Saturday, February 6, 2010

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်း

ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏အမိန့်အရ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့်ရေးအစီအစဉ် ဆောင်ရွက်နေမှုများကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ရပ်ဆိုင်းလိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေး ဒုက္ခသည်များအား မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက် ကြောင်း ယမန်နေ့ မွန်းလွဲပိုင်း၌ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခြင်းဖြစ်သည်။

တာ့ခ်ခရိုင်အခြေစိုက် ထိုင်းစစ်တပ်၏တပ်မှူး ဗိုလ်မှူးကြီး ပဒုံရင့် ဖိုင်းဘွန်းစို့က “ဒုက္ခသည်တွေက သူတို့သဘောနဲ့သူတို့ ပြန်တာဖြစ်တယ်။ စစ်တပ်က သူတို့ရဲ့ကလေးတွေ၊ ပစ္စည်းတွေကို ကားနဲ့ ကူသယ်ပေးတာဖြစ်တယ်။ အဲဒါကို စစ်တပ်က ပြန်ပို့တယ်ဆိုပြီး ပြောနေကြတယ်။ စစ်တပ်က နောက်ကို ဘာမှကူညီတော့မှာမဟုတ်သလို ဒီကိစ္စမှာလည်း ၀င်ပြီး ဆောင်ရွက်တော့မှာ မဟုတ်ဘူး” ဟု သတင်းထောက်များကို ပြောသည်။

မူလအစီအစဉ်အရ စစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်က ယမန်နေ့မှစတင်၍ နေရပ်သို့ အပြီးပြန်ပို့မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ရပ်ဆိုင်းကြောင်း အမိန့်မရရှိမီ နံနက်ပိုင်းအချိန်ထိ ထိုင်းနယ်ခြားစောင့်တပ် (ထာ့ဟန်ဖန်း) အဖွဲ့က ဒုက္ခသည်အိမ်ထောင်စု (၃) စုမှ လူ (၁၀) ဦးကို ၎င်းတို့ဆန္ဒမပါဘဲ ပြန်ပို့ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် ဒုက္ခသည်တဦးက ပြောသည်။

၎င်းက “မနေ့မွန်းလွဲကစပြီး ထိုင်းစစ်သား (ထာ့ဟန်ဖန်း) တွေ ကျနော်တို့ကို နေရပ်ပြန်ဖို့ လာပြီးဆူပူတာတွေ မလုပ်တော့ဘူး။ သူတို့ပစ္စည်းတွေယူပြီး သူတို့တပ်စခန်းကို ပြန်သွားတာတွေ့တယ်။ နောက်မှသိရတာက ကျနော်တို့ကို အတင်းပြန်မပို့တော့ဘူးလို့ သိရတယ်။ ဒုက္ခသည်တွေကတော့ အတော်လေးပျော်နေကြတယ်။ မနေ့က မနက်အစောကြီးကတော့ ထိုင်းစစ်တပ်က မိသားစု (၃) စုကို အတင်းကားပေါ်တင်ပြီး ဟိုဘက်ကမ်းကို ပြန်ပို့ခဲ့တယ်” ဟု ပြောသည်။

မြေမြှုပ်မိုင်းကွင်းများ အများအပြားရှိသည့် နယ်မြေသို့ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့မည့်ကိစ္စကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့ရာ ထိုင်းအခြေစိုက် လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်ကလည်း ပူးပေါင်းပါဝင် ထောက်ခံခဲ့ကြသည်။

ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန်လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။

ဒုက္ခသည်များပြန်ပို့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က ဒုက္ခသည်များကိုပြန်ပို့ရန် မူဝါဒမရှိကြောင်း ထိုင်းသတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်

No comments:

Post a Comment