်ရေယာဉ်မှူးဖြစ်သူ ကျနော့်အား စစ်တရားခုံရုံးတွင် စွဲချက် ၄ ရပ်တင်ကာ စစ်ဆေးကြပုံ စသည် စသည်များနှင့် တိုက်ရေယာဉ် ၁ဝ၃ ကို ရှာပုံတော်ဖွင့်ကြပုံ၊ ထိုခေတ်က ထုတ်ဝေသည့် မြန်မာသတင်းစာလောကမှ သတင်းရေးသားပုံ၊ နိုင်ငံခြားထုတ် သတင်းစာများက ကျနော်တို့အကြောင်း ရေးသားပုံ စသည့် အချက်အလက်များ ဖြစ်ပါသည်။
သို့သော်… သက်ဆိုင်ရာပုဂ္ဂိုလ်များက ဤသည်တို့မှာ တပ်မတော်နှင့်သာ သက်ဆိုင်သော ကိစ္စများ၊ သတင်းစာလောက၏ ထင်ဟပ်ချက်များသာလျှင် ဖြစ်ခြင်းကြောင့် ဖြုတ်ပယ်ထားသော် ကောင်းအံ့ဟု အကြံပြုသည့်အတွက် ယင်းပုဂ္ဂိုလ်တို့က စေတနာနှင့်ပေးသော အကြံအရ ဖြုတ်ပယ်ချန်ထားခဲ့ရခြင်း ဖြစ်ပါသည်”

(တိုက်ရေယာဉ် ၁ဝ၃ နောက်ဆက်တွဲအမှာစာမှ)

ဆိုလိုသည်ကား… (မဆလ) ဆင်ဆာက ခွင့်မပြုဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ တိုက်ရေယာဉ် ၁ဝ၃ တွင် မပါရှိခဲ့သည့်… အပိုင်း ၆ နှင့် အပိုင်း ၇ တို့အား ဖတ်ကြည့်ခွင့်ရခဲ့လျှင်ကား….။

No comments:

Post a Comment