မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၄ မိနစ်
http://www.mizzimaburmese.com/news/2010-election/5246-----cpp-.html
နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသော်လည်း ချင်းတိုင်းရင်းသားများ အခွင့်အရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်ဟု မနက်ဖြန်တွင် ပါတီမှတ်ပုံတင်မည့် ချင်းအဖွဲ့တခုက ပြောသည်။
“အများက တရားမျှတမှု မရှိဘူးလို့ ရွေးကောက်ပွဲကို ပြောနေကြတယ်။ ကျနော်တို့ ဆင်းရဲချို့တဲ့တဲ့ ချင်းတိုင်းရင်းသားတွေအတွက် အခုထွက်လာတဲ့ အခွင့်အရေးက ကြီးကြီး၊ သေးသေး အဆုံးရှုံး မခံနိုင်ဘူး။ အပြည့်အဝတော့ လုံးဝ မရဘူးဆိုတာ သေချာတယ်။ free & Fair လုံးဝ မဖြစ်နိုင်ဘူးဆိုတာလည်း သေချာတယ်။ ဒါပေမဲ့ အခုရလာတဲ့ အခွင့်အရေးကို အဆုံးမခံနိုင်ဘူး'' ဟု Chin Progressive Party ခေါ် ချင်းတိုးတက်ရေးပါတီမှ Pu No Than Kap က ပြောသည်။
ချင်းတိုးတက်ရေးပါတီကို မနက်ဖြန်တွင် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားမည်ဖြစ်သည်။
''ရတဲ့အခွင့်အရေးကို ရအောင်ယူချင်တယ်။ အမိအရဖမ်းနိုင်ရင် ချင်းပြည်နယ် ချင်းတိုင်းရင်သားတွေအတွက် ကောင်းကျိုးဖြစ်လာအောင် ဆောင်ရွက်မယ်။ အခု နအဖ ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ချင်းပြည်နယ်အတွက် တံခါးဖွင့်ပေးတယ်လို့ ယူဆတယ်။ ဒါကြောင့် ကျနော်တို့ပါတီက ချင်းပြည်နယ် ချင်းပြည်သူလူထုအတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာဖြစ်တယ်” ဟု Pu No Than Kap က ပြောသည်။
ယခုလ ၉ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခဲ့သော်လည်း စာရွက်စာတမ်း မစုံလင်သဖြင့် နောက်တခေါက် ထပ်သွားရခြင်း ဖြစ်သည်။
ချင်းပြည်နယ် ၉ မြို့နယ်အပြင် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးမြို့ပါ ပါဝင်ယှဉ်ပြိုင်သွားရန် သူတို့က ရည်ရွယ်ထားသည်။
“၂ဝဝ၈ အခြေခံ ဥပဒေက Genuine Federal (စစ်မှန်သည့် ဖက်ဒရယ်) မဟုတ်ပေမယ့် Quasi Federal (တဝက်တပြက် ဖက်ဒရယ်) နီးပါးရှိတယ်လို့ လက်ခံလို့ ရပါတယ်။ ချင်းတိုးတက်ရေးပါတီက အနိုင်ရခဲ့ရင် ချင်းပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ပိုင်ခွင့် ရှိသလောက်ကို ခွဲခြားမှုမရှိဘဲ ချင်းပြည်နယ်ရဲ့ လိုအပ်တဲ့ အရာကို တန်းတူလုပ်ဆောင်သွားမယ်” ဟု Pu No Than Kap ပြောသည်။
CPP ကို ရန်ကုန်မြို့တွင် ဌာနချုပ် ထားရှိကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၉ ဦးနှင့် ဗဟိုကော်မတီဝင် ၃၉ ရှိသည်။
ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ယခုအချိန်အထိ ပါတီနှစ်ရပ်ရှိရာ၊ ချင်းအမျိုးသားပါတီ CNP အမည်ရ ပါတီသည် ယခုလ ၇ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ CNP သည်လည်း ချင်းပြည်နယ် ၉ မြို့နယ်စလုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
၁၉၉ဝ ခုနှစ် ရွေးကော်ပွဲတွင် ချင်းပြည်နယ် ၃ မြို့နယ်၌ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD သည် ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။
စစ်အစိုးရ၏ လုပ်ဆောင်သမျှ မည်သည့်အရာမဆို အယုံအကြည် မရှိသောကြောင့် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ထားသည်ဟု CNLD အထွေထွေအတွင်းရေးမှူး Pi Za Dim Sung က ပြောဆိုသည်။
(ဆလိုင်းထွန်း သတင်းပေးပို့သည်။)
Thursday, April 22, 2010
စစ်ရေးဖြင့် ဖြေရှင်းမှုမလုပ်ရန် ကေအိုင်အိုက နအဖကို သတိပေး
ဆလိုင်း ဟံသာစန်း | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၉ မိနစ်
http://www.mizzimaburmese.com/news/inside-burma/5243-2010-04-21-13-13-57.html
နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆိုထားသော အပစ်ခတ် ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့များကို စစ်ရေးဖြင့် နှိမ်နင်းးဖို့ မကြိုးစားရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က စစ်အစိုးရကို သတိပေးလိုက်သည်။
“ဒီ နယ်ခြားစောင့်တပ်ကိစ္စကို အစိုးရက လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင်တော့ သူတို့အတွက်လည်း မကောင်းဘူး၊ ကျနော်တို့အတွက်လည်း မကောင်းဘူး။ ပြည်သူအားလုံးအတွက်လည်း မကောင်းပါဘူး” ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္ဈိမကို ပြောသည်။
KIO လက်အောက်ခံတပ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် KIO နှင့် စစ်အစိုးရအကြား တနှစ်အတွင်း ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးသော်လည်း သဘောတူညီချက်မရနိုင်ဘဲရှိနေချိန်တွင် ပြောလိုက်ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော်အရာရှိများအုပ်ချုပ်မှုအောက်တွင် ကန့်သတ်သွတ်သွင်းကာ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းဖွဲ့စည်းရန် ငြိမ်းအဖွဲ့ ၁၇ ဖွဲ့ကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းမှ စတင်၍ ကမ်းလှမ်းခဲ့သည်။ KIO က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည်မဟုတ်ဘဲ ပြည်ထောင်စုတပ်မတော်တွင် ကချင်ပြည်နယ် တပ်ရင်းအဖြစ် ပြင်ဆင်ထဲ့သွင်းရန် တောင်းဆိုထားသည်။
“အဓိကကတော့ အစိုးရရဲ့ သဘောထားအပေါ် မူတည်ပါတယ်။ ကျနော်တို့ကတော့ လက်ရှိ တည်ငြိမ်အေးချမ်းနေတဲ့ အနေအထားကို ထိခိုက်စေလိုတဲ့ သဘောမရှိဘူး။ ဆန္ဒလည်း မရှိဘူး” ဟု ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
စစ်အစိုးရက ၁၆ နှစ်တာကာလအတွင်း အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုအဖြစ် အမြောက်တင်ကား ၂၆ စီး အပါအဝင် စစ်ကားပေါင်း ၁ဝဝ ခန့်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ မြစ်ကြီးနားမြို့သို့ စေလွှတ်ခဲ့သေးသည်။
KIO တွင် အင်အား ၂ သောင်းခန်ရှိပြီး အမြဲတမ်းစစ်သည်အင်အား ၈ ထောင်ခန့်ရှိကာ ရက်တိုစစ်သင်တန်းများကို စစ်မှုထမ်းဟောင်းများနှင့် ဒေသခံအချို့အား အရေးပေါ် သင်ကြားပေးနေခဲ့သည်။
စစ်အစိုးရက နယ်ခြားစောင့်တပ်အရေးနှင့် ပက်သက်၍ ၃ ကြိမ်မြောက် ရာဇသံပေးခြင်းအဖြစ် မနက်ဖြန်တွင် နောက်ဆုံးထား အကြောင်းပြန်ရန် ”ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့များကိုပါ ပြောကြားထားသည်။
KIO က ၎င်းတို့၏ နိုင်ငံရေး ရပ်တည်မှုများ၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်လူထုနှင့် အောက်ခြေဝန်ထမ်းများကို ယခုလ ၁၆ ရက်နေ့က လိုင်ဇာမြို့ မနောကွင်းခန်းမတွင် KIO ဒု - စစ်ဦးစီးချုပ် ဗိုလ်မှုးချူပ် ဂွမ်မော်နှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့က ရှင်းလင်းပြောကြားခဲ့သည်။
ဧပြီလ ၁၇ ရက်နေ့က ကချင်ပြည်နယ် မြစ်ဆုံရေကာတာ ဆောက်လုပ်လျှက်ရှိသော Asia World ကုမ္ပဏီ အဆောက်အဦးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ စစ်အစိုးရက KIA လက်ချက်ဟုတ် မဟုတ် မေးမြန်းခဲ့သည်။ KIA ကတော့ ပတ်သက်မှုမရှိကြောင်း ငြင်းဆန်ထားသည်။
နယ်ခြားစောင့်တပ် တပ်ရင်းတရင်း၌ ဖွဲ့စည်းပုံအရ အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ကာ မြန်မာ့တပ်မတော်ဘက်မှ အရာရှိနှင့် စစ်သား ၃ဝ ဦး ပါဝင်မည်ဖြစ်ပြီး၊ တပ်ဖွဲ့ဝင်အားလုံး၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမှာဖြစ်သည်။
ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကိုးကန့်တပ်ဖွဲ့များက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံကာ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းလဲပြီး ဖြစ်သည်။

ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ့များ တောင်းဆို
မုံပီး | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၇ မိနစ်
http://www.mizzimaburmese.com/news/inside-burma/5248-2010-04-22-11-01-04.html
အိုကလားဟိုးမားမြို့ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေကစားမဏ္ဍပ်တွင် ဗုံးများပေါက်ကွဲသည့် ဖြစ်ရပ်အား ဓာတ်ပုံရိုက်သဖြင့် အဖမ်းခံခဲ့ရသော သတင်းသမားနှင့် သူ၏ သားအား ချက်ချင်း လွှတ်ပေးရန် သတင်းမီဒီယာစောင့်ကြည့်လေ့လာရေးအဖွဲ့များက တောင်းဆိုလိုက်ကြသည်။
သင်္ကြန်အတက်နေ့တွင် လူအများအပြား သေဆုံးဒဏ်ရာ ရရှိစေခဲ့သော ဗုံးကွဲမှုအပြီး နှစ်ရက်အကြာ ယခုလ ၁၇ ရက်နေ့တွင် ၅၅ နှစ်အရွယ် ဦးဇေယျနှင့် ကိုစည်သူဇေယျအား အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) နှင့် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA က ယမန်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခြင်း ဖြစ်သည်။
“တကယ်လို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ဓာတ်ပုံရိုက်ခဲ့လို့ အဖမ်းခံခဲ့ရတာဆိုရင် အခုချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ထိုအဖွဲ့အစည်းနှစ်ခုက ပြောကြားသည်။
ဦးဇေယျတို့သားအဖသည် ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်၌ ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံရိုက်ခဲ့သဖြင့် ယခုလို အဖမ်းခံရသည်ဟု ယူဆရကြောင်း RSF နှင့် BMA ပြောသည်။
အာဏာပိုင်များအနေနှင့် အကြမ်းဖက်မှု၏ တရားခံကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိသဖြင့် တရားမျှတသည့် နည်းလမ်းမျိုးစုံ အသုံးပြုနိုင်သော်လည်း သတင်းရယူ စုဆောင်းသူများအား ဖမ်းဆီခြင်းဖြင့် ပစ်မှတ်လွဲချော်သော တရားလက်လွတ် ပြုမူမှုမျိုးကို ရှောင်ရှားသင့်သည်ဟုလည်း ပါရှိသည်။
ယခုလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သင်္ကြန်မဏ္ဍပ်တခုတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုဟု အာဏာပိုင်များက ယူဆနေသော ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ရာ လူ ၉ ဦးခန့် သေဆုံးခဲ့ပြီး ၁၇ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။
RSF နှင့် BMA မှ ရရှိခဲ့သော သတင်းများအရ ဦးဇေယျသည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့သဖြင့် ရဲအဖွဲ့က ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဇေယျ၏ ကလောင်အမည်မှာ သားကြီးမောင်ဇေယျဖြစ်ပြီး၊ ၎င်းသည် နာမည်ကျော် စာရေးဆရာ လင်းယုန်မောင်မောင်၏ သားလည်း ဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၂ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲ၌ စစ်အစိုးရအနေဖြင့် အတိတ်က ပြုမူသကဲ့သို့ မကြာသေးခင်က ဗုံးပေါက်ကွဲမှုများကို အကြောင်းပြ အမြတ်ထုတ်ကာ အစိုးရအပေါ် နိုင်ငံရေးအရ ဆန့်ကျင်ဝေဖန်သူများအား ပိုမိုဖိနှိပ်လာမည်ကို စိုးရိမ်မကင်း ဖြစ်မိကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံတွင် နအဖ သည် နိုင်ငံရေးအရ ဆန့်ကျင်ဝေဖန်သူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများအား ၎င်းတို့ ပြုလုပ်ကျူးလွန်ခြင်း မရှိခဲ့သည့် ပြစ်မှုများအတွက် လက်ညှိုးထိုး အပြစ်ပုံချကာ အရေးယူနိုင်သည့် အမြစ်တွယ်နေသော မှားယွင်းသည့် ပြစ်ဒဏ်စီရင် အကျဉ်းကျမှုစနစ်ကြီး ရှိနေပေသည်” ဟု ကြေညာချက်တွင်ဖော်ပြထားသည်။
သီးခြားဗုံးပေါက်ကွဲမှုမှာ စစ်အစိုးရနှင့်နီးစပ်သော အေးရှားဝေါကုမ္ပဏီက ဆောက်လုပ်နေသည့် ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းတွင် ဖြစ်သည်။ သို့သော် ထိုဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ အနည်းငယ် ရှိခဲ့သော်လည်း သေဆုံးသူ မရှိပါ။

နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော
မြင့်မောင် | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်
http://www.mizzimaburmese.com/news/inside-burma/5249-2010-04-22-12-34-07.html
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိမှုကို ပြသသွားမည်ဟု ပြောကြားလိုက်သည်။
''NLD ရွေးကောက်ပွဲ မှတ်ပုံတင်ရက် မကျော်မချင်း ဘာမှ လုပ်မှာမဟုတ်ပါဘူး။ NLD အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိတဲ့အနေနဲ့ နောက်ဆုံး မေလ ၆ ရက် မရောက်မချင်း၊ မကျော်မချင်း ဘာဆိုဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
လာမည့် မေလ ၆ ရက်နေ့သည် ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း လျှောက်ထားရမည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ အဓိက အတိုက်အခံပါတီကြီးဖြစ်သော NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများ တရားမျှတမှု မရှိခြင်းကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် တခဲနက်ဆန္ဒဖြင့် ဆုံးဖြတ်ထားသည်။
သို့သော် နောက်ပိုင်းတွင် ဦးခင်မောင်ဆွေက ပါတီကို ဝေဖန်မှုများကို လူသိရှင်ကြား ပြုလုပ်သေးသောအခါ ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ဝင်လိမ့်မည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်လာသည်။
“ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ တသီးပုဂ္ဂလအနေနဲ့လည်း ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ဘေးကလူတွေက ထင်ကြေးတွေနဲ့ ပြောနေကြတာပါ။ လောလောဆယ် ဘာမှ လုပ်ဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။ စောင့်ကြည့်နေတာပဲ ရှိပါတယ်'' ဟု လက်ရှိ NLD ပြန်ကြားရေးအဖွဲ့ဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုက်အခံပါတီကြီး NLD ကဲ့သို့ ပါတီဟောင်းများအနေဖြင့် ပြန်လည်၍ မှတ်ပုံမတင်ပါက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။
ပါတီမှတ်ပုံတင်ရန် သဘောထားရှိခဲ့သူ နောက်တဦးဖြစ်သည့် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာသန်းငြိမ်း (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) ကလည်း ပါတီမှတ်ပုံတင် နောက်ဆုံးရက်နေ့အထိ NLD အပေါ် သစ္စာရှိသွားမည်ဟု ပြောသည်။
“မေလ ၆ ရက်နေ့ မတိုင်ခင် NLD ရှိနေသမျှ ကျနော်တို့က အဖွဲ့ဝင်တွေပဲလေ။ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ထားတာတွေ မရှိပါဘူး” ဟု သူက ပြောသည်။
သို့သော်လည်း နှစ်ဦးလုံးက မေလ ၆ ရက်နေ့ကျော်လျှင် ဘာလုပ်မည်ဆိုသည်ကို ဖြေကြားရန် ငြင်းဆိုသွားသည်

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်
http://www.mizzimaburmese.com/news/inside-burma/5250----kio-.html
ဖနိဒါ | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ထပ်လောင်း တုံ့ပြန်လိုက်သည်။
မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်အဖြစ် အသွင်မပြောင်းဟု ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
“ နယ်ခြားစောင့်တပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အဲဒါပဲ ပြောပြခဲ့တယ်။ ကျနော် တို့ အောက်ခြေလည်း လက်မခံဘူး။ ကချင်လူထုလည်း လက်မခံဘူး။ ” ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ KIO ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုတပ်မတော်တွင် ကချင်တပ်ရင်းများအဖြစ်သာ ပါဝင်လိုကြောင်း KIO က ဆက်လက် ဆွဲကိုင်ထားသည်။
ဗိုလ်ချုပ် စိုးဝင်းက KIO ၏ အဖြေကို နေပြည်တော်သို့ ဆက်လက်တင်ပြမည်ဟုသာ တုံ့ပြန်သွားကြောင်း သိရသည်။
ပြဿနာကို ငြိမ်းချမ်းစွာအဖြေရှာလိုကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
“ အစိုးရအနေနဲ့ တိုက်ခိုက်လာမယ်၊ မလာဘူးဆိုတာက သူတို့ဘက်က အပိုင်းပါ။ ကျနော်တို့ဘက်က မပြောနိုင်ပါဘူး။ ကျနော်တို့ဘက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်ဆောင်ချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO က နအဖအနေဖြင့် စစ်တိုက်ပြီး ချေမှုန်းခြင်းမပြုရန် သတိပေးထားသည်။
တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှ စတင်ကာ နောက်ဆုံးရက်များ သတ်မှတ်ကာ ရာဇသံပေးခဲ့သည်မှာ ၃ ခါပြည့်သွားပြီဖြစ်သည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ကိုလည်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် နအဖက ညွှန်ကြားထားသော်လည်း UWSA ကလည်း ငြင်းဆန်ထားသည်။
“ ဒီနေ့ နောက်ဆုံးဖြတ်ပေမဲ့ အဖြေမပေးဘူး။ သူတို့ပြောတာနဲ့ ကျနော်တို့လိုချင်တာ မတူဘူး။ ကျနော်တို့ တောင်းဆိုတဲ့ ၉ချက် ကနေ ၈ချက်ကိုလည်း ပယ်လိုက်တယ်လေ။ ကျနော်တို့ နယ်မြေဒေသ အခွင့်အရေးကို တောင်းတာကို ပယ်လိုက်တယ်ဆိုတော့ ပြောစရာမရှိတော့ဘူး။”ဟု UWSA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့နှင့် တန်ယန်းမြို့တွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဝ တပ်ဖွဲဌာနချုပ်သို့ အကြောင်းကြားလာခြင်း မရှိသေးဟု သူက ပြောသည်။
မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့်လည်း စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံမည်ဟု သိရသော်လည်း သတင်းပေးပို့ချိန်အထိ မွန်ပြည်သစ်ကို ဆက်သွယ်၍ မရဘဲ ရှိသည်။
(ကိုဝိုင်းတည်းဖြတ်သည်။)

တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး
http://www.irrawaddy.org/bur/index.php/news/1-news/3027-2010-04-22-12-09-23
ရန်ပိုင် Thursday, April 22, 2010
E-mail Print
နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် တရုတ်-မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့ များကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
[ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)]

အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။
UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။
သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။
UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။
စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။
ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ် ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။
မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့် UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့ သို့ အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။
စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း အဖြစ်ကြေညာမည်ဖြစ်သည်။

ရန်ကုန်သင်္ကြန်ဗုံးကွဲမှု သေဆုံးသူ ၄၀ ကျော်ပြီ။ ရွှေတိဂုံ လုံခြုံရေး အထူး တင်းကြပ်လျက်ရှိ
http://moemaka.com/index.php?option=com_content&task=view&id=6272&Itemid=1
ဘားမားပါပါရာဇီသတင်း
ဧပြီ ၂၂၊ ၂၀၁၀
၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်း လုပ်ဆောင်လျှက်ရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖက သတင်းဖော်ပြခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ၄၅ ဦး ရှိပြီး၊ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြော ဌာန)တွင် အတွင်းလူနာအဖြစ် ၈ ဦး၊ ဒဏ်ရာရသူဦးရေမှာ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတဦးမှ ပြောကြားခဲ့ပါသည်။

နအဖအစိုးရ၏ အမှတ် (၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံ သို့ သွားရောက် ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကြားသိရပါသည်။
ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ သူ မကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း အတွင်းသတင်းအဖြစ် ပြောဆိုနေကြသည်။
နအဖ စစ်အစိုးရက ယင်းဗုံးပေါက်ကွဲမှုသတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်း နေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။
ရန်ကုန်မြို့နေရာအနှံ့အပြားတjavascript:void(0)ွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး၊ဗုံးဖေါက်ခွဲသူအား ဖမ်းဆီးမိပါက ဆုငွေ ၁၀ သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များက လိုက်ကပ်နေကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း မုခ်ဦးအပေါက်ဝများမှနေ၍ နအဖလက်အောက်ခံ လုံခြုံရေးများ ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ်ဆေးလျှက် ရှိပါသည်။

Subscribe to:
Posts (Atom)