Thursday, February 11, 2010

NLD ဗဟိုကော်မတီ ရွေးချယ်မှုတွင် သဘောထား ကွဲလွဲမှုများရှိနေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တိုင်းနှင့်ပြည်နယ် အဆင့် ဗဟိုကော်မတီ ကိုယ်စားလှယ် ရွေးချယ်မှုများတွင် သဘောထား ကွဲလွဲမှု တချို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ပဲခူးတိုင်းအတွက် ဗဟိုကော်မတီဝင် ၇ ဦးရွေးချယ်ရာတွင် အောက်ခြေအဆင့် မြို့နယ်များမှ လွတ်လပ်စွာ ရွေးချယ်သည့် စနစ်အစား ဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC)မှ ချမှတ်ပေးသည့် ကိုယ်စားလှယ်များကိုသာ ရွေးချယ်စေကြောင်း တောင်ငူမြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ဦးအောင်စိုးမြင့်က ဧရာဝတီသို့ပြောသည်။

“အောက်ခြေကတင်ပြတဲ့သူ တဦးမှမပါဘူး၊ ဗဟိုနဲ့ တိုင်းဥက္ကဋ္ဌက ရွေးတဲ့သူတွေချည်းပဲ၊ ဒါကတော့ ဒီမိုကရေစီစနစ်လည်း မကျ ဘူး၊ ရုပ်ဆိုးတဲ့လုပ်ရပ်ပဲ ”ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်းအတွက် ဗဟိုကော်မတီဝင် ၇ ဦး တင်မြှောက်ခွင့်ရရှိသော်လည်း ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးညွန့်ဝေက CEC မှ ချမှတ်ထားသည့် ကိုယ်စားလှယ် ၅ ဦးနှင့် ၎င်းကိုယ်တိုင် ရွေးချယ်ထားသည့် ၃ ဦး စုစုပေါင်း ၈ ဦးအထိ ရွေးချယ်ခဲ့ကြောင်း ဦးအောင်စိုးမြင့်က ဆို သည်။

ညောင်လေးပင်မြို့နယ်ကိုယ်စားလှယ် ဆရာကြီး ဦးထွန်းကြွယ်ကလည်း ယခုရွေးချယ်မှုသည် မျှတမှုမရှိကြာင်း၊ လွတ်လပ်စွာရွေး ချယ်ခွင့်မရှိသည့်အတွက် တိုင်းဥက္ကဋ္ဌ ဦးညွန့်ဝေအား ပြင်းထန်စွာကန့်ကွက်ကြောင်း သိရသည်။

CEC အဖွဲ့မှ ရွေးချယ်ထားသူများမှာ ပြည်ခရိုင်မှ ဒေါက်တာခင်မောင်ဝင်းနှင့် ဦးလှကျော်၊ သာယာဝတီခရိုင်အတွက် ဒေါ်လှလှမိုး၊ ပဲခူးခရိုင်အတွက် ဦးကျော်သိန်း နှင့် ယခင်ပါမောက္ခဟောင်း ဆရာကြီး ဦးထွန်းကြွယ်တို့ဖြစ်ပြီး တောင်ငူခရိုင်အတွက်ကိုယ်စား လှယ်ရွေးချယ်မှု မရှိကြောင်း သိရသည်။

ဒေါက်တာခင်မောင်ဝင်းသည် ပြည်မြို့နယ်တွင် NLD အဖွဲ့စတင်ဖွဲ့စည်းသည့်အချိန်က ပါဝင်ခဲ့သူ တဦးဖြစ်သော်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီမှ ခွဲထွက်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် NLD နှင့် အပြိုင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ တဦးဖြစ် သည်။

NLDဗဟို အနေဖြင့် အခြေအနေအရပ်ရပ်ကြောင့် မြို့နယ် အဆင့်ဆင့်တွင် ရွေးကောက်တင်မြှောက်မှုများ မလုပ်နိုင်သည်ကို နား လည်ပါကြောင်း ၊ သို့သော်လည်း တိုင်းနှင့် ပြည်နယ်အဆင့် အားလုံးတွင် လွတ်လပ်စွာ မဲပေးရွေးချယ်စေလိုကြောင်း၊ ရန်ကုန်တိုင်း တွင် လွတ်လပ်စွာ မဲပေးရွေးချယ်ခဲ့သော်လည်း ပဲခူးတိုင်းတွင် ရွေးချယ်ခွင့်မရခဲ့ကြောင်း ဦးအောင်စိုးမြင့်က ထောက်ပြသည်။

ယခုရွေးကောက်မှုနှင့် ပတ်သက်၍ ပဲခူးတိုင်းအရှေ့ခြမ်း မြို့နယ်ကိုယ်စားလှယ်များ အနေဖြင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အား ပြန်လည်သုံးသပ်နိုင်ရန်အတွက် စာပေးပို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုကော်မင်္တီရွေးချယ်မှုမှာ တည်ဆောက်ရေး ကာလမဟုတ်ဘဲ တိုက်ပွဲဝင်ကာလဖြစ်သည့်အတွက် တတ်သိပညာရှင်များထက် တိုက်ပွဲဝင်နိုင်မည့် ခေါင်းဆောင်များကိုသာ အဓိကရွေးချယ်သင့်ကြောင်း၊ ရွေးချယ်ရာတွင်လည်း တိုင်း၊ ခရိုင်၊ မြို့နယ်များ ၏ ဗဟိုကော်မတီကို ရွေးချယ်ပြီးမှ CEC ကိုရွေးချယ်စေသင့်ကြောင်း မန္တလေးတိုင်း မိထ္တီလာမြို့နယ် စည်းရုံးရေးမှူး ဒေါ်မြင့်မြင့်အေး က ပြောသည်။

“အခုဗဟိုကော်မတီကို လူနည်းစု CEC စိတ်ကြိုက် ရွေးနေသလိုဖြစ်နေတယ်၊ ဗဟိုကကြိုက်တာကိုပဲ ရွေးတယ်”ဟု ၎င်းက ဆို သည်။

ယခုအခါ တနသာင်္ရီတိုင်း ၊ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ကချင်ပြည်နယ်များတွင် ရွေးချယ်ပြီးစီးပြီး ဖြစ်ကြောင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် ရွေးချယ်ဆဲဖြစ်ကြောင်း သိရသည်။

NLD အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေကလည်း ပဲခူးတိုင်းအတွင်း ဗဟိုကော်မတီရွေးချယ်မှုနှင့်ပတ်သက်၍ သဘော ထားကွဲလွဲမှု အနည်းငယ်ရှိကြောင်း၊ ရွေးချယ်မှုပုံစံတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု ထင်မြင်ကြောင်းပြောသည်။

“ဒီမိုကရေစီဆန်တဲ့ ကျင့်ထုံးတွေကို မကျင့်သုံးဘူး၊ အောက်ခြေအဖွဲ့တွေနဲ့လည်း အဆင်မပြေဘူးလို့ကြားတယ်၊ တောင်ငူ ခရိုင် ကိုယ်စားလှယ်တွေရဲ့ဆန္ဒကို လက်မခံဘူးလို့ ကြားတယ်”ဟု ၎င်းက ဆိုသည်။

NLD အနေဖြင့် ဗဟိုကော်မတီရွေးချယ်ရာ၌ ထားရှိသည့်မူများတွင် နိုင်ငံရေး အရည်အချင်းရှိရမည်၊ ပါတီအပေါ်တွင် သစ္စာ ရှိရ မည်၊ အဖွဲ့ချုပ်၏ နိုင်ငံရေးလုပ်ငန်းများနှင့် မကင်းကွာဘဲ တဆက်တစပ်တည်း ရှိနေသူဖြစ်ရမည်၊အဖွဲ့ချုပ်မှ ကိုင်စွဲထားသည့် နိုင်ငံရေး ရပ်တည်ချက်များနှင့် သဘောတူညီသည့် ပုဂ္ဂိုလ်ဖြစ်ရမည်၊ အဖွဲ့ချုပ်စည်းမျဉ်း စည်းကမ်းအရ အပြစ်ပေးအရေးယူခံ ထားရသည့် သူများ မဖြစ်ရဟု ပါရှိကြောင်း၊ သို့သော်လည်း ထောင်တွင်းတွင် ပြစ်ဒဏ်ကျခံနေရသည့် အဖွဲ့ဝင်များကိုလည်း ရွေး ချယ်မည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ရှင်းပြသည်။

No comments:

Post a Comment