Thursday, May 27, 2010

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/ ၂၀၁၀) ကို ဝေဖန်သုံးသပ်ခြင်း

ဦးမျိုး (ဥပဒေ) / ၁၉ မေ ၂၀၁၀
http://www.khitpyaing.org/index.php?route=detail&id=971

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ရွေးကောက်ပွဲဥပဒေမှာ (၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် - ၆၅ ) “၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲအက်ဥပဒေ” ဖြစ်သည်။ တဆက်တည်း ပါလီမန်ရွေးကောက်ပွဲနည်းဥပဒေများကိုလည်း ပြဋ္ဌာန်းပြီး ကျင်းပခဲ့ပါသည်။ သို့သော် ယခုကဲ့သို့ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်ပါရှိသော အမျိုးသားလွှတ်တော်တွင် (၂၂၄) ဦးအနက် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော စစ်သားကိုယ်စားလှယ် (၅၆) ဦးနေရာနှင့် ပြည်သူ့လွှတ်တော်တွင် (၄၄၀) ဦးအနက် ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော စစ်သားကိုယ်စားလှယ် (၁၁၀) ဦး နေရာတို့ကို ကြိုတင်သတ်မှတ်ထားခဲ့ခြင်းမျိုး မရှိပါ။ မဲပေးခြင်းဆိုင်ရာမူကို ချိုးဖောက်ပြီး နေရာရယူ သတ်မှတ်ထားခြင်းမျိုးကို အလျဉ်းမတွေ့ရပါ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေပြုကဏ္ဍ အဆင့်အသီးသီးတို့တွင် တပ်မတော်သား (၂၅) ရာခိုင်နှုန်း ပါဝင်စေရန် နေရာကြိုတင်သတ်မှတ်ထားခြင်းမျိုးလည်း လုံးဝမပါရှိပါ။ တပြည်ထောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် စရွေးကိုက် အံဝင်ခွင်ကျဖြစ်စေရန် ပြဋ္ဌာန်းလာသည့် နအဖ ဥပဒေ အမှတ် ၁/၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဥပဒေ၏ ဘက်လိုက်မှု မတရားမှုအားလုံးကို ဖော်ထုတ်ရန် လိုအပ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ - ၂၀၁ ပါ (က) မှ (ဍ) အထိ သမ္မတ၊ ဒုသမ္မတ၊ ဒုသမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ စုစုပေါင်း (၁၁) ဦးစလုံးမှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မည့် စစ်အုပ်စု ဗိုလ်ချုပ်ကြီးများသာဖြစ်ကြောင်း တွေ့ရပါသည်။ ထို (၁၁) ဦး၏ အမည်စာရင်းကို ရွေးကောက်တင်မြှောက်ခြင်း မပြုမီကပင် နေပြည်တော်တွင် စာရင်းထွက်ပြီးသားရှိပါသည်။ (၁၁) ဦး စစ်အုပ်စုက စိတ်ကြိုက် ခေါင်းစဉ်လိုက်ရွေးချယ်သွားမည့် ကော်မရှင်ဥပဒေကို ၉.၃.၂၀၁၀ နေ့စွဲဖြင့် ထုတ်ပြန်လာပါသည်။ သမိုင်းကို မအအောင် (ငတုံး ငအ) မဖြစ်အောင် သင်ကြားထားပြီးသော တိုက်ပွဲဝင်ပြည်သူများအနေဖြင့် မတရားသည့် အမိန့်အာဏာမှန်သမျှ ဆန့်ကျင်တိုက်ဖျက်ပစ်ရန် လိုပါသည်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ - ၄၄၃ (ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။) နှင့်အညီ ပြဋ္ဌာန်းသည်ဟုလည်း ဖော်ပြထားသည်။ နအဖကောင်စီကို သော်လည်းကောင်း၊ နအဖကောင်စီ၏ လုပ်ငန်းရပ်များကိုသော်လည်းကောင်း ၂၀၀၈ အခြေခံဥပဒေထဲတွင် ကြိုတင်ပြင်ဆင် ထည့်သွင်းထားခြင်းကိုယ်နှိုက်က မတရားဘက်လိုက်မှုကို ကြီးကြီးမားမား လုပ်ဆောင်သွားမည်ဟု စိန်ခေါ်ထားကြောင်း တွေ့ရသည်။ သွားလေသူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ပြောခဲ့သည့် သူတို့အစိုးရဟာ တဆက်တည်း အုပ်ချုပ်သွားမည့် အစိုးရဖြစ်ကြောင်း ပြောခဲ့သည့် စကားအတိုင်း အမှန်တကယ် လုပ်ချလိုက်ခြင်းဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း တွေ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဗြောင်လိမ်စရာ မလိုအပ်တော့။ ယခု နအဖစစ်အစိုးရသည် ၂၀၁၀ နအဖစစ်အစိုးရသာဖြစ်ကြောင်းကို ပြည်သူတွေက မျောက်လောင်း မျောက်လောင်းပါပဲဗျာ ပြောကုန်ကြပြီ။

ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ထုတ်ပြန်သည်က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းပေးသည်က နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦး။ ကော်မရှင်အဖွဲ့ဝင်တဦးချင်းကို စစ်ဆေးကြည့်လိုက်ပါက ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် အဖွဲ့ဝင် (၄၅) ဦးထဲမှာ ပါဝင်ခဲ့သည့် လခစားဝန်ထမ်းများသာ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ၎င်းပုဂ္ဂိုလ်အားလုံးမှာ နအဖနှင့် ကြံ့ဖွံ့ မတော်မတရားလုပ်ခဲ့သည့် အမှုတိုင်းလိုလိုမှာ ပါဝင်ခဲ့သည့် နာမည်ပျက်နှင့် ကျော်ကြားသော လူမရိုသေ ရှင်မရိုသေ လူမသိသူမသိ လခစား မင်းတိုင်းကျေများသာဖြစ်ကြောင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သိကြပါသည်။ ယခုကော်မရှင်ဥပဒေ (၁/၂၀၁၀) ပုဒ်မ - ၄ (ခ) တွင် “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ယူဆသူဖြစ်ရမည်” ဟု ပေါ်လွင်စွာ ဖော်ပြထားသည်။ နအဖ စစ်ကောင်စီက ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် ယူဆသူများသာဖြစ်ရမည် ဆိုသောကြောင့် နအဖဘက် ဘက်လိုက်သူများသာ ဖြစ်နေပါသည်။ ဘက်လိုက်မှုကြီးစွာ တရားမျှတမှုကင်းမဲ့စွာဖြင့် ရွေးကောက်ပွဲ ကန်လန့်ကာရှေ့ ထွက်ပြလာပါသည်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ- ၄ (စ) အရ “ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လစာ၊ စရိတ်၊ ကြေးငွေရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုသူ ဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။ အခြားရာထူးဆိုသည်မှာ ကော်မရှင်ရာထူးမှလွဲ၍ မည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရသူသာ ဖြစ်ရပါမည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး အပါအ၀င် ကော်မရှင်အဖွဲ့ဝင်အားလုံးမှာ အစိုးရ၀န်ထမ်းဘ၀မှ ထွက်နှင့်ပြီးသားဖြစ်ရပါမည်။ သို့မဟုတ်ပါက နိုင်ငံရေးနှင့် ကင်းရှင်းသူ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်ဆိုသော ဤဥပဒေ ပုဒ်မ - ၄ (င) ကို ချိုးဖောက်နေသူများဖြစ်၍ ကော်မရှင်တဖွဲ့လုံး ဥပဒေချိုးဖောက်သူများအဖြစ် ရာဇ၀တ်ကောင်များကဲ့သို့ နိုင်ငံတကာမြင်ကွင်းတွင် ကြည့်မကောင်း မြင်မကောင်း အမြင်မတော်ဖြစ်နေသည်။

ဤကော်မရှင် ဥပဒေပုဒ်မ - ၂ (စ) တွင် “ကော်မရှင်ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ကြီးကြပ်နိုင်ရေးအတွက်လည်းကောင်း ဤဥပဒေနှင့်အညီ ဖွဲ့စည်းသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆိုသည်” ဟု ဖော်ပြထားပြီး ဤဥပဒေ ပုဒ်မ-၈ တွင် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပုဒ်မ ၈ (ဋ) တွင် “နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း” ဟု ထပ်ဆင့်ပြဋ္ဌာန်းထားပြန်သည်။

ရွေးကောက်ပွဲကော်မရှင်မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းရပ်များတွင်သာ တခုတည်းသော တာဝန်ရှိပါသည်။ နိုင်ငံရေးပါတီများနှင့် လုံးဝကင်းရှင်းနေရမည်ဖြစ်ပြီး ပါတီနိုင်ငံရေးထဲတွင် ပါဝင်ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းများ လုပ်ရသည့် အဖွဲ့မျိုးမဟုတ်ပါ။ ဘက်လိုက်မှု လုံးဝကင်းရှင်းနိုင်ရန် ဥပဒေအရပင် တားမြစ်ပိတ်ပင်ထားလေ့ရှိပါသည်။ ရွေးကောက်ပွဲဆိုင်ရာ သမိုင်းအချက်အလက်များကို ပြန်လည်ငဲ့စောင်းကြည့်လိုက်လျှင် ပါလီမန်ခေတ်ကာလက ယခုစစ်အုပ်စု၏ ဘိုးအေ ဗိုလ်နေ၀င်းကိုယ်တိုင်က ရွေးကောက်ပွဲတွင် ခြေလွန်လက်လွန် တည်မြဲတို့ မဲရရှိရန် လူသိရှင်ကြား ဘက်လိုက်ကြသည်ဟု အကြောင်းပြကာ မိမိမလိုလားသူ စစ်ဗိုလ်ကြီးများအချို့ကို လျှို့ဝှက်အစည်းအဝေးသို့ ဗိုလ်နေ၀င်းကိုယ်တိုင် တင်သွင်း၍ ရာထူးမှထုတ်ခဲ့သည်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်မှူးကြီး အေးမောင်၊ ဗိုလ်မှူးကြီး တင်မောင်၊ ဗိုလ်မှူးကြီး လူမော်၊ ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဗိုလ်မှူးကြီး သိန်းတုတ်နှင့် ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်တို့အား ပင်စင်လစာပေး၍ တပ်မှ အနားယူကြစေသည်။(ကြေးမုံ ဦးသောင်း - ရွှေကညစ်နှင့် ရေးကာ စာကိုစီ၊ စာ-၁၂၅) ဟု ဖတ်မှတ်ဖူးပါသည်။ ဘက်လိုက်မှု လုံးဝကင်းရှင်းစေရန် တွေ့ရသော ဖြစ်ရပ်သာဓကတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပါတီစုံရွေးကောက်ပွဲကို ငါးကြိမ်တိုင်တိုင် ကျင်းပခဲ့ဖူးပါသည်။
၁။ ပထမအကြိမ် ၁၉၄၇ ဧပြီ (၉) ရက်နေ့တွင် ကျင်းပခဲ့သည်။ အမတ်နေရာ (၂၂၅) နေရာတွင် ဖဆပလအဖွဲ့ချုပ်က (၉၇) ရာခိုင်နှုန်း အနိုင်ရပြီး သခင်သန်းထွန်း၏ ဗမာပြည်ကွန်မြူနစ်ပါတီက အမတ် (၈) နေရာ အနိုင်ရခဲ့သည်။
၂။ ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၂ ခုနှစ်တွင် ကျင်းပသည်။
၃။ တတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်တွင် ဖဆပလ အုပ်ချုပ်မှုအောက်၌ ပုံမှန်ကျင်းပခဲ့သည်။
၎။ စတုတ္ထအကြိမ် ရွေးကောက်ပွဲဖြစ်သည့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရနာမည်ခံပြီး မလွှဲမရှောင်သာ ကျင်းပပေးခဲ့သည်။
၅။ ပဉ္စမအကြိမ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း မလွှဲမရှောင်သာ စစ်အုပ်စုက လုပ်ပေးခဲ့သည်။ မဲ (၈၂) ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့သည်။ န၀တ ရွေးကောက်ပွဲဥပဒေ အမှတ် - ၁/၈၈၊ ပုဒ်မ - ၃ တွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေအရ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟု ကိုယ်ကိုယ်တိုင်ပြဋ္ဌာန်းထားသည့် ဥပဒေအား ကိုယ်တိုင်ချိုးဖောက်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၀၀) ကျော်အပါအ၀င် အဖွဲ့ချုပ်ဝင်များ လူ (၁) ထောင်ကျော်ကို ဖမ်းဆီးအရေးယူခဲ့သည်။ ယခုနောက်ဆုံးအနေဖြင့် န၀တ ရွေးကောက်ပွဲကော်မရှင် ဥပဒေ အမှတ် ၁/၈၈ ကို ဤ နအဖ ကော်မရှင်ဥပဒေ ၁/ ၂၀၁၀ ပုဒ်မ ၁၄ ဖြင့် ရုပ်သိမ်းလိုက်ပြန်ပါသည်။ ဥပဒေကို နိုင်ငံရေးက မွေးဖွားပေးရသဖြင့် နိုင်ငံရေးကို ဥပဒေဖြင့် သတ်ပစ်၍ ရကောင်းသည့်အရာမဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပိုမိုတောက်ပြောင်လာပါသည်။ သမိုင်းဖြစ်ရပ်မှန်များက ပူပူလောင်လောင် ရှိနေသည်။

၁၉၉၆ ခုနှစ် ဇွန်လ (၇) ရက်နေ့က နအဖ ထုတ်ပြန်သည့် ၅/၉၆ - အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ထုတ်ပြန်၍ နိုင်ငံရေးပါတီများအား …
(က) ကာလသတ်မှတ်၍ ရပ်ဆိုင်းထားနိုင်သည်။
(ခ) ဖျက်သိမ်းနိုင်သည် (သို့မဟုတ်)
(ဂ) မတရားသင်းဥပဒေအရ မတရားသင်းအဖြစ် ကြေညာနိုင်ကြောင်း ပြဋ္ဌာန်းထားသေးသည်။ တိုင်းရင်းသား ငြိမ်းချမ်းရေးခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်တွင်း အသက်စွန့်လွှတ်ခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲအတွက် လွှတ်ပေးရပေမည်။ အရွေးကောက်ခံပိုင်ခွင့်လည်း ပေးရမည်။ လူတိုင်းလူတိုင်း လူ့အခွင့်အရေး ရှိသင့်ပေသည်။

ဤရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ - ၉ တွင် “အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်။
(ခ) ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ။
(ဂ) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များ” ဟု ဖော်ပြထားသည်။

ခုံအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်(conclusive) ဖြစ်သည်ဟု အတိအကျ
ပြဋ္ဌာန်းထားသဖြင့် နအဖ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ - ၂၉၄ တွင် ပါရှိသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည် ဆိုသော တရားစီရင်ရေးအာဏာထက် ရွေးကောက်ပွဲခုံရုံးက ပိုမိုမြင့်မားနေသည်ကို တွေ့ရပါသည်။ တရားလက်လွတ် အသားကုန် အာဏာပေး၍ မည်သည့်တရားစီရင်ရေးကမှ ၀င်ရောက်ကုစားမပေးနိုင်သည့် မတရားခုံရုံးမျိုးကို မည့်သည့်နိုင်ငံတွင်မှ ပြဋ္ဌာန်းထားခြင်းမရှိပါ။ အရူးအမူး အာဏာလောဘဇောတက်ကာ မတော်မတရားလုပ်နိုင်ရန် ရမ်းကားစိမ်ခေါ်မှု ဖြစ်သွားပါသည်။ နိုင်ငံရေးပါတီများကို လမ်းညွှန်ဦးမည် ဆိုသည်က ပို၍ရယ်မောဖွယ်ရာဖြစ်နေသည်။ တရားစီရင်ရေးစနစ်တခုလုံးအပေါ် ရွေးကောက်ပွဲကော်မရှင်က လွှမ်းမိုးချယ်လှယ်သွားစေရန် ပြဋ္ဌာန်းလာမှုမှာ လူ့အဖွဲ့အစည်းအတွက် အနိဋ္ဌာရုံများကိုသာ ဖြစ်ပေါ်လာစေနိုင်ပါသည်။ တရားမျှတမှု လုံးဝဆိတ်သုဉ်းသွားစေသည်။ စစ်အုပ်စု ကြံ့ဖွဲ့မဟုတ်သော အခြားတဦးဦး တဖွဲ့ဖွဲ့က မတော်တဆ အရွေးခံခဲ့ရလျှင် စစ်အုပ်စုက ကန့်ကွက်ပြီး သူတို့စိတ်ကြိုက်ဖွဲ့ထားသည့် ခုံအဖွဲ့က ကြိုက်သလို ဆုံးဖြတ်တာကို မုချခံကြရပေမည်။ မတရားမှုမှန်သမျှ တိုက်ဖျက်ပစ်ရမည်က သမိုင်းပေးတာဝန်ဖြစ်သည်။

ဤဥပဒေ ၁/၂၀၁၀ ပုဒ်မ - ၂ (ဈ) တွင် “ရွေးကောက်ပွဲ ခုံအဖွဲ့ဆိုသည်မှာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အငြင်းပွားမှုကိုသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ရွေးချယ်ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်ကိုသော်လည်းကောင်း ကြားနာစစ်ဆေးရန် ကော်မရှင်က ဤဥပဒေနှင့်အညီ ဖွဲ့စည်းသောအဖွဲ့ကို ဆိုသည်” ဟု ဖော်ပြထားသည်။ ခုံအဖွဲ့သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၂ရ၆ (ဇ) အရ ရွေးချယ်ခန့်ထားသည့် ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံကိုကျော်ပြီး စစ်ဆေးဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ အခြေခံဥပဒေစည်းဘောင်ကိုကျော်၍ ခုံအဖွဲ့အား ပါဝင်စွက်ဖက်ပိုင်ခွင့်ပေးထားခြင်းမှာ စစ်အုပ်စု နအဖ မလိုလားသူ တဦးဦး ပါဝင်လာပါက ကန့်ကွက်ဖယ်ရှားနိုင်ရန် ဖြစ်သည်ကို ပေါ်လွင်ထင်ရှားစွာ တွေ့မြင်ရပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ လူမျိုးစုပြည်သူများ၏ ရွေးချယ်ပိုင်ခွင့် ဆန္ဒကိုပါ ၀င်ရောက်စွက်ဖက်ပိုင်ခွင့် ပေးထားပါသည်။ ဤရွေ့ဤမျှ ခုံအဖွဲ့၏ အဆုံးစွန်သော အာဏာကို ကြိုက်သလိုထင်ရာ စိုင်းနိုင်ရန် ပြဋ္ဌာန်းလိုက်ခြင်းမှာ စစ်အုပ်စု နအဖ၏ စစ်ဗျူရိုကရက်လူမျိုးကြီးဝါဒကို အစွယ်ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပါသည်။ အာဏာလွန်ကဲစွာ အကျင့်ပျက်ခြစားမှုကို မီးလောင်ရာ လေပင့်လိုက်သည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း တွေ့ရသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ (နအဖ ဥပဒေ အမှတ် - ၁/၂၀၁၀) တွင် ပါရှိသော ဥပဒေအရ ဆောင်ရွက်ရာတွင် မတရားမှု၊ ဘက်လိုက်မှု၊ အကျင့်ပျက်ခြစားမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကော်မရှင်က ကျူးလွန်လျှင် အရေးယူအပြစ်ပေးရန် ပုဒ်ထီးပုဒ်မ တခုမျှ မပါသည်ကိုလည်း ထူးကဲစွာ တွေ့မြင်ရပါသည်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအားလုံးအား စစ်ဆေးစီရင် ဆုံးဖြတ်ချက်ပေးရမည့် သီးခြားလွတ်လပ်သည့် ရွေးကောက်ပွဲဆိုင်ရာ တရားရုံးများဖြင့်သာ အဆုံးအဖြတ်ခံယူရပါမည်။ မတရားမှု၊ ဘက်လိုက်မှု၊ အနိုင်ကျင့်မှု၊ အကျင့်ပျက်ခြစားမှုများကို တလျှောက်လုံး တဆက်စပ်တည်း ကျူးလွန်လာသည့် နအဖစစ်အုပ်စု၏ ကြံ့ဖွံ့နှင့် စွမ်းအားရှင်လို အဖွဲ့အစည်းမျိုးအား ပါတီမှတ်ပုံတင်ခွင့် ပေးရသည့် ဤရွေးကောက်ပွဲကော်မရှင်မှာ နအဖစစ်အစိုးရ ရာဇ၀တ်မှုကျူးလွန်ရာတွင် အကြံတူဉာဏ်တူ ပူးပေါင်းပါဝင် ကျူးလွန်သည့် ပူးတွဲတရားခံများ ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ ဦးသိန်းစိုး ဥက္ကဋ္ဌ အပါအ၀င် (၁၇) ဦး အဖွဲ့အား ရွေးကောက်ပွဲ မကျင်းပမီကပင် ဤဥပဒေနှင့်တပါတည်း ဖျက်သိမ်းပစ်ရမည်ဖြစ်ကြောင်း ဥပဒေရေးရာ ဝေဖန်သုံးသပ်ချက်အဖြစ် ထုတ်ဖော်တင်ပြအပ်ပါသည်။

Monday, May 24, 2010

လွတ်လပ်ရေးအတွက်သျှမ်းပြည်တော်လှန်ရေးနေ့

Friday, 21 May 2010 11:31 ယိင်းမွေခေါဝ်


သမိုင်းဝင်သျှမ်းပြည်တော်လှန်ရေးနေ့သည် ယခုနှစ် မေလ ၂၁ ရက်နေ့ဆိုလျှင် ၅၂ နှစ်မြောက်ခဲ့ ပြီဖြစ်ပါသည်။ တိုင်းရင်းသားခေါင်းဆောင်များ မိမိအမျိုးသားတန်းတူအခွင့်အရေးအတွက် ဓါးလှံလက်နက် ကိုင်ဆွဲ၍ စတင်တော်လှန် ခဲ့ကြသည့်နေ့ဖြစ်သည်။

အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်ရေးများကို လိုလားကြသောကြောင့် သျှမ်းစော်ဘွားများ၊ သျှမ်းတိုင်းရင်းသားခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၁၉၄၇ ပင်လုံညီလာခံကြီးတွင် ပင်လုံစာချုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

[သျှမ်းတော်လှန်ရေးဖခင် စ၀်နွဲ့ စောယန္တ]


လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ တွင် တရုတ်ဖြူ (ကွန်မြူနစ်) များ သျှမ်းပြည်သို့ နယ်ကျွံဝင်ရောက် လာပြီး လူ့အခွင့် အရေးများ ချိုးဖောက်ခဲ့ကြသည်။ ဗမာ့တပ်မတော်က တရုတ်ဖြူများကို ကူတိုက် ပေးမည်ဟု အကြောင်းပြပြီး ၁၉၅၂ တွင် သျှမ်းပြည်သို့ အလုံးအရင်းချီတက်လာခဲ့ကြသည်။

သို့သော်တရုတ်ဖြူများအား နိမ်နှင်းတိုက်ခိုက်ခြင်းမရှိသည့်အပြင် လူ့အခွင့်အရေးများကိုချိုးဖောက်၊ သျှမ်းပြည်နယ် အစိုးရအာဏာကိုလည်း သေးသိမ်အောင်လုပ်လာခဲ့ကြသည်။ ထိုအချိန်မှစ၍ သျှမ်းပြည် သည် ဗမာ့တပ်မတော်၏ စစ်ဖိနပ်အောက် ရောက်သွားခဲ့သည်။

ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် အခြေခံဥပဒေကို ရေးဆွဲရာတွင် ပြည်နယ်များ ပြည်ထောင်စုမှခွဲထွက်လိုလျှင် ၁၀ နှစ် နောက်ပိုင်းခွဲထွက်နိုင်သည်ဟုပါရှိသည်။ လွတ်လပ်ရေးရပြီး ၉ နှစ်အကြာ စစ်အုပ်စု ဖိနှိပ်ဒဏ်ကို မခံနိုင်ကြသောကြောင့် သျှမ်းမျိုးချစ်လူငယ်အချို့ ပြည်ထောင်စုမှခွဲထွက်ရန် အဆိုတင်သွင်းခဲ့သည်။ သို့သော်အခွင့်အရေးမရရှိခဲ့ပေ။

အဖက်ဖက်နစ်နာမှုအပေါ် မခံမရပ်နိုင်ကြသည့်အတွက် စ၀်နွဲ့စောယန္တ ဦးဆောင်သော သျှမ်းမျိုးချစ်လူငယ် ၃၁ ယောက် ပါဝင်သောအဖွဲ့တစ်ဖွဲ့သည် ၁၉၅၈ မေလ ၂၁ ရက်နေ့တွင် မိုင်းတုံမြို့နယ်ရှိ နမ့်ကျွက်ချောင်းဘေး တောတွင်းတစ်နေရာ တွင် သျှမ်းပြည်လွတ်လပ်ရေးရရန် နယ်ချဲ့ဗမာတပ်ကို တွန်းလှန်တိုက်ပွဲဝင်မည်ဟု သွေးသစ္စာရေသောက်ခဲ့ကြပြီး တော်လှန် ရေးသမိုင်း ပထမစာမျက်နှာ စဖွင့်လိုက်ပါတော့သည်။

ထိုအချိန်မှစ၍ သျှမ်းခေါင်းဆောင်အသီးသီးက သျှမ်းပြည်လွတ်မြောက်ရေးအတွက် ယနေ့တိုင် လက်နက်ကိုင်တိုက်ပွဲဝင် တော်လှန်ခဲ့ကြခြင်းဖြစ်သည်။

ယခုတိုင်လွတ်မြောက်ရေး နှင့် အလှမ်းဝေးနေမှုမှာ-
၁. စည်းလုံးညီညွတ်မှုမရှိခြင်း
၂. မြန်မာနှင့်ကမ္ဘာ့နိုင်ငံရေးအခြေအနေက အခွင့်အလမ်းပေးမှုမရှိခြင်း
၃. ခေါင်းဆောင်များ အရည်အသွေးများစွာလိုအပ်နေခြင်း၊
၎. ရေတို၊ရေရှည်မဟာနည်းဗျူဟာများမရှိခြင်း
၅.ပြည်သူအများလက်ခံကျင့်သုံးနိုင်မည့်တွေးခေါ်မြော်မြင်မှုသဘောတရားမရှိခြင်း တို့ကြောင့်ဖြစ်သည်ဟု သုံးသပ်ပါသည်။

[တော်လှန်ရေးသမိုင်းစာမျက်နှာစဖွင့်သည့် သျှမ်းလူငယ် သွေးသောက်အဖွဲ့]


ဆက်လက်ပြီး သျှမ်းခေါင်းဆောင်များသည် ဗုဒဿဓမြတ်စွာဘုရား ဟောကြားခဲ့သည့်အတိုင်း ရည်မှန်းချက်ပန်း တိုင်ရောက် ရန်အတွက် အလယ်အလတ်လမ်းစဉ်လိုက်နာကျင့်သုံးသင့်ကြောင်း ဦးခွန်စိုင်း က သူ့၏အမြင် ကို ပြောပြသွားပါသည်။

သူ့အမြင်မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ၅၂ နှစ်တိုင်ရောက်ရှိနေပြီဖြစ်သည့် တော်လှန်ရေးအတွက် မည်သည့် လမ်းစဉ်သည်အမှန်ကန်ဆုံးဖြစ်သည်ကို ဝေဖန်ဆုံးဖြတ်၍ လမ်းသစ်ကိုလျှောက်ရန် အချိန်ရောက် နေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Sunday, May 9, 2010

သင်္ကြန်အကြတ်နေ့ X2O မဏ္ဍပ်တွင် ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုအကြောင်း ရဲချုပ်ခင်ရီ၏ (နေပြည်တော် ပြည်ထဲရေးဝန်ကြီးရုံး) သတင်းစာရှင်းလင်းပွဲမှ ထုတ်နှုတ်ရရှိေ

၁။ ၄င်းတို့စစ်အစိုးရကို အံတုယှဉ်ပြိုင်မည့် လက်နက်ကိုင်အဖွဲ့အသီးသီးနှင့် အတိုက်အခံအဖွဲ့အစည်းအသီးသီး ညီညီညွတ်ညွတ်ဖြင့် တပ်ပေါင်းစုကြီးတခုဖွဲ့ပြီးသည့်သဖွယ် အဖွဲ့အစည်းအားလုံးအား တစုတစည်းထဲ စွပ်စွဲ ထားသည်။ နအဖစစ်အစိုးရပြောသလောက်များ ၄င်းအဖွဲ့အစည်းများ ညီညွတ်ပြီး အမှန်တကယ် တိုက်ပွဲဝင်နေ ပြီဆိုပါက ဗမာပြည်တော်လှန်ရေး ယခုလို ကြာနေစရာမရှိပါ။ ရဲချုပ်ဆိုသူ ခင်ရီ ယခုလို မဟုတ်တန်းတရားများ ပြောနေနိုင်မည်မဟုတ်ပါ။

၂။ ထိုင်းနိုင်ငံ မြန်မာသံရုံးကို ၁၉၉၀ ခုနှစ်မှာ ၀င်စီးခဲ့တယ်ပြောတယ်။ တကယ်တမ်းက ၁၉၉၉ ခု၊ အောက်တို ဘာလ (၁) ရက်နေ့ပါ။ အဲဒီတုန်းက ဗမာပြည်တော်လှန်ရေးအတွက် သံရုံးအလံဖြုတ်ချ၊ ခွပ်ဒေါင်းအလံလွှင့် တင်ခဲ့တဲ့ ကျောင်းသားငယ်လေးတွေကို ထိုင်းစစ်တပ်ကတောင် တလေးတစား ဆက်ဆံခဲ့တာပါ။ ဘယ်သူက မှ အကြမ်းဖက်သမားလို့ မပြောခဲ့ပါဘူး။ စစ်တပ်ယူနီဖောင်းဝတ်ပြီး ရဲချုပ် တာဝန်ထမ်းဆောင်နေသော၊ နိုင်ငံ တော်အာဏာပိုင်အဖွဲ့စည်းတရပ်ကို ကိုယ်စားပြုရှင်းပြနေသော၊ နိုင်ငံသားပြည်သူများသာမက တကမ္ဘာလုံး အား ဇာတ်လမ်းထွင် ရှင်းပြနေသော ပုဂ္ဂိုလ်ကြီးသည် ခုနှစ်သက္ကရာဇ်များပင် မှန်အောင် မလေ့လာ မပြင်ဆင် နိုင်ပါကလား။

၃။ ရှေ့ပိုင်းမှာ VBSW အဖွဲ့ဟာ နာမည်ဆိုးနဲ့ ကျော်ကြားလာလို့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် ထိုင်း-မြန်မာနယ်စပ် ABSDF ဒေါင်းခွင်စခန်းမှာ ဌာနချုပ်ထားပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲစရီး ယန်းမြို့နယ်က ABSDF ရုံးမှာ ရုံးခွဲဖွင့်လှစ် ခေါင်းလျှိုနေခဲ့တယ်ပြောထားပြီး VBSW ရဲ့ခေါင်းဆောင် ရဲသီဟ က ပြည်သူ့ပြောက်ကျားတပ်ဦး (People Guerrilla Front – PGF ) ကို မွေးထုတ်ပြီး အကြမ်းဖက်လုပ်ငန်းတွေ ဆက်လုပ်နေတယ် ပြောပြန်ပါတယ် (ရပ်တည်ဖို့ ခက်ခဲတဲ့ လူတယောက်က နောက်တဖွဲ့တောင် ထပ်ထောင် နိုင်တယ်) ဆိုတာမျိုး၊ ရှေ့နောက်မညီ ယုတ္တိမတန်တာ တွေ့ရပါတယ်။ ပြီးတော့ VBSW အဖွဲ့ဝင်တွေနဲ့ ရဲသီဟ ကို မဲဆောက်မှာ တွေ့ခဲ့တယ်ပြောပြန်ပါတယ်။ ဒေါင်းခွင်၊ မဲစရီးယန်း စတဲ့မြို့တွေနဲ့ မဲဆောက်တခြားဆီဆိုတာ ရဲချုပ်ကြီး မလေ့လာဖူးဘူးထင်ပါရဲ့။

၎။ သူရဇော်နဲ့ အောင်ကြီးဟာ စမ်းချောင်းက ငှားထားတဲ့ အိမ်မှာ ၁၆-၁-၂၀၁၀ နေ့အထိ နေပြီး သံလျင်၊ သမ ကောလိပ်လမ်း၊ ညောင်သုံးပင်ဘူတာရုံ အလံချိုးဝန်ထမ်း ဦးမြသောင်းနေအိမ်ကို အောင်ကြီးအတွက် ငှားရမ်း ပြောင်းရွှေ့နေပြီး ၆-၂-၂၀၁၀ နေ့မှာ အောင်ကြီးနဲ့ ဦးမြသောင်းတူမ ရီရီမြင့် (၃၂ နှစ်)၊ မင်္ဂလာဆောင်တယ် ပြောထားပါတယ်။ အောင်ကြီး ခေါ် အုန်းကျော်ဌေးဟာ ကန်ထရိုက်လုပ်တယ်၊ တောင်တွင်းကြီးသား၊ ခြေဆေး အိုင်ရွာကလို့ပဲ မရီရီမြင့်ကို ပြောထားပြီး ဓာတ်ပုံကအစ ဘာအချက်အလက်မှမရှိအောင် နေခဲ့တယ်ဆိုတော့ ရက် (၂၀) အတွင်းမှာ နောက်ကြောင်းတောင်ဘာမှမသိတဲ့ ယောက်င်္ကျားတယောက်ကို ကောက်ယူတာ ဘယ် လို မိန်းမမျိုးပါလဲ။ ရဲချုပ်ကြီးကတော့ ဦးမြတ်စိုးလှိုင်(လယ်ယာစီးပွားသတင်းဂျာနယ်) က မေးတဲ့အခါ မရီရီမြင့် ဟာ ရိုးသားသူဖြစ်တယ်ပြောပြန်ပါတယ်။ အဓိကအကျဆုံး အလွဲကတော့ အုန်းကျော်ဌေးဟာ ဇန်န၀ါရီလကုန် ပိုင်းမှာ ရက် (၂၀) လောက် ခရီးသွားတယ်ပြောပြီး ၆-၂-၂၀၁၀ နေ့မှာ ဦးမြသောင်းတူမ မရီရီမြင့်နဲ့ မင်္ဂလာ ဆောင်တယ်ပြောတာပါပဲ။ ဘယ်ဟာက အမှန်လဲ ဘယ်ဟာက အမှားလဲ၊ အားလုံးကို မှားနေတာလား၊ ပြီး တော့ အောင်ကြီးက မရီရီမြင့်နဲ့ ဘယ်လောက်ဘယ်လိုပေါင်းသင်းနေတယ်မပြောဘဲ မရီရီမြင့်ဟာ ရိုးသားသူမို့ လေးငါးရက်အတွင်း cover story လုပ်သွားတာ မသိလိုက်ဘူးလည်း ပြောထားပါတယ်။ ဦးကိုကို (ရန်ကုန်မီဒီ ယာဂရု) က မေးတာကို ဖြေတာမှာတော့ ဖြိုးဝေအောင်နဲ့ မရီရီမြင့်တို့နှစ်ဦးကို ခြေရာခံမိရာက သူတို့နှစ်ဦးကို တိုက်ဆိုင်စစ်ဆေးချက်အရ ကွင်းဆက်ကြီးတခုလုံးကို ပီပီပြင်ပြင် ဖော်ထုတ်နိုင်တာလို့ ပြောပြန်ပါတယ်။ ဘာ မှ မသိလိုက်ပါဘူးဆိုတဲ့ မရီရီမြင့်ဆီက ဘယ်လိုကွင်းဆက်တွေရတာပါလဲ။

၅။ သတင်းစာရှင်းလင်းပွဲတွင် မြေပုံဖြင့် ဖော်ပြထားသော လက်ပစ်ဗုံးများ ပေါက်ကွဲရာနေရာနှင့် ပြည်တွင်း ထုတ်ဂျာနယ်များတွင် ဓာတ်ပုံဖြင့် တရားဝင် ဖော်ပြခဲ့သောနေရာ လွဲနေပါတယ်။ မြေပုံအရ ပေါက်ကွဲသောနေ ရာမှာ မဏ္ဍပ်ရှေ့ လူအများ ကခုန်ရာနေရာဖြစ်ပြီး ဓာတ်ပုံများအရ ပေါက်ကွဲသောနေရာမှာ လုံခြုံရေးများ ရပ် နေရာလမ်းဆုံ (လမ်းလယ်ခေါင်) မှာ ဖြစ်ပါတယ်။ လူအုပ်ကိုကျော်ပြီး ညာဘက်လက်နဲ့ ပစ်လိုက်တယ်လည်း ပြောထားပါသေးတယ်။

၆။ သူရဇော်က ဖြိုးဝေအောင်ကို ၁၀-၄-၂၀၁၀ နေ့မှာ ၀nline ပေါ်မှာ ၄င်းတို့ရောက်နေကြောင်းပြောပြီး X2O မဏ္ဍပ်ကို တိုက်ခိုက်မည်ဖြစ်ကြောင်း၊ ၁၅-၄-၂၀၁၀ နေ့ (၁၂) နာရီတွင် ဆုံရပ်မဏ္ဍပ်ရှေ့ဟုသတ်မှတ်ကြောင်း ပြောခဲ့တယ်ဆိုထားပြီး ဖောက်ခွဲမှုပြုလုပ်မယ့် ဧပြီလ (၁၅) ရက်နေ့ နေ့လည် (၁) နာရီ (၂၀) မိနစ်မှာ ဖြိုးဝေ အောင်က မဏ္ဍပ်ရှေ့က စောင့်နေခဲ့တယ်။ (၁) နာရီ (၁၅) မိနစ်မှာ သူရဇော်တို့ ရောက်လာခဲ့တယ် ပြောပြန်ပါ တယ်။ (၁၅) မိနစ်နဲ့ (၂၀) မိနစ် ဘယ်ဟာကအရင်ဖြစ်ပြီး အမှန်ဆို စောင့်သူက ဘယ်သူတွေဖြစ်ရမလဲ မတွက် တတ်လောက်အောင် ရဲချုပ်ကြီး ဇာတ်လမ်းဆင်ကွက်တွေက လွတ်နေပြန်ပါတယ်။ ပြီးတော့ လက်နက်ကိုင် တိုက်ခိုက်ဖို့ (၁၂) နာရီ ချိန်းပြီး (၁) နာရီ (၁၅) မှရောက်ကြတဲ့ လွဲချော်မှုမျိုး၊ ရဲချုပ်ကြီးတို့ရဲ့ ကြွက်ခေါ်တဲ့ မြန် မာနိုင်ငံရဲတပ်ဖွဲ့မျိုးမှာကလွဲရင် ဘယ်လိုလက်နက်ကိုင်အဖွဲ့မှာမှ မရှိလောက်ပါဘူး။

နောက်တခုက ပေါက်ကွဲမှုဖြစ်ခဲ့တာက (၃) နာရီခွဲနီးပါးမှပါ။ အချိန် (၂) နာရီကျော်လောက် (ရဲချုပ်ကြီး အပြော အတိုင်းဆိုရင်) သင်္ကြန်လည်သူတွေထက် ပုံသဏ္ဍာန်ထူးနေတဲ့ ဘေးလွယ်အိတ်တွေ ကိုယ်စီပါတဲ့ လူလေး ယောက်က လက်ပစ်ဗုံးတွေ၊ ချိန်ကိုက်ဖောက်ခွဲရေးဗုံးတွေနဲ့ လျှောက်သွားနေမှာကို ခုဗုံးစံထိခဲ့တဲ့ စစ်မြေပြင် အတွေ့အကြုံရှိ ဗိုလ်ကြီးသန့်စင်သိမ်း အပါအ၀င် ရဲတွေ၊ ကြံ့ဖွတ်တွေ၊ များစွာသော လုံခြုံရေးယူထားသူတွေ ဘာဖြစ်လို့များ သတိမထားမိကြပါလိမ့်။ ဒါမှမဟုတ် မြန်မာနိုင်ငံက စစ်တပ်အပါအ၀င် ရဲနဲ့ လုံခြုံရေးဆိုသူတွေ ရဲ့ အရေအချင်းတွေက သုံးမရအောင် နိမ့်ကျနေပြီး ဖောက်ခွဲရေးသမားဆိုသူတွေကပဲ တော်လွန်းနေလို့များ လား။

၇။ သတင်းစာရှင်းလင်းပွဲဆိုပြီး သေဆုံးသူ ဘယ်သူ၊ ဘာလုပ်ကိုင်တယ်၊ ဘယ်သူတွေ ဒဏ်ရာရတယ်လို့ လုံး ၀မဖော်ပြတာ ဘာကြောင့်ပါလဲ။ ခုချိန်ထိ စင်္ကာပူမှာ ဆေးကုခံနေရတဲ့ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုအကြောင်း ဘာကြောင့်တရားဝင်မပြောတာလဲ။ သူက ဘာကြောင့် အဲဒီမဏ္ဍပ် ရောက်နေရတယ်ဆို တာ ဖုန်းကွယ်ထားရတာလဲ။ ၂၂-၄-၂၀၁၀ ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ပြည်ထဲရေးဝန် ကြီး ဗိုလ်ချုပ်မောင်ဦး ရန်ကုန်ဆေးရုံကြီးတွင် ဗုံးကွဲမှုကြောင့် ဒဏ်ရာရရှိထားသော ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ အထွေထွေအုပ်ချုပ်ရေးဌာန၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အားပေးစကားပြော ဟု ပါရှိသော်လည်း သတင်းစာရှင်းလင်းပွဲတွင် ဘာကြောင့် မပြောပြရတာလဲ။ ဦးကိုကို (ရန်ကုန်မီဒီယာဂရု) က ကျဆုံး၊ ဒဏ်ရာရသူတွေကိုယ်စား တရားခံတွေဖော်ထုတ်ပေးတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ် ဆိုတာအပေါ် ရဲချုပ်ကြီး မငြင်းခဲ့ပါဘူး။ ကျဆုံးဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းမှာပဲ သုံးတာပါ။

၈။ ဗုံးကွဲပြီးရက်ပိုင်းမှာ တယကညွှန်ကြားချက်နဲ့ မသင်္ကာဖွယ်ရာ ဖောက်ခွဲရေးသမား (၂) ဦးကို တွေ့ရှိသတင်း ပေးပါက ဆုငွေ (၁၀) သိန်းပေးမည်လို့ ရယကရုံးတိုင်း၊ ရဲစခန်းတိုင်း၊ လူစည်ကားရာတိုင်းမှာ တရားဝင် ကြေ ညာခဲ့တာပါ။ ခုသတင်းစာရှင်းပွဲကျမှ (၄) ယောက်ဖြစ်သွားတာကိုနဲ့ ဗုံးပစ်လိုက်တဲ့သူကို သပြေကုန်း ရယက ဥက္ကဌ မြင်လိုက်တာ၊ တယောက်ကို နေရာမှာ တင်ချက်ခြင်းဖမ်းမိတယ်လို့ နိုင်ငံတော် ဆင်ဆာခွင့်ပြုချက်နဲ့မှ ထုတ်ရတဲ့ ဂျာနယ်တွေထဲမှာ ဖော်ပြထားတာတွေနဲ့ ပတ်သက်ပြီး ဦးမြတ်စိုးလှိုင် (လယ်ယာစီးပွားသတင်းဂျာ နယ်) က မေးတာကိုလည်း ဖြေကြားခြင်းမရှိပဲ ကောလဟာလပါလို့ ဝေ့လည်ဝေ့လည် လုပ်သွားခဲ့ပါတယ်။

၉။ ၈-၅-၂၀၁၀ ထုတ် Burma Today မှာ ကိုဖြိုးဝေအောင်ရဲ့ဇနီးကလည်း ကျမတို့မှာ သမီးလေးတယောက်၊ သားလေးတယောက်ပဲ ရှိတာပါ။ သတင်းစာထဲမှာ (၃) ယောက်လို့ ပြောထားတယ်။ အလွဲတွေချည်းပါပဲလို့ ပြောပါတယ်။ ဒါလည်း ရဲလုပ်ငန်းမို့ပါလို့ ပြောဦးမှာလား ရဲချုပ်ကြီးရယ် ...။

Monday, May 3, 2010

သတင်းလွတ်လပ်ခွင့် အဖိနှိပ်ဆုံး စာရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိပ်ပြေး

04 May 2010

http://www.voanews.com/burmese/2010-05-04-voa1.cfm
မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကြီးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) အပါအ၀င် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၄၀ ကို အဆိုးဝါးဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ်ချိုးနှိမ်သူများ (Predators of the Press Freedom) စာရင်းမှာ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ နှစ်ပတ်လည် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပြီး ကမ္ဘာပေါ်က သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး၊ အချိုးနှိမ်ဆုံး သူတွေရဲ့ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရင်းထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေသာမက ဘာသာရေး ခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုက်ခိုက်နေသူတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်ပြီး စုစုပေါင်း ၄၀ ကို စာရင်းတင်ထားတယ်လို့ RSF ရဲ့ ၀ါရှင်တန် ဒါရိုက်တာ ကလပ်ချင်း လီကော့(ဇ်) (Clothilde Le Coz) က ပြောပါတယ်။ ဒီအထဲမှာ အရင်နှစ်တုန်းကလိုပဲ မြန်မာစစ်ခေါင်းဆောင်ကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

“ထိပ်ဆုံးကတော့ ထုံးစံအတိုင်းပဲ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်နိုင်ငံက ဟူဂျင်တောင်း၊ အီရန်က မာမွတ်ဒ် အမာဒီနီဂျက်ဒ်နဲ့ အလီခါမေနီ (Ali Khamene)၊ နောက် ရုရှားအပြင် ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ပါ ပါပါတယ်။”

အာရှတိုက်မှာ မြန်မာနဲ့ တရုတ်နိုင်ငံတွေအပြင် မြောက်ကိုရီးယား၊ လာအို၊ နီပေါနဲ့ သီရိလင်္ကာ နိုင်ငံတွေကိုလည်း စာရင်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေတာတွေကို RSF က စိုးရိမ်ကြောင်းနဲ့ ဒါဟာ နိုင်ငံခြား သတင်းထောက်တွေ မြန်မာနိုင်ငံဆိုင်ရာ သတင်းကို လွတ်လွတ်လပ်လပ် မရရုံမက အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သတင်းသမားတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း သတင်းအလုပ်ကို အသက်နဲ့ရင်းပြီး လုပ်နေရတာမျိုးတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

တကယ်လို့ အခန့်မသင့်ရင် သတင်းတပုဒ်ကြောင့် ထောင်ဒဏ်နှစ်ရှည် အကျခံရတာမျိုးတွေပါ တွေ့နေရတာမို့ ဒါမျိုးဟာ ရွေးကောက်ပွဲလုပ်မယ့် အချိန်မျိုးမှာ ပိုပြီး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်မျိုးမို့ ကျမတို့ တကယ်ပဲ စိုးရိမ်ပါတယ်။ ဒါဟာ သမိုင်းဝင် ကာလပါ။ ဒီရွေးကောက်ပွဲကို နှစ်ပေါင်း ၂၀ ကြာခဲ့ပြီးမှ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံသားတိုင်းလည်း ပါဝင်ခွင့် မရတာမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် သတင်းအချက်အလက် တွေကိုလည်း မြန်မာနိုင်ငံသားတွေ ပြည့်ပြည့်စုံစုံ မရကြပါဘူး။ တကယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက် ကိုယ်တင်ပြမယ့် ခေါင်းဆောင်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ အကုန်သိဖို့နဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။”

အခုတော့ ဒီလို အချက်အလက်တွေကို ပေးမယ့် သတင်းသမားတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘဲ ဖမ်းဆီးမှုတွေ၊ ဆင်ဆာဖြတ်မှုတွေ ရှိနေတာမို့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အခုလောလောဆယ် ထောင်ထဲမှာ သတင်းထောက် ၁၂ ယောက် ရှိနေပါတယ်။ ကွန်ပျူတာ အင်တာနက်သုံးတဲ့ ဘလော့ဂ်ဂါ ဆိုရင်လည်း သူတို့ရေးတဲ့ ဘလော့ဂ်ကြောင့် အကျဉ်းကျခံနေရတာ ၂ ယောက်ထက်မနည်း ရှိနေပါတယ်။ အခုလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရေးသားချက် မှန်သမျှ မြန်မာစစ်အစိုးရကို တင်ပြဖို့ အမိန့်ပေးထားပြီး ဆင်ဆာအဖွဲ့က ခွင့်ပြုမှသာ ဖော်ပြခွင့် ရပါတယ်။ သတင်းလွတ်လပ်ခွင့်တွေ အခု ပိုပြီး ကင်းမဲ့လာတာမို့ သတင်းလွတ်လပ်ခွင့် မရဘဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုတွေ ရှိမှာမဟုတ်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။”

နှစ်ပေါင်း ၂၀ ကြာပြီးမှ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာက မျှော်လင့်ထားပေမဲ့ ဒီမျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် ကုလသမဂ္ဂက ရှုတ်ချသလို RSF အဖွဲ့ကြီးကလည်း ရှုတ်ချလိုက်ပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကနေ တစုံတရာ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။

RSF ရဲ့ စာရင်းထဲမှာ ရ၀မ်ဒါနိုင်ငံက သမ္မတ၊ ချက်ခ်ျညာ သမ္မတနဲ့ ယီမင်သမ္မတတွေနဲ့ အတူ တာလီဘန်ခေါင်းဆောင် မူလာအိုမာလည်း ပါပါတယ်။ ဒီနှစ်ထုတ်ပြန်ခဲ့တဲ့ စာရင်းထဲမှာ မနှစ်က စာရင်းပါ အဖွဲ့အစည်းတွေထဲက အီရတ် အစ္စလမ် အစွန်းရောက်အဖွဲ့ တချို့ကို ပယ်ဖျက်နိုင်ခဲ့တယ်လို့ RSF ရဲ့ သုတေသန ဒါရိုက်တာ ဂစ်လစ်စ် လန်းဒက်က ပြောပါတယ်။

“မနှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီနှစ်စာရင်းမှာ တိုးတက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေကတော့ အရင်ကလိုပဲ သတင်းသမားတွေကို ဖိနှိပ် ချိုးနှိမ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။”

မက္ကဆီကိုနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းသမား ၆၂ ဦး အသတ်ခံခဲ့ရတာမို့ အဆိုးဝါးဆုံးနိုင်ငံ စာရင်းမှာ ထည့်သွင်းထားသလို ဖိလစ်ပိုင်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သတင်းသမား ၃၀ အသတ်ခံခဲ့ရတာမို့ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် စာရင်း ထည့်သွင်းထားတယ်လို့လည်း ပြောပါတယ်။

Wednesday, April 28, 2010

သင်္ဂါယနာတင်ကြခြင်း

่ ဒီလင့်မှာ http://wikimyanmar.co.cc/wiki/index.php?title=%E1%80%9E%E1%80%82%E1%81%A4%E1%80%AB%E1%80%9A%E1%80%94%E1%80%AC#.E1.80.95.E1.80.91.E1.80.99.E1.80.A1.E1.82.80.E1.80.80.E1.80.AD.E1.80.99.E1.80.B9_.E1.80.9E.E1.80.82.E1.81.A4.E1.80.AB.E1.80.9A.E1.80.94.E1.80.AC.E1.80.90.E1.80.84.E1.80.B9.E1.80.BB.E1.80.81.E1.80.84.E1.80.B9.E1.80.B8ပြင်ဆင်ရန်

ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့် ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။

သာသနာ့အမွေဆက်ခံခဲ့ခြင်း - ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူထု ပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု(၃)ထု ပူးပေါင်း ကာ သင်္ဂါယနာ (၆)ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်း ခဲ့ကြလေသည်။
[ပြင်ဆင်ရန်​] ပထမအကြိမ် သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံ သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ၀ိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်ဖောက် ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ် သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်း အောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

(၂) သာသနာနှစ် ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်

၃) နေရာ ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ

(၄) ခေါင်းဆောင် အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)

(၅) သံဃာဦးရေ ရဟန္တာပေါင်း (၅၀၀)

(၆) မင်း အဇာတသတ်မင်း

(၇) ကြာမြင့်ချိန် (၇) လ

- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ၀ိနည်း တော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာ ကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။

- ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၎င်းကို ထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု(၃)စု ရရှိပြီး ပိဋကတ်(၃)ပုံဟု ခေါ်တွင်သည်။

- ၎င်းပိဋကတ် (၃)ပုံမှာ ၀ိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀၀၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။

- အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော် များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမား ပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။

- ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ်(၃)ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

- ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။
[ပြင်ဆင်ရန်​] ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံသာသနာနှစ် (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်၏တပည့်များ)မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၎င်း၊ သေနု(အရက်ခပ် ပျော့ပျော့)ကို သောက်ရန်၎င်းင်း၊ ရွှေငွေများကို သာမန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်းစသဖြင့် တောင်းဆိုခဲ့သည်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်း လာသည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်

(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း

(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ

(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)

(၆) မင်း ကာလာသောကမင်း

(၇) ကြာမြင့်ချိန် (၈) လ

- ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (၈)လ ကြာမြင့် ခဲ့သည်။ ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု(၃)ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀)ကျော်အား နှင်ထုတ်ခဲ့ရသည်။

- ၎င်းးရဟန်းပျက် (၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀၀)ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။

- သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု(၃)ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။
[ပြင်ဆင်ရန်​] ဒုတိယသံဂါယနာတင်ရခြင်းအကြောင်း

(၁) သိင်္ဂီလောဏကပ္ပ။ ။သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၂) ဒွင်္ဂုလကပ္ပ။ ။နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၃) ဂါမန္တရကပ္ပ။ ။တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၄) အာဝါသကပ္ပ။ ။သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၅) အနုမတိကပ္ပ။ ။မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၆) အာစိဏ္ဏကပ္ပ။ ။ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။

(၇) အမထိတကပ္ပ။ ။နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။

(၈) ကပ္ပတိ ဇလောဂိံ ပါတုံ။ ။သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၉) ကပ္ပတိ အဒသကံ နိသီဒနံ။ ။အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၁၀) ကပ္ပတိ ဇာတရူပ ရဇတံ။ ။ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။

ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်။
[ပြင်ဆင်ရန်​] တတိယအကြိမ်သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံသာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု (၆၀၀၀၀) ကျော်အထိ သာသနာအတွင်း အယောင် ဆောင်ပြီး ၀င်ရောက်လာကြသည်ကို အကြောင်းပြုပြီး တင်ခဲ့ ရသည်။

(၂) သာသနာနှစ် (၂၃၅) နှစ်

(၃) နေရာ ပါဋလိပုတ်ပြည် အသောကာရုံကျောင်း

(၄) ခေါင်းဆောင် အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်

(၅) သံဃာဦးရေ ရဟန္တာပေါင်း (၁၀၀၀)

(၆) မင်း သီရိဓမ္မာသောကမင်း

(၇) ကြာမြင့်ချိန် (၉) လ

- ရဟန်းအတု (၆၀၀၀၀) ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ၀ိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။

- အရှင်တိဿမထေရ်ကြီး ဦးဆောင်သောရဟန္တာ (၁၀၀၀) ပါသော သံဃာထု သီရိဓမ္မာသောကမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာ တင်ခဲ့ရာ အချိန် (၉) လ ကြာမြင့်ခဲ့သည်။

- အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။

- သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ (၅) ပုံ (၄) ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။

- မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိသာသနာပြုအဖွဲ့မှ အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် (၂) ပါး ဦးဆောင်သော ရဟန္တာ (၅) ပါးအဖွဲ့၏ သထုံဖက်မှ ၀င်ရောက် သာသနာ ပြုရာမှအစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
[ပြင်ဆင်ရန်​] စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံသာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်သူပုန် ဘေးကြီး (၁၂)နှစ်ကြာကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်း ပြုပြီးတင်ခဲ့သည်။

(၂)သာသနာနှစ် (၄၅၀) နှစ်

(၃) နေရာ သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ

(၄) ခေါင်းဆောင် အရှင်မဟာဓမ္မရက္ခိတမထေရ်

(၅) သံဃာဦးရေ ရဟန္တာပေါင်း (၅၀၀)

(၆)မင်း ၀ဋ္ဋဂါမဏိမင်း

(၇)ကြာမြင့်ချိန် တစ်နှစ်

- သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တယမဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့်ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။

- အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများ တင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည်။

- သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု အထောက်အပံ့ပြုကြသော ၀ဋ္ဋဂါ မဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူလူထု ထု (၃) ထု ပူးပေါင်းဆောင်ရွက်ကြသည်။

- ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။
[ပြင်ဆင်ရန်​] ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံသာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀၀၀) ခန့် ကြာမြင့် ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့်ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင် မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။

(၂) သာသနာနှစ် (၂၄၁၅) နှစ်

(၃) နေရာ မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်

(၄) ခေါင်းဆောင် အရှင်ဇာဂရမထေရ်

(၅) သံဃာဦးရေ ရိုးရိုးရဟန်းပေါင်း (၂၄၀၀)

(၆) မင်း မင်းတုန်းမင်း

(၇) ကြာမြင့်ချိန် နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်

ကျောက်ထက်တင် (၇) နှစ် (၆) လ (၁၄) ရက် - သာသနာနှစ် (၂၄၁၅) နှစ် ကြသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် (၃) ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။

- နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅) လနှင့် (၃) ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေ့ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ်ရရှိခဲ့ပြီး အချိန်အားဖြင့် (၇) နှစ် (၆) လ နှင့် (၁၄) ရက် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသောအမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီး အဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
[ပြင်ဆင်ရန်​] ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

(၁) အကြောင်းခံသာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီး နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။

(၂) သာသနာနှစ် (၂၄၉၈) နှစ်

(၃) နေရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ

(၄) ခေါင်းဆောင် ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ

(၅) သံဃာဦးရေ ရိုးရိုးရဟန်းပေါင်း (၂၅၀၀)

(၆) မင်း ဖဆပလဦးနု အစိုးရ

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ နှစ် (၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။

- ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀၀) တွင် ထေရ၀ါဒနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊

- ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသောထု (၃) ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော် များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။

- ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် (၃) ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။

ဆဋ္ဌသံဂါယနာမူ ပါဠိတော်ကျမ်းများပိဋကအားဖြင့် သုံးပုံ, နိကာယ်အားဖြင့် ငါးရပ်သော ပါဠိတော်ကျမ်းရင်းများသည် စုစုပေါင်း ၅၂-ကျမ်းရှိ၏။ ဆဋ္ဌသံဂါယနာတင်မူအရ ပုံနှိပ်ထုတ်ဝေရာတွင် အချို့ကျမ်းငယ်များအား တစ်အုပ်တည်းတွင်ပေါင်း၍ ထုတ်ဝေသဖြင့် စာအုပ်ပေါင်း ၄၀ ရှိလေသည်။

(က) သုတ္တန်ပိဋက (နိကာယ် ၅-ရပ်) ကျမ်းပေါင်း ၄၀ (၂၃-အုပ်)

1. ဒီဃနိကာယ် ၃-ကျမ်း (၃-အုပ်)
2. မဇ္ဈိမနိကာယ် ၃-ကျမ်း (၃-အုပ်)
3. သံယုတ္တနိကာယ် ၅-ကျမ်း (၃-အုပ်)
4. အင်္ဂုတ္တရနိကာယ ၁၁-ကျမ်း (၃-အုပ်)
5. ခုဒ္ဒကနိကာယ် ၁၈-ကျမ်း (၁၁-အုပ်)

(ခ) ၀ိနည်းပိဋက (ခုဒ္ဒကနိကာယ်) ၅-ကျမ်း (၅-အုပ်)

(ဂ) အဘိဓမ္မာပိဋက (ခုဒ္ဒကနိကာယ်) ၇-ကျမ်း (၁၂-အုပ်)
[ပြင်ဆင်ရန်​] ယနေ့ခေတ် သာသနာအခြေအနေ

- သာသနာနှစ်(၂၃၅)နှစ် တတိယသင်္ဂါယနာတင်စဉ်က ကမ္ဘာ့အင်ပါယာ၏ (၅) ပုံ (၄)ပုံသည် ဗုဒ္ဓသာသနာ လွှမ်းမိုးခဲ့ရာမှ ယနေ့ခေတ်တွင်ထေရ၀ါဒ ဗုဒ္ဓသာသနာ သည် (၅)နိုင်ငံသာကျန်ပေတော့သည်။

- ကမ္ဘာ့လူဦးရေဖြင့်နှိုင်းယှဉ်လျှင် သန်းပေါင်း (၆၁၀၀) ခန့် ရှိသောကမ္ဘာတွင် သန်းပေါင်း (၂၅၀)ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြသဖြင့် ယခင်က ကမ္ဘာ့ လူဦးရေ ၏ (၈၀) ရာခိုင်နှုန်းမှ ယခု (၄) ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း မှန်းဆကြလေသည်။

- မြန်မာနိုင်ငံသည် ထေရ၀ါဒသာသနာ အထွန်းကားဆုံးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ (၈၀) ရာခိုင် နှုန်းခန့်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ထေရ၀ါဒ ဗုဒ္ဓသာသနာအကြောင်းနားလည်သူနည်းပါလှ ပေသည်။ သို့အတွက်ကြောင့် ယခုအချိန်တွင် သံဃာထုနှင့် မင်းထုအပိုင်းမှ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သော်လည်း ပြည်သူ လူထု အပိုင်းမှ ကြိုးစားဆောင်ရွက်မှု လွန်စွာအားနည်းနေပေသည်။
[ပြင်ဆင်ရန်​] ကျေးဇူးသိမှကျေးဇူးဆပ်

သတ္တ၀ါတိုင်းမှာ ကျေးဇူးရှင်များရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေသည့်အကြောင်းများကို မသိ၍သာ ကျေးဇူးကိုပြန်လည် မပေးဆပ် ကြသေးဘဲ လွှင့်မျော၊ မေ့လျော့နေခဲ့ကြသည်။

- ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို မှန်ကန်စွာ သိမြင်လာသည်နှင့် ကျေးဇူးအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပေ။

(၁) ဘုရားရှင်၏ ဘုရားအလောင်း ဘ၀မှ ကျေးဇူးတော်

(၂) ဘုရား ဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူတော်

(၃) ဘုရားရှင်၏ သာဝကကြီးများဖြစ်သော ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင် သူမြတ်များ ပါဝင်သော သံဃာထု၏ ကျေးဇူးတော်

(၄) ခေတ်အဆက်ဆက်သာသနာ့အကျိုးပံ့ပိုးပေးခဲ့သော အာဏာပိုင် မင်းထု ၏ ကျေးဇူးတော်

(၅) သာသနာ့အကျိုးဆောင်ရွက်ပေးခဲ့ကြသော သာသနာဝင်များ ပြည်သူလူထု ၏ကျေးဇူးတော်

သမိုင်းတလျှောက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံးတို့၏ အသက်သွေးပေါင်းမြောက်မြားစွာ ဘ၀ပေါင်း မြောက်မြားစွာဖြင့် ထူထောင်လာခဲ့ ထိန်းသိမ်း စောင့်ရှောက်လာခဲ့သော တန်ဖိုးဖြတ်၍ မရနိုင်သော ဗုဒ္ဓသာသနာတော်ကိုမျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓသာသနာဝင်အပေါင်းတို့ကလည်း ဆက်လက်ပြီးထိန်းသိမ်း စောင့်ရှောက် ကျေးဇူးဆပ်ရန်လိုအပ်လှပေသည်။
[ပြင်ဆင်ရန်​] ဘုရားသာသနာအကျင့်နှစ်ဖြာ

ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်-

(၁) ပရိယတ္တိသာသနာသည် တရားဟော တရားပြ စာပေဖတ်မှတ် သင်ကြားခြင်းလုပ်ငန်း (စာသင် တိုက်များ၊ တရားပွဲများ) နှင့်

(၂) ပဋိပတ္တိသာသနာသည် မိမိဗဟုသုတဖြင့် သိရသောစစ်မှန်သော တရားတော်များကိုခန္ဓာ တွင်းမှာ သိမြင်လာအောင် ကိုယ်တိုင်ရှုမှတ် လေ့ကျင့် ရသော လုပ်ငန်း (၀ိပဿနာရိပ်သာ များ၌ အားထုတ်ခြင်း) များကိုသာ အကျင့်(၂)ဖြာဟု ခေါ်ဆိုရပေမည်။
[ပြင်ဆင်ရန်​] သမိုင်းကြောင်းမှ အားနည်းချက်များ

၁။ ဗုဒ္ဓသာသနာ၏ အခြေခံအနှစ်သာရများ ကို သိမြင်နားလည်မှုအားနည်းခြင်း

၂။ ဗုဒ္ဓ၏အလိုတော်ကျသည် မိမိခန္ဓာမှာတရားတွေ့နိုင်ရေးကျင့်ဖို့ အဓိကဆုံးမခဲ့သော်လည်း ခန္ဓာကိုယ်တွေ့ ကျင့်ကြံရှုမှတ်မှု နည်းပါးခဲ့ခြင်း

၃။ သာသနာပြုလုပ်ငန်းသည် အများအကျိုးသယ်ပိုး သည့်လုပ်ငန်းဖြစ်သော်လည်း မိမိအကျိုးကိုသာ ဆောင်ရွက်ခဲ့သူများပြားနေခဲ့ခြင်း

၎။ သာသနာပြုလုပ်ငန်းသည် တစ်ဦးတစ်ယောက်တည်းအနည်းစုဖြင့် လုပ်၍မရ သာသနာဝင်အားလုံး အများစုမှ ပူးပေါင်းဆောင်ရွက်ရန် အားနည်း နေကြခြင်း

၅။ သာသနာတော်ကြီးသန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် ကြုံသလိုလုပ်၍မရ အမြော်အမြင်ကြီးမားစွာဖြင့် ရေရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်ရန် အားနည်းနေခဲ့ခြင်း
[ပြင်ဆင်ရန်​] လုပ်ဆောင်ကြရန်

၁။ ထေရ၀ါရဗုဒ္ဓသာသနာတော်၏ အခြေခံအနှစ်သာရများ ကို အနည်းဆုံး အနှစ်ချုပ် များ သိမြင်နား လည်လာအောင် ဆောင်ရွက်ကြရန်

၂။ ဗုဒ္ဓအလိုတော်ကျ မိမိသိသောတရားများကို မိမိခန္ဓာမှာ ကျင့်ကြံ့ရှုမှတ် ကြရန်

၃။ သာသနာပြုလုပ်ငန်းဆောင်ရွက်သူတိုင်း ကိုယ်ကျိုးစွန့်လွှတ်ပြီး အများအကျိုးအတွက် သာသနာတော် အကျိုးတစ်ခုတည်းသာ ရည်ရွယ်ပြီး စစ်မှန်စွာ သာသနာပြုကြရန်

၎။ ဗုဒ္ဓသာသနာဝင်အားလုံးတို့သည် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် လူတိုင်းတွင် တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက် လာနိုင်ရေးစည်းရုံးကြရန်

၅။ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် အမြော်အမြင်ကြီးမားစွာဖြင့် ဘက်စုံမှလိုအပ်သော အင်အားများစုစည်းပြီး ရေရှည် စီမံကိန်း မဟာဗျူဟာ နည်းဗျူဟာများ ရေးဆွဲပြင်ဆင်ပြီး ဆောင်ရွက် ကြရန်
[ပြင်ဆင်ရန်​] အင်အား(၅)အား အမြဲဖြည့်ထား

၁။ ဓမ္မအား ဗုဒ္ဓဘုရားရှင်၏ မူရင်းအတိုင်းစစ်မှန်သောဓမ္မကို မှန်တိုရှင်းနည်းလမ်းဖြင့် စုထားသောတရားဓမ္မအင်အား

၂။ လူအား အယုတ် အလတ် အမြတ် လူတန်းစားမရွေး သူတောင်းစားအရူးပါမကျန် စုစည်းထားသော လူအင်အား

၃။ ဓနအား သာသနာတော်အတွက် ပံ့ပိုးကူညီပေးသော ငွေအား ပစ္စည်းဥစ္စာအားရှိသော ပုဂ္ဂိုလ်များ၏အင်အား

၎။ အာဏာအား အစိုးရမင်းများ၏ ပံ့ပိုးကူညီ စောင့်ရှောက်မှုသည် လွန်စွာ ကြီးမားသောအင်အား

၅။ အကြံဥာဏ်အား သာသနာတော်အတွက် နည်းမှန်လမ်းမှန် တိုးတက်စေရန် ထက်မြတ်သော အကြံဥာဏ်ပေးနိုင်သော ပုဂ္ဂိုလ်များ၏ အင်အား
[ပြင်ဆင်ရန်​] မှတ်သားရမည့် ဥပမာ

- တတိယအကြိမ်သင်္ဂါယနာတင်ခဲ့သော သီရိဓမ္မာသောကမင်း သည် မှတ်တမ်းတင်ကျောက်စာတိုင်များ ထုလုပ်စိုက်ထူခဲ့စဉ်က ကျောက်တိုင်များ၏ ထိပ်တွင် တိရစ္ဆာန် (၄) ကောင်ကို ထုလုပ်ခဲ့သည်။

1. ခြင်္သေ့ = ခြင်္သေ့ကဲ့သို့ ရဲဝံ့သောသတ္တိရှိရန်
2. ဆင် = ဆင်ကဲ့သို့ ခွန်အားကြီးမားမှုရှိရန်
3. မြင်း = မြင်းကဲ့သို့ သွက်လက်ဖြတ်လတ်စွာ လုပ်ဆောင်ရန်
4. နွား = နွားကဲ့သို့ ၀န်ဆောင်နိုင်သကဲ့သို့ သည်းငြီးခံနိုင်ရန်

သာသနာပြုသူတို့သည် ၄င်းတိရစ္ဆာန် (၄) ကောင်၏ ထင်ရှားသော စရိုက်ကဲ့သို့ အတုယူလုပ်ဆောင် ကြရန် ဥပမာပေးခဲ့ပေသည်။
[ပြင်ဆင်ရန်​] သာသနာပြုသူ စိတ်ဓာတ်

စိတ်ရှည် ဇွဲသန် သည်းငြီးခံ ပြုရန်သာသနာ

- ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ စသောဆောင်ပုဒ်များနှင့်အညီ သာသနာပြုမည့်သူသည် မာန် (မာန) ကိုလည်း လျော့၊သည်းငြီးခံပြီး မိမိအကျိုး အတွက် ရယူခြင်း (လာဘ၊ သက္ကာယ၊ သိလောက) ကို သွယ်ဝိုက်၍ပင်လျှင် မယူမိစေရန်နှင့်အများအကျိုးဆောင်ရွက်ချင်သော စေတနာအပြည့် ထားပြီး ဗုဒ္ဓ သာသနာတော်ကြီးအတွက် မိမိစွမ်းဆောင်နိုင်သည့် အခန်းကဏ္ဍမှ နိုင်သလောက် ပေးဆပ်ကြရမည် ဖြစ်သည်။
[ပြင်ဆင်ရန်​] သဘောတူညီချက်

ထေရ၀ါဒ (၅) နိုင်ငံမှ ဆရာတော်ကြီးများ၏ နောက်ဆုံးညှိနှိုင်းသဘောတူညီချက်

1. Restoration (နဂိုမူရင်းအတိုင်း အစားထိုးခြင်း)
2. Preservation (မူရင်းအတိုင်းကိုသာ သိမ်းဆည်းထားခြင်း)
3. Promotion (တိုးတက်အောင် ကူညီအားပေးခြင်း)
4. Propagation (ပြန့်ပွားခြင်း)
5. Protection (ကာကွယ်ခြင်း)

အထက်ပါ (၅) ချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တို့ဖြစ်သည်။
[ပြင်ဆင်ရန်​] စနစ် (၄)

ထေရ၀ါဒဗုဒ္ဓသာသနာတော်သည်

1. Practical System (လက်တွေ့ပြည့်စုံသောစနစ်)
2. Ethical System (ကိုယ်ကျင့်တရားပြည့်စုံသောစနစ်)
3. Spiritual System (စိတ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
4. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)

စစ်မှန်လှသောစနစ် (၄) မျိုးဖြင့် ပြည့်စုံပေသည်။ [1]

Saturday, April 24, 2010

ရက်ပေါင်း ၆၀ ကျော်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တို့ အလံတို့ကို ဖြုတ်ချထားစရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို...

http://www.demowaiyan.co.cc/2010/04/blog-post_3961.html အသံဖိုင်ကို ဒီလင့်မှာ ရနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ ရက်ပေါင်း ၆၀ ကိုကျော်လွန်သွားချိန်မှာ ပါတီရဲ့ ဆိုင်းဘုတ်တို့ အလံတို့ကို ချထားဖို့မလိုဘူး.... ချထားစရာ အကြောင်းမရှိဘူးဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ နေ့လည်၁နာရီမှ ၃နာရီထိ အကျိုးဆောင် ရှေ့နေများနှင့် တွေဆုံ့ခွင့်ရစဉ် ပြောဆိုလိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောဆိုပါတယ်။

Get this widget | Track details | eSnips Social DNA
ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက် အသံဖိုင်ပါ....

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း။ ပြီးခဲ့တဲ့ အပတ်တွေက ဆေးရုံမှာ Echo ရိုက်တဲ့ ဆေးစစ်ချက်တွေ ကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသွားပါတယ်။

သတင်း...ဒီမိုဝေယံ

စစ်တွေမှာ ဆန္ဒပြပွဲအပြီး လျှပ်စစ်မီးပြန်ရ

http://www.voanews.com/burmese/2010-04-25-voa2.cfm
25 April 2010


ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှာ မီးမလာတာ လနဲ့ချီလာပြီဖြစ်တဲ့အတွက် အမျိုးသမီးတွေက ဦးဆောင်ပြီး လူအင်အား ၅၀၀ လောက်ဟာ ဧပြီလ ၂၁ ရက်နေ့ညက ရပ်ကွက်ထဲမှာလှည့်ပြီး မီးရရှိရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲရဲ့ ရလဒ်ကြောင့် ကုန်တန်းရပ်ကွက်ကို အာဏာပိုင်တွေက ၂၃ ရက်နေ့မှာ မီးပေးလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက တင်ပြထားပါတယ်။

စစ်တွေမြို့ ကုန်တန်းရပ်ကွက်က ပြည်သူတွေဟာ ဒီဇင်ဘာလကစပြီး မီးမလာတာ ၄ လကျော်ပြီ ဖြစ်သလို မီတာ ထိန်းသိမ်းခတွေကိုတော့ ဧပြီလကကစပြီး တိုးမြှင့်ကောက်ခံခဲ့တဲ့ မကျေမနပ်ဖြစ်ရာကနေ ဆန္ဒပြတာခဲ့တာလို့ ဆိုပါတယ်။ အခုအခါမှာတော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်မူတွေ လုပ်နေပြီး မီးကိုချက်ချင်း ပြန်ပေးလိုက်ကြောင်း မြို့ခံတဦးက အခုလိုပြောပါတယ်။

"မီးမလာတာ ၄ လလောက်ကို ရှိပါပြီ။ သူတို့ကတော့ အော်တဲ့သူက အော်တယ်။ ငြိမ်ငြိမ်သက်သက်နဲ့ သွားနေကြတဲ့ လူ ၅၀၀ လောက်ရှိတယ်။ နောက်နေ့ကျတော့ စောစောစီးစီး လာပြီးတော့ အာဏာပိုင်တွေက စောင့်နေကြတယ်။ ပြီးတော့ လျှပ်စစ်ဌာနကနေပြီးတော့ သူတို့ကလည်း ကြိုစောင့်နေပြီးတော့ ညပိုင်းမှာ မီး ဖွင့်ပေးလိုက်တာ။ ည ၁ နာရီကနေ စဖွင့်တယ်။"
၂၁ရက်နေ့ည ၈ နာရီကျော် အချိန်ကနေစပြီး ၁၀ နာရီ နီးပါးအထိ ၁ နာရီကျော်ကြာ ဆန္ဒပြမူတွေ ဖြစ်ပွားပြီးတဲ့ အချိန်မှာတော့ အာဏာပိုင်တွေဘက်ကနေ လူစုခွဲတာမျိုးတွေ မရှိခဲ့ပေမဲ့ ၂၂ ရက်ကစပြီး ဒီနေ့အထိ ကုန်တန်းရပ်ကွက်ကို အာဏာပိုင်တွေဘက်က လုံခြုံရေး တိုးမြှင့်ချထားလိုက်တယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးသိန်းလှိုင် ပြောပြတာကတော့ -

"အဲဒီအချိန်ကတော့ အာဏာပိုင်တွေဘက်ကလည်း ကြိုတင်မျှော်လင့်ထားတဲ့ အနေအထားမဟုတ်တဲ့ အတွက်ကြောင့်မိုလို့ ဗြုန်းဆိုင်းကြီး ဖြစ်တာကြောင့်မိုလို့ သူတို့ဘက်က အရေးယူဆောင်ရွက်မှု တစုံတရာတော့ သူတို့ မရှိခဲ့ဘူး။ နောက်ပြီးတော့ အဲဒီနေရာက ကျနော်တို့ ရဲစခန်းနှစ်ခုနဲ့လည်း အလှမ်းဝေးတဲ့နေရာ ဖြစ်နေတဲ့အတွက်ကြောင့်မိုလို့ အဲဒီလို ဖြစ်တယ်လို့ ယူဆရတယ်။ နောက်ပိုင်းကျတော့ ၂၂ ရက်နေ့ကျတော့ အဲဒီမှာ စခန်းမှူးကအစပေါ့နော် ရဲတပ်ဖွဲ့ဝင်တွေအပြည့် လုံခြုံရေး ချပြီးတော့ စောင့်ခိုင်းနေတာ တွေ့ရတယ်ခင်ဗျ။"

အခုလို ရခိုင်ပြည်က လူထုတွေ မီးကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့ရာမှာတော့ -

"ဟုတ်ကဲ့။ သူတို့အပြောအရဆိုရင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလကစပြီး ကုန်တန်းရပ်ကွက်မှာ မီး လုံးဝ မလာဘူး။ မလာတဲ့အပြင် မီတာခက ထိန်းသိမ်းခဆိုပြီး ၅၀၀ ကနေ ၁,၀၀၀ တက်လာတယ်။ ရခိုင်မှာက ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ရှိနေတယ်။ အဲဒီရခိုင်က ရေနံသဘာဝဓါတ်ငွေ့တွေကို အလင်းပြုပြီးတော့ မြန်မာတနိုင်ငံလုံးကို ၂၄ နာရီ မီးပေးလို့ ရတဲ့အနေအထားမျိုးမှာ ရခိုင်ဒေသက စစ်တွေမှာ ဒီလို အမှောင်ချ ထားတဲ့အတွက်ကြောင့်မိုလို့ ဒါဟာ မတရားဘူး၊ သည်းမခံနိုင်တဲ့အဆုံး အဲဒီလို လုပ်ရတယ်လို့ ပြောတယ်ခင်ဗျ။"

ရခိုင်ပြည်နယ်အတွင်းမှာ မီးမလာတဲ့ အခက်အခဲတွေကြောင့် ကျောင်းသားတွေ စာမကျက်ရတာ၊ အိမ်တွင်းစီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်လို့ မရတာတွေ၊ ရာဇ၀တ်မှု ထူပြောမှုတွေ ဖြစ်လာတာကြောင့် မီးကိုလိုအပ်တယ်ဆိုပြီး မြို့ခံတွေက ပြောပါတယ်။ ကုန်တန်းရပ်ကွက်ဟာ စစ်တွေမြို့မှာ ဆန်အရေးအခင်းဖြစ်ချိန်ကလည်း အဲဒီနေရာကနေ စခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။