Wednesday, April 21, 2010

သင်္ကြန်ဗုံးကွဲမှု လူ ၃ ဦး ဖမ်းဆီးခံရ

http://www.voanews.com/burmese/2010-04-20-voa4.cfm

20 April 2010

သင်္ကြန်အကြတ်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးက X2O ရေကစားမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပြီး အဖမ်းအဆီးအချို့ ရှိခဲ့ပါတယ်။ အရင် မြို့ပေါ်တွေ ဗုံးကွဲမှုတွေ ဖြစ်လေ့ရှိတိုင်း နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ ရှိတာကြောင့် အခုအခြေအနေမှာလည်း အလားတူ အပြစ်မဲ့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် မေးမြန်းတာတွေလုပ်မှာ စိုးရိမ်တယ်လို့ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ အဖမ်းအဆီးတွေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရန်ကုန် ကန်တော်ကြီး ဗုံးကွဲပြီးပြီးချင်းမှာတော့ အနီးအနားမှာ ကင်မရာသမားတဦး အဖမ်းခံခဲ့ရပါတယ်။ နောက်တနေ့မှာတော့ အာဏာပိုင်တွေက သူ့အိမ်ကို ၀င်ရှာပြီး ဖခင်ဖြစ်သူကိုလည်း ဖမ်းဆီးသွားပါတယ်။ စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သားဖြစ်တဲ့ ဦးဇေယျနဲ့ မြေးဖြစ်သူ စည်သူဇေယျတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် သားအဖ နှစ်ယောက်စလုံး အဖမ်းခံရသလဲ၊ ဘာပြစ်မှုနဲ့ အရေးယူထားလဲ၊ သူတို့ကို လက်ရှိ ဘယ်မှာထားသလဲ၊ ကျန်မိသားစုဝင်တွေ ဘာမှ မသိရသေးပါဘူး။ အိမ်ကို လာရောက် ဖမ်းဆီးတော့လည်း အာဏာပိုင်တွေဘက်က ဘာမှ တိတိကျကျ ပြောဆိုတာ မရှိဘူးလို့ ဦးဇေယျရဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီတင်က ဗွီအိုအေကို ပြောပြပါတယ်။

“ကျမကတော့ ရိပ်သာသွားနေလို့ အမေပြောပြလို့ သိတာကတော့ အိမ်ရောက်လာတယ်၊ ပစ္စည်းတွေ နည်းနည်းပါးပါးရှာတယ်၊ အခွေတွေ ဖွင့်ကြည့်ပြီးတော့ မိုးချုပ်တော့ လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ဒါပဲတဲ့၊ အဲဒီလိုပြောတာပဲ။”

ကင်မရာရိုက်မှုလို့ ပြောတယ်၊ ဟုတ်ပါသလား။

“အဲဒါက သားအငယ်ရှင့်။ ဖြစ်ပျက်နေတုန်း အဲဒီမှာ ရိုက်နေတုန်း မိတာ။”

ဦးဇေယျက အိမ်ကိုလာခေါ်တာပေါ့။

“ဟုတ်ကဲ့၊ အိမ်ကိုလာခေါ်တာပါ။”

သူတို့နှစ်ယောက် အခုခေါ်သွားတဲ့ကိစ္စ ဘယ်ကိုခေါ်သွားတယ်ဆိုတာ အမတို့ သိရပြီလား။

“အဲလိုတော့ မပြောတတ်ဘူး၊ ကျမလည်း မစုံစမ်းတတ်တာနဲ့ ဒီအတိုင်းပဲ နေလိုက်တယ်။”

ဘာမှလဲ လာမပြောဘူးလား။

“ဟုတ်ကဲ့၊ အဲဒီလိုတော့ မပြောဘူး။ နောက်နေ့ ဖုန်းလာသိမ်းတယ်၊ ဦးဇေယျရဲ့ဖုန်းကို လာယူတယ်။ ဘာမှတော့ မပြောဘူး။ ဖုန်းပဲ ပေးလိုက်ပါဆိုပြီး လာယူတယ်။”

လာယူတဲ့ အာဏာပိုင် အဖွဲ့အစည်းက ဘယ်ကလဲ မသိဘူး။

“ရောက်ရောက်ချင်း ကျနော်တို့ ရန်ကုန်က ရဲတပ်ဖွဲ့က အဲဒီလိုမျိုးလေးပဲ ပြောလိုက်တယ်။ ကျမ သေချာ မမှတ်မိလိုက်ဘူး။ အရပ်ဝတ်နဲ့ပဲ။ ဇဝေဇ၀ါ မဖြစ်အောင်တော့ သူတို့က ရ၀တတော့ ခေါ်ခဲ့တယ်။ ရ၀တရှေ့မှာပဲ ပစ္စည်းသိမ်းတယ်။ ကျမက အပ်ပေးရတဲ့သဘော။ ကျမလည်း အဲဒီတုန်းက ခေါင်းစီး မဖတ်လိုက်မိဘူး။ ကိုယ်လည်း လက်မှတ်ထိုးပေးလိုက်တယ်၊ ပစ္စည်းကို အပ်တဲ့အကြောင်း။ ပြီးတော့ သူတို့က ရ၀တကို သက်သေလုပ်ခိုင်းတယ်၊ ဒါပဲ။”

ပထမအကြိမ် ဖမ်းတုန်းကတော့ အခွေတွေ သိမ်းသွားတယ်ပေါ့။ ကင်မရာတို့ ဘာတို့ရော သိမ်းလား။

“ဟုတ်ကဲ့။”

ဒုတိယအကြိမ် လာသိမ်းတော့ ဘာသိမ်းသွားလဲ။

“ဖုန်းပဲသိမ်းတာ။”

သူတို့က NLD အဖွဲ့ဝင်တွေ ဘာတွေရော ဟုတ်လား။

“အဲလိုတော့ မ၀င်ဘူးရှင့်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမကလည်း အမှုထမ်းဆိုတော့။ အရင် မိုးကုတ်မှာ နေကတည်းက မ၀င်ဘူးရှင့်။”

လတ်တလော ဦးဇေယျက ဘာအလုပ် လုပ်နေပါလဲ။

“ဦးဇေယျက ပန်းချီလည်းလုပ်တယ်။ မျက်နှာဖုံး ဂရပ်ဖစ် ဒီဇိုင်းတွေလည်း ရေးတယ်။”

သားနာမည်က ဘယ်လိုခေါ်ပါသလဲ။

“စည်သူဇေယျပါ။”

သူကရော ဘာလုပ်ပါလဲ။

“သူက အခုမှ ကျောင်းပြီးတယ်၊ ပန်းချီပေါ့၊ ပန်းချီကျောင်းပြီးတော့ ဘာလုပ်ရမလဲ စဉ်းစားနေတုန်းပဲ ရှိသေးတယ်။”

အဲဒီနေ့က ကင်မရာ သွားရိုက်တယ်ဆိုတာ ဘယ်လိုလဲ။

“အပျော်တမ်းပေါ့။ သူက အရင်ပြောဖူးတယ် သတင်းထောက် လုပ်ချင်တယ်ဆိုပြီး၊ သတင်းထောက်က မလွယ်ဘူးနော်လို့ အဲဒီလိုတော့ ကျမ သတိပေးလိုက်တယ်။ နောက်တော့လည်း စကား မဆက်စပ်မိဘူးပေါ့နော်။ အဲဒီလိုပဲ လုပ်နေတုန်း အခုမှ ကျောင်းပြီးတာ ဘာမှ မကြာသေးဘူးလေ။”

ဦးဇေယျဟာ ၁၉၇၀ ကျော်ပိုင်းတုန်းက နိုင်ငံရေးပုဒ်မနဲ့ အထိန်းသိမ်း ခံရဖူးသူ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန် သင်္ဃန်းကျွန်းမှာရှိတဲ့ နိုင်ငံရေး လှုပ်ရှားသူ တဦးလည်း အဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဗုံးကွဲတဲ့ကိစ္စနဲ့ ပတ်သက်၊ မပတ်သက် မသိရပေမဲ့ နိုင်ငံရေး လှုပ်ရှားတဲ့ အသိုင်းအ၀ိုင်းအဖို့တော့ ဗုံးကွဲပြီးနောက်ပိုင်း သူတို့လုံခြုံရေးအတွက် စိတ်မအေး ဖြစ်နေရပါတယ်။

ဒါကြောင့်လည်း အေအေပီပီ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ခိုင်ခိုင်လုံလုံ ဘာမှမရှိဘဲ အာဏာပိုင်တွေဘက်က ခေါ်ယူဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ ဖြစ်လာမှာ စိုးရိမ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အရင်တုန်းကလည်း ဗုံးကွဲမှုတွေ ဖြစ်ပြီးနောက် နိုင်ငံရေး လှုပ်ရှားသူအချို့ တကယ်မပတ်သက်ဘဲ အဖမ်းခံရတာ၊ အနှိပ်စက်ခံရတာ၊ နောက်ဆုံး ထောင်ချခံရတာတွေအထိ ရှိခဲ့တယ်လို့ အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“သူတို့တွေကို မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှာကို ကျနော်တို့ အတော်လေး စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖက ဒီလို ဗုံးကွဲမှုတွေ ပြီးတိုင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ တချို့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး မတရား စစ်ဆေးလေ့ရှိတယ်။ ကျနော်တို့ဆီမှာ သာဓကတွေလည်း ရှိတယ်။

“ဥပမာ သန့်ဇော်နဲ့ ညီညီဦးဆိုရင် သန်လျင် ရေနံချက်စက်ရုံမှာ ၁၉၈၉ ခုနှစ်က ဗုံးကွဲမှု ဖြစ်ခဲ့တယ်။ တကယ်တော့ သူတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဖြစ်တယ်။ ဒီဗုံးကွဲမှုနဲ့ လုံးဝ မပတ်သက်ဘူး။ ဒါပေမဲ့ သူတို့ကို ဖမ်းထားပြီး သေဒဏ်ချတယ်။ ထောင်ထဲမှာ ၂၁ နှစ်ရှိပြီ၊ အခုထိ မလွတ်သေးတာမျိုးတွေ ရှိတယ်။ ဒီလို အစဉ်အလာတွေ ရှိတဲ့အခါကြတော့ ကျနော်တို့က မဆိုင်တဲ့လူတွေ အများကြီး အဖမ်းခံရမှာ၊ နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အညှိုးတကြီးနဲ့ ဖမ်းဆီး နှိပ်စက်မှာတွေကို ကျနော်တို့ စိုးရိမ်ပါတယ်။”

သင်္ကြန်အကြတ်နေ့ ဗုံးကွဲမှုကြောင့် သေဆုံးသွားတဲ့ ၈ ဦးထဲမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိန်း ပါဝင်သလို အခြား လုံခြုံရေး တာဝန်ရှိသူ အချို့နဲ့ အရပ်သား စုစုပေါင်း ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။

မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှု KIO ပါဝင်ပတ်သက်မှု ငြင်းဆို



20 April 2010
http://www.voanews.com/burmese/2010-04-20-voa6.cfm

ကချင်ပြည်နယ် မြစ်ဆုံဗုံးကွဲမှုမှာ KIO ခေါ် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့က သူတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း ထုတ်ဖော် ပြောကြားပါတယ်။ ဒါဟာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ KIO ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ KIO အဖွဲ့အကြား ဆက်ဆံရေး အပြောင်းအလဲ ဖြစ်နိုင်သလား ဆိုတာနဲ့ ကချင်ပြည်နယ် အတွင်းက နောက်ဆုံး အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီလ ၁၇ ရက်နေ့မနက် အစောပိုင်းက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ Asia World ကုမ္ပဏီရုံး အဆောက်အဦးမှာ အနည်းဆုံး ဗုံး ၁၀ လုံးလောက် ဆက်တိုက် ပေါက်ကွဲခဲ့တာပါ။ ဒီလို ပေါက်ကွဲပြီးတဲ့နောက်မှာ မြောက်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့တာကြောင့် KIO အဖွဲ့က အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ဟာ ၁၈ ရက်နေ့က မြစ်ကြီးနားကို သွားရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဒီပေါက်ကွဲမှုဟာ KIO နဲ့ မပတ်သက်တာကြောင့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ နှစ်ဘက် ဆွေးနွေးပွဲအပြီးမှာ KIO ထိပ်တန်းအရာရှိ တဦးက အခုလို ထုတ်ဖော်ပြောဆိုပါတယ်။

“အဓိကကတော့ ဒီကိစ္စမှာ ကျနော်တို့ KIO က ပါဝင်ပတ်သက်မှု မရှိဘူး ဆိုတာကို သွားရှင်းပြတာပါ။ ကျနော်တို့ ပါဝင်ပတ်သက်မှု မရှိဘူး။ နောက် ကျနော်တို့ကလည်း ဒီကိစ္စအပေါ်မှာ စုံစမ်းမှုတွေ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ကျနော်တို့ လုပ်မယ်ပေါ့။ အဲလိုမျိုးလေးတွေ ဆွေးနွေးခဲ့ကြတာပေါ့။ နားလည်မှု ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ကျနော်တို့ဟာ မဟုတ်တဲ့အခါကျ တခြား ထူးထူးခြားခြား ပြောင်းလဲဖို့တော့ မရှိပါဘူး။”

လွန်ခဲ့တဲ့ မတ်လလယ်လောက်က ဗန်းမော်ခရိုင် အတွင်းမှာ ဗုံးအလုံး ၃၀ ကျော်လောက် ဖမ်းဆီးရမိခဲ့တာနဲ့ ဆက်စပ်ပြီး မြန်မာစစ်အစိုးရဘက်က KIO အဖွဲ့ အပေါ်မှာ သံသယရှိတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်နေပါတယ်။

ဗုံးပေါက်ကွဲတာဟာ အပစ်ရပ် KIO အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ မြန်မာစစ်အစိုးရဘက်က တောင်းဆိုထားပြီး KIO အဖွဲ့ကလည်း သဘောမတူညီနိုင်ကြောင်း လူထုရှင်းလင်းပွဲ ပြုလုပ်ပြီးချိန်မှာ ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် ကချင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေ တင်းကျပ်လာတာကိုတော့ ကချင်သတင်းဌာနက အယ်ဒီတာ ကိုနော်ဒင်းက အခုလို ပြောပါတယ်။

“ဗုံးပေါက်တဲ့ နေ့ကနေ စပြီးတော့မှ ကချင်ပြည်နယ် အရှေ့ဘက် ဆက်သွယ်တဲ့ လမ်းမကြီးတွေ ဖြစ်တဲ့ မြစ်ကြီးနား ၀ိုင်းမော် ဗန်းမော်လမ်း၊ နောက် မြစ်ကြီးနား ၀ိုင်းမော် ကန်ပိုက်တီးလမ်း၊ ဗန်းမော် ကိုင်ထေ့ နမ့်ခမ်း မူဆယ် အဲလိုမျိုး အဓိက လမ်းတွေပေါ်မှာ စစ်ဆေးရေး လုပ်ငန်းတွေကို ငြိမ်းချမ်းရေး မတိုင်ခင် စစ်ပွဲဖြစ်တဲ့ အခြေအနေလိုမျိုး ဂိတ်တွေ အများကြီး ဖွင့်ပြီးတော့မှ စစ်ဆေးမှုတွေ အကြီးအကျယ် လုပ်နေတာပေါ့။ စစ်ဆေးမှု ဆိုတဲ့နေရာမှာ ကိုယ်ခန္ဓာကိုရော သူတို့စစ်တယ်။ ပစ္စည်းတွေကအစ အားလုံး မှတ်ပုံတင်ကအစ စစ်တယ်ပေါ့။”

အဲလို စစ်ဆေးတဲ့ နေရာမှာ KIO အရာရှိတွေကိုပါ စစ်ဆေးနေတာ ဖြစ်တယ်လို့ ကိုနော်ဒင်းက ပြောပါတယ်။

အခုအခါမှာ မြစ်ဆုံဒေသက ဗုံးပေါက်ကွဲခဲ့တဲ့ အဆောက်အဦးတွေရှိရာ နေရာမှာ အရပ်သားတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့လည်း သိရပါတယ်။

မြစ်ဆုံ ဗုံးပေါက်ကွဲမှုမှာ ဗုံး ၁၀ လုံး၊ ၄ နေရာမှာ ပေါက်ကွဲခဲ့ပြီး လူတယောက်သာ အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးကို အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်း တည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓာတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာ ဖြစ်ပါတယ်။

ကချင် သဘာဝပတ်ဝန်းကျင် အဖွဲ့က မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော်နဲ့ လူ ၁၀,၀၀၀ လောက် နေရာ ပြောင်းရွှေ့ရမယ်လို့ ခန့်မှန်းထားပါတယ်။

Monday, April 19, 2010

ဝန်ထမ်း လစာ တိုးပေမယ့် မပျော်ရဲကြ

http://www.mizzimaburmese.com/news/inside-burma/4530-2010-01-06-12-16-33.html

မဇ္ဈိမသတင်းဌာန ။ ။ စစ်အစိုးရက နေ့စား လုပ်သားများ အပါအဝင် ဝန်ထမ်းများ အားလုံး လစာနှုန်းထား တိုးမြှင့်ပေးမည့် သတင်းနှင့်အတူ ကုန်ဈေးနှုန်းများ မြင့်တက်လာနေတော့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဝန်ထမ်းက အမိန့်ကြော်ငြာစာအမှတ် (၁၈၄/၂၀၀၉) ဖြင့် အစိုးရ ဝန်ထမ်းများကို ပုံသေနှုန်းထား ကျပ်နှစ်သောင်းစီ တိုးမြှင့်မည်ဖြစ်ကြောင်း ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

"ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာ ချောင်လည်မှု ရရှိစေရန် လည်းကောင်း၊ တပ်မတော်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် လည်းကောင်း ” တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။

အခေါက် ရွှေဈေးက လစာတိုး ကြေညာချက် ထွက်ပေါ်လာပြီး တပတ်အကြာတွင် တကျပ်သားလျှင် ကျပ် ၁ သောင်း တက်သွားကာ ယမန်နေ့ ပေါက်ဈေးမှာ တကျပ်သားလျှင် ၆၁၅၀၀၀ ကျပ် ဖြစ်သည်။

ဘိုကလေးမြို့ ဈေးထဲမှ ကုန်ခြောက် ရောင်းသူတဦးက “ဈေးနှုန်းတွေက လွတ်လပ်ရေးနေ့ပြီးမှ ပိုတက်လာတာ။ ပဲဆီကတော့ ၃၂၀၀ ကနေ ၃၅၀၀ တက်သွားတယ်။ စားအုန်းဆီကတော့ ၁၉၀၀ ကနေ၊ အခု ၂၁၀၀ တက်သွားတယ်။ ကြက်သွန်နီဆိုရင် တပိဿာကို ၆၅၀ ကနေ၊ ၇၅၀ တက်သွားတယ်။ ကျန်တဲ့ ကုန်ခြောက်တွေလည်း အရင်ဈေးထက် ၁၀၀၊ ၂၀၀ အသီးသီး တက်သွားတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ ဝန်ထမ်းအချို့ကမူ လစာတိုး၍ ဝမ်းသာရမည်ထက် ကုန်ဈေးနှုန်း တက်၍ လစာနှင့် အသုံးစရိတ် မလောက်မည်ကို ပို၍ စိုးရိမ်နေကြသည်။

အင်းစိန်ဆေးရုံမှ ဝန်ထမ်း တဦးက “ကျနော်ဆို ၃ သောင်းကျော်ပဲ ရတယ်။ လင်မယား ၂ ယောက် ငွေ ၃ သောင်း ကျော်လေးနဲ့ ဒီခေတ်မှာ ဘယ်လိုလောက်နိုင်မလဲ။ ကိုယ့်ဟာကိုယ်ပဲ ရှာကြံ ဖြည့်တင်းရတာပဲ။ ဒါကြောင့် ကုန်ဈေးနှုန်းသာ ကျပါစေ၊ လစာမတိုးလည်း ကျေနပ်ပါတယ်” ဟု ဆိုသည်။

ယခင်က ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများရှိ နေ့စား အလုပ်သမားများကို အလုပ်ချိန် တနေ့ ၈ နာရီအတွက် ကျပ် ၅၀၀ သာ တရားဝင် ပေးခဲ့ရာမှ ယခု ကျပ် ၁၁၀၀ သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။ သို့သော် အခြေခံ လစာနှုန်းထားများနှင့် နေ့စားလုပ်ခများကို တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ပြီး နှစ်တိုး လစာနှုန်းထားများမှာမူ ပြောင်းလဲခြင်း မရှိပေ။

1


စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ အတွက်မူ သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများအပြင် အငြိမ်းစား လစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ကောင်စီသို့ တင်ပြ အတည်ပြုချက် ရယူရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရပ်ခြားတွင် တာဝန် ထမ်းဆောင်နေသည့် အစိုးရ ဝန်ထမ်းများမှာမူ တာဝန် ထမ်းဆောင်နေစဉ် လက်ရှိ လစာ နှုန်းထားအတိုင်းသာ နိုင်ငံခြားငွေဖြင့် ဆက်လက် ထုတ်ယူရမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်မှသာ လစာ နှုန်းထားသစ်ကို ခံစားခွင့်ရမည် ဖြစ်သည်။

ဘိုကလေးမြို့မှ ဆန်ရောင်းသူ ကိုမိုးဇော်က “ဆန်ဈေးနှုန်းက ဒီအပတ်ထဲမှာပဲ တက်သွားတာ။ အရင် ဈေးနှုန်းကတော့ ပေါ်ဆန်းမွှေး တအိတ်ကို ၁၆၅၀၀ ကနေ အခု ၁၈၀၀၀ အထိ တက်သွားတယ်။ ဆန်ကြမ်းကျတော့ အရင်က ၁၄၀၀၀ ကနေ ၁၄၅၀၀ အထိ ရှိတယ်။ အခုတော့ ဆန်ကြမ်းဈေးလည်း ၁၅၀၀၀၊ ၁၆၅၀၀ အထိ တက်သွားတယ်” ဟု မဇ္ဈိမ ကို ပြောသည်။

လက်ရှိ စစ်အစိုးရ အာဏာသိမ်းသည့် အချိန်မှ စတင်၍ ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂၀၀၀ ခုနှစ်၊ ၂၀၀၆ ခုနှစ်များ၌ အစိုးရ ဝန်ထမ်းများ လစာတိုးမြှင့်ခြင်း ပြုလုပ်ခဲ့ပြီး၊ ယခု ၂၀၁၀ ခုနှစ်တွင် လစာ တိုးမြှင့်လိုက်ခြင်းသည် နအဖ စစ်အစိုးရ လက်ထက်၌ ၅ ကြိမ်မြောက် ဖြစ်သည်။

မွန် မြန်မာ ရှမ်း လူမျိုးများ၏ ဖိုခနောက်ဆိုင် ရှင်ပြိုင်အားထုတ်မှု

မွန် မြန်မာ ရှမ်း လူမျိုးများ၏ ဖိုခနောက်ဆိုင် ရှင်ပြိုင်အားထုတ်မှု

စကားချပ်----
တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို ရှမ်းတို့ ၏ နန်ချို နိုင်ငံကြီး အား မောင်းဂွတ် ဧကရာဇ်ဘုရင် ကုဗလေခန် က ဝင် ရောက် တိုက်ခိုက် သိမ်းပိုက် လိုက် သဖြင့် နန်ချို နိုင်ငံကြီး ပျက်စီး ၍ နန်ချို ယိုးဒယားရှမ်း လူမျိုးများ အင်ဒိုချိုင်း နား ကျွန်းဆွယ်သို့ ဝင်ရောက်ကြသော သက္ကရာဇ် ၁၃၅၀ ခုနှစ် တွင် အာယုဒ္ဓိယ မြို့တော်ကို ဗဟိုပြု ၍ မဲနန်မြစ် ဝှမ်း ဒေသ တဝိုက်တွင် ယိုးဒယား နိုင်ငံအား ထူထောင်လိုက်ကြသည့် အခါ မြန်မာ နိုင်ငံ အတွင်းရှိ မွန်နယ်များ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသတဝိုက်ရှိ မုတ္တမနှင့် မော်လမြိုင် တို့သည် ယိုးဒယားဘုရင် များအား မိမိတို့ ၏ အကြီးအကဲ များ အဖြစ်ဖြင့် နှစ်စဉ် နှစ် တိုင်း လက်ဆောင် ပဏ္ဏာများ ဆက်သွင်းပုံ တနင်္သာရီသည် ယိုးဒယားနိုင်ငံ အတွင်းတွင် ပြည်နယ် တနယ်အဖြစ် ပါဝင်လျက်ရှိကြောင်း ယိုးဒယား ရာဇဝင်ဟောင်းများ တွင် ရေးသားဖေါ်ပြ ချက်နှင့် ပတ်သက်၍ လေးလေးနက်နက် ထည့်သွင်း စဉ်းစားရန်ရှိသည်။ မြန်မာ နှင့် ယိုးဒယား တို့သည် မြန်မာဘုရင်များ နှင့် သမိုင်းတလျှောက် လုံး လိုလို စစ်မက် တိုက်ခိုက် ခဲ့ကြသည်။ အဘယ့်ကြောင့် ဆိုသော် ကမ္ဘောဒီးယားမွန်ခမာ လူမျိုးများ၏ အရိုက်အရာကို ဆက်ခံခြင်းပြုသည်ဟု မိမိတို့ ဘာသာ မိမိတို့ ယူဆဟန် ရှိ သော ယိုးဒယားရှမ်းများက တနင်္သာရီ ကမ်းရိုးတန်း အထူး သဖြင့် မုတ္တမ ၊ မော်လမြိုင် ၊ ရေး၊ မြိတ်၊ ထားဝယ် ဒေသ များ ကို မြန်မာနိုင်ငံမှ ပြန်လည်ဖဲ့ယူရန် ကြိုးပမ်း သော ကြောင့် ဖြစ်သည်။

မွန် ရာဇဝင် ဟောင်းများ တွင် ယိုးဒယား ဘက်ရှိ ယိုးဒယားရှမ်း လူမျိုး အကြီးအကဲ တဦး ဖြစ် သူ ဝါ ရီရူ သည် ပုဂံ မင်း ဆက် ဘုရင်များ တန်ခိုး အာဏာ လျော့ပါး မှေးမှိန်ကာ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ကစင့် ကလျား ဖြစ်နေချိန် လောက် က ပင် မုတ္တမ ကို အချေပြု ၍ တနင်္သာရီ ကမ်းရိုးတန်း ဒေသ တဝိုက် ကို စတင်သိမ်း ပိုက်ခြင်း ပြုကြောင်း ဖြင့် ရေးသား ဖေါ် ပြ ကြသည်။ ဝါ ရီရူသည် မုတ္တမ ကို အချေပြုပြီး နောက် ပဲခူးတွင် သီးခြား မင်း ပြုလျက် ရှိသော မြန် မာ ဘုရင်ခံ တရဖျား ကို တိုက်ခိုက် အောင်နိုင် လိုက်ကြောင်း ရေး သား ဖေါ် ပြ ထား သည်။

ဆက်လက်၍ ယိုးဒယား ရှမ်းနှင့် မွန်သွေး ရောသွားကြသည့် ဝါရီရူမင်း ခြောက်ဆက်မြောက် မျှ မုတ္တမတွင် စိုးစံကြ ပြီးနောက် ဗညားဦး လက်ထက်တွင် ဟံသာဝတီကို ဗဟိုပြုပြီး လျှင် မွန်လူမျိုးများ၏ ဒေသဖြစ်သော မြန်မာ နိုင်ငံ တောင်ဘက် တလွှားကို သိမ်းသွင်း စည်းလုံးလျက် ထင်ရှားကြီး ကျယ်လှသည့် ရာမည တိုင်းကြီးကို ထူ ထောင် ကြောင်းဖြင့် ရာဇဝင် များတွင် တခမ်းတနား ရေးသားဖေါ်ပြကြသည်။ ယင်း ကဲ့သို့ မွန်ရာဇဝင်များ ၏ ရေးသား ဖေါ်ပြ ချက် တို့ကို လေ့လာ သောအခါ ပုဂံ မင်း ဆက် တို့ အင်အားလျော့ ပါး ချိန်တွင် မွန်လူမျိုးများ နှင့် ၄င်းတို့ ၏ အကြီး အကဲများ သည် ယိုးဒယား ဘက် ရှိ သောက္ကတဲ ပြည်နယ် မှ ယိုးဒယားမင်းများ ၏ အကူ အညီ ဖြင့် မြန်မာဘုရင် များ တို့၏ လက်အောက်ခံ ဘဝမှ ရုန်းကန် လွတ် မြောက် ကြ ပြီးလျင် ဝါရီရူ မင်းဆက် ခုနှစ်ဆက် ရာဇဓိရာဇ် ဘုရင် လက် ထက် တွင် ဟံသာဝတီ ကို ဗဟိုပြုလျက် မြန်မာ နိုင်ငံ တောင် ဘက် တခု လုံးကို ရာမည တိုင်း တလိုင်း သုံးရပ် ၃၂ မြို့ စသည်ဖြင့် ဖွဲ့စည်း ထူ ထောင် နိုင် ခဲ့ ကြောင်း တွေ့ရှိရ သည်။

ထို အချိန် လောက်မှ အ စပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှား အထူး သဖြင့်တ နင်္သာရီကမ်း ရိုး တန်း ဒေသ ရှိ မွန်လူမျိုးများ နှင့် အကြီး အကဲများ ပေါ်တွင် ယိုးဒယား ဘက်ရှိ ယိုး ဒယား ပဒေသရာဇ်ဘုရင်များ၏ သြဇာ နှင့် နိုင်ငံရေး လွှမ်းမိုးမှုသည် အစပြိုးခဲ့သည်ဟု ယူ ဆ ရန်ရှိသည်...ဗညားဦး ၁၃၅၄ မှ ၁၃၈၅ ထိ ဟံသာ ၀တီ ကို အ ချက်အခြာပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှားရှိ မွန်ဒေသများကို စတင် စည်းလုံး သိမ်းသွင်းခြင်း ပြုသော အချိန်နှင့် သတိုးမင်းဖျား ၁၃၆၅ မှ ၁၃၆၈ ထိ အင်းဝကို အချက် အခြာပြုပြီးမြန်မာနိုင်ငံ အလယ်ပိုင်း မြန်မာ ဒေ သ များကို စည်းလုံး သိမ်းသွင်းသောအချိန်များသည် တစ်ချိန်တည်း တစ်ခေတ်တည်း ခေတ်ပြိုင် ဖြစ် သည်။

ဗညားဦး သည် ဟံသာဝတီကို သက္ကရာဇ် ၁၃၅၃ ခုနှစ်တွင် တည်ထောင်ပြီး သတိုး မင်း ဖျား သည် သက္ကရာဇ် ၁၃၆၅ ခုနှစ်ခန့် တွင် တည်ထောင်သည်။ ဟံသာဝတီကို တည်ထောင်ပြီး မွန်ဒေသများကို ဗညားဦး စည်းလုံး သိမ်းသွင်းခြင်း မပြုမီ ယိုးဒယားရှမ်းနှင့် မွန် သွေး နှောသည်ဟု ယုံကြည်ရသော ၀ါရီရူမင်း ခြောက် ဆက် မုတ္တမ တွင် နှစ်ပေါင်း ၇၀ သာသာမျှ စိုးစံခဲ့ကြသည့် နည်းတူ အင်းဝ ကို တည်ထောင်ပြီး မြန်မာဒေသများကို သတိုး မင်း ဖျား စည်းလုံးသိမ်းသွင်းခြင်းမပြုမီ ရှမ်းမြန်မာ သွေးနှောသော မင်းဆက်များသည် ပင်းယနှင့် စစ်ကိုင်းတို့ တွင် နှစ်ပေါင်း ၇၀ နီးပါးမျှ ခန့်စိုးစံခဲ့ကြသည်...ဟံသာဝတီကို တည်ထောင်သော ဗညားဦးမှ စပြီး ဆက်လက် စိုးစံကြ သော မင်းဆက်များသည် ယိုးဒယားရှမ်းသွေး ကင်းစင်သည်ဟု မဆိုနိုင်သည့် တိုင်အောင် မွန်ဘွဲ့ မွန်အ မည်နှင့် မွန်အခမ်းအနား အဆောင်အယောင်များ ကို ခံယူကာ မွန်မင်းများဖြစ်လာကြသည်ကို တွေ့ရှိရသည် ...ထို့အတူ အင်းဝကို တည်ထောင်သော သတိုးမင်းဖျား မှစပြီး ဆက်လက် စိုးစံကြသော မင်းဆက်များသည် ရှမ်းသွေး မ ကင်း စင်သည့်တိုင်အောင်မြန်မာဘွဲ့မြန်မာအမည်နှင့် မြန်မာ အဆောင် အယောင် များ ခံယူ ကာမြန်မာမင်းများ ဖြစ်လာကြသည်ကိုလည်းတွေ့ရှိရသည်။

အင်းဝတွင် သတိုးမင်းဖျားမှ အစပြုပြီး မွန် ရှမ်းများ အပါအ၀င် စစ်ကိုင်းစည်သူကျော်ထင် နရ ပတိ အထိ မင်း ၁ရ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါး ခန့်မျှ စိုးစံခဲ့ကြ သကဲ့သို့ ဟံသာဝတီ တွင်လည်း ဗညားဦးမှ အစပြုပြီး သုရှင် ဒ ကာ ရွတ်ပိ အထိမင်းဆက် ၁၁ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါးခန့်မျှ ထီးပြိုင်နန်းပြိုင် စိုးစံခဲ့ကြသည်။ အင်းဝမင်း ဆက်ဘုရင်များသည်မြောက်ဘက်တွင် မုံ ရွာနှင့် ရွှေဘိုခရိုင်များမှ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက် ပြည်ခရိုင်ထိ စည်းလုံးသိမ်းသွင်းခြင်း ပြု နိုင်ခဲ့ကြသည်...အင်အား ကြီးမားသော မင်းဆက် များ လက်ထက်တွင် မောရှမ်းများ နှင့်ရခိုင် ကမ်းရိုးတန်း ဒေသများ အပေါ်တွင် သြဇာ ညောင်းခဲ့သည်ကို လည်း တွေ့ရှိ ရသည် ထို့ အတူ ဟံသာဝတီ မင်းဆက် ဘုရင် များသည် ပြည်နှင့် တောင်ငူ တောင် ဘက် ဒေသ တစ်လွှားကို စည်းလုံး သိမ်းသွင်း နိုင်ခဲ့ကြ သည်။

အင်အား ကြီးမားသော ရာဇဓိရာဇ် လက်ထက်တွင် ရခိုင် ကမ်းရိုးတန်း ဒေသအပေါ်တွင် သြဇာ ညောင်း ခဲ့သည် ကို လည်း တွေ့ရသည် ၁၄ ရာစု ကျော်ခန့်မှအစပြုပြီး ၁၆ ရာစု ကျော် ခန့်ထိ နှစ်ပေါင်း၂၀၀ နီးပါးခန့်မျှ အင်းဝ နှင့် ဟံသာဝတီမင်း ဆက်ဘုရင်များသည် မြန်မာနိုင်ငံ တွင်ထီးပြိုင် နန်းပြိုင် စိုးစံခဲ့ကြသည်...ယင်းဘုရင်များ အနက် အင်းဝတွင် မင်းကြီးစွာ စော်ကဲ မင်းခေါင် နှင့် သိုဟန်ဘွား တို့သည်၎င်း ဟံသာဝတီတွင် ရာဇဓိရာဇ်၊ ရှင်စောပု နှင့် ဓမ္မစေတီမင်းတို့သည် အထင်ရှားဆုံးသော ဘုရင်များဖြစ်ကြသည်။

မွန် ရာဇ၀င် နှင့် မြန်မာရာဇ၀င်ဟောင်း များတွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲနှင့် မင်းခေါင် တို့ သည် ဟံသာ ၀တီ ရာဇဓိရာဇ်နှင့် နှစ်ပေါင်း ၄၀ ကြာမျှ စစ်မက် တိုက်ခိုက် ခဲ့ကြသည်...အင်းဝ မှ မောရှမ်းသိုဟန်ဘွားမူကား ဗုဒ္ဓသာသနာ နှင့် ပြည်သူတို့ ကို များစွာ ညှင်းပန်း နှိပ်စက်သော မင်းဆိုး မင်းညစ် အဖြစ်ဖြင့်မြန်မာ ရာဇ၀င်များ တွင် ရေးသား ဖော်ပြကြသည်...ရာဇဓိရာဇ် နောက် ဟံသာဝတီတွင် ဆက်လက်စိုးစံကြသော ဘုရင်မကြီး ရှင် စောပုနှင့် ဓမ္မစေတီမင်းတို့ နန်းသက်များအတွင်း ရာမညတိုင်းကြီး တစ်ခုလုံးသည် ငြိမ်းချမ်းသာယာလျှက် နိုင်ငံ ရေး စီးပွားရေး အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုများ အဖက်ဖက်တို့တွင် များစွာ တိုးတက်လျှက် ရှိကြောင်းဖြင့် မွန် ရာဇ၀င်များတွင် လွမ်းဆွတ်ဖွယ်ရာ ဖွဲ့နွဲ့ ရေးသား ဖော်ပြကြသည်။

ပထမ မြန်မာနိုင်ငံ ၁၀၅၀ မှ ၁၃၀၀ ခန့်အထိ ပျက်စီး သွားခဲ့ပြီး နောက် ဒုတိယ မြန်မာနိုင်ငံ ကိုပြန်လည် ထူ ထောင် ခြင်း မပြုနိုင်မီ ကြားကာလ မြန်မာနိုင်ငံ ၏ သမိုင်း ကို စူးစမ်း လေ့လာသော အခါ ထိုကာလ တွင် မြန်မာ နိုင်ငံတွင် အင်အား ကြီးမားသော ဟံသာဝတီ နှင့် အင်းဝ မင်းဆက် ဘုရင်များ ၏ ပဋိပက္ခ ပေါ် တွင် အခြေခံ ကြောင်း အထင်အရှား တွေ့ရှိရသည်။ ထိုကြား ကာလ အတွင်း မွန်နှင့် ရခိုင် မြန်မာနှင့် ရခိုင် မြန်မာနှင့် ရှမ်း မွန် နှင့် ရှမ်းတို့၏ အကြားတွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့ကြသော ပဋိပက္ခ များသည် အင်းဝ နှင့် ဟံသာဝတီ တို့အ ကြား တွင် ဖြစ်ပွားသည့် ပဋိပက္ခ ဖြစ်ကြောင်း ကို လည်း တွေ့ရှိရ သည်...ဟံသာဝတီ နှင့် အင်းဝဘုရင် မင်းဆက် များ သည် တစ်ဦး ကို တစ်ဦးက လွှမ်းမိုး အောင် နိုင်ရေးအတွက် ထိုအချိန်က တသီး တခြား တည်ရှိ နေခဲ့သည့် ရခိုင် ကမ်းရိုးတန်းဒေ သ နှင့် မြောက်ဘက် မောရှမ်းဒေသများကို နှစ်ဦး နှစ်ဘက်စလုံး က မိမိတို့ ဘက်သို့ ပါဝင် လာ အောင် အနုနည်း အကြမ်းနည်း နှစ်မျိုးစလုံးဖြင့် ၀င်ရောက် စွက်ဖက်ခြင်းများ ပြုခဲ့ကြသည်။ မြန်မာရာဇ၀င် များ တွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲ နှင့် သားတော် မင်းခေါင်တို့ နန်းသက်များ အတွင်း ရခိုင်နှင့် မောရှမ်း ပြည် နယ် များ အရေး တွင်အကြိမ်ကြိမ် ၀င်ရောက် စွက်ဖက်သော အရေးအခင်းနှင့် အဖြစ်အပျက်များကို ရေး သား ဖော်ပြကြသည်...ထို့အတူ ဟံသာဝတီဘုရင် ရာဇဓိရာဇ်၏ နန်းသက်အတွင်း ရခိုင်နှင့် သိန္နီပြည်နယ်များ အရေး အခင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း များကိုလည်းတွေ့ရှိရသည်...သို့ရာတွင် အင်းဝနှင့်ဟံသာဝတီမင်း ဆက် ဘုရင် များသည် ယင်းဒေသများ၏ အရေး တွင် ၀င်ရောက် စွက်ဖက်ခြင်း ပြုနိုင်ရုံမှ တပါး စည်းလုံး သိမ်း သွင်း ခြင်း မပြုနိုင်ခဲ့ကြချေ...ရခိုင်သည်၎င်း မောရှမ်းပြည်နယ်များသည်၎င်း အင်းဝနှင့် ဟံသာဝတီ မင်းဆက် ဘုရင် များ ၏ လွှမ်းမိုးမှု အောက်မှ သီးခြား ကင်းလွတ် လျက်ရှိ နေခဲ့ကြသည်။

အင်းဝနှင့် ဟံသာဝတီတို့သည် တစ်ဦး ကို တစ်ဦး လွှမ်းမိုး အောင်နိုင်ရေးအတွက် ကြိုးပမ်းအား ထုတ်လျက် ရှိကြ စဉ် မြောက် ဘက် တစ် လွှား ရှိ မောရှမ်းများသည် အခါအခွင့်သင့်သော အခါတိုင်း တရုတ်ပြည် ယူနန် နယ် ကို ၄င်း အင်းဝကို ဗဟို ပြု သော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ကို၎င်း မကြာ ခဏ ၀င် ရောက် တိုက်ခိုက်ရန် စမ်းသပ် ကြိုးပမ်းခြင်း များပြုလုပ် ခဲ့ကြသည်... မြန်မာရာဇ၀င်များတွင် အင်းဝ မင်းဆက် ဘုရင် မင်းကြီးစွာ စော် ကဲ နှင့် သားတော်မင်းခေါင် ဘုရင်တို့ နန်း သက် များ အတွင်း မိုးညှင်း ကုန်းဘောင် နှင့် သိန္နီစော်ဘွား တို့သည် ကြိမ် ဖန် များ စွာ ၀င် ရောက် တိုက် ခိုက်ကြ သဖြင့် အင်အားကြီးမားသော ရှမ်းတပ်ကြီးများကို ရမည်း သင်းစား သီလ၀နှင့် ငယ်ရွယ်ရဲ့ရင့်သော မင်းရဲကျော်စွာတို့က ရွပ်ရွပ် ချွန်ချွန်တွန်းလှန်တိုက်ခိုက်ပြီး အောင် နိုင် ကြောင်း ဖြင့် တခမ်းတနား ရေးသားဖော်ပြကြသည်။

အင်းဝမင်း ဆက် ဘုရင်များ ၏ အင်အား လျော့ပါး သည့် သက္ကရာဇ် ၁၅၂၇ ခုနှစ်တွင် မိုးညှင်းစလုံ နှင့် သားတော် သို ဟန် ဘွား တို့ ခေါင်းဆောင်သော မောရှမ်းများသည် အင်းဝကို ၀င်ရောက် တိုက်ခိုက်ခြင်း ပြုသည်။ မြန်မာ ရာဇ ၀င်များတွင် အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် ယင်း တိုက်ပွဲတွင် အမြောက်ဆံ ထိပြီး ကျဆုံး ကြောင်း ဖေါ်ပြကြသည်။် မိုးညှင်းစလုံသည် ရွှေနန်းကြော့ရှင်၏ တူတော် မင်းကြီးရန်နောင်၏ အကူအညီဖြင့် ၄င်း၏ သား တော် သိုဟန်ဘွားကို အင်းဝတွင် နန်းတင်ပြီး မိုးညှင်းသို့ပြန် သွား ကြောင်းဖြင့်ရေးသား ဖော်ပြ ကြ သည်။ အင်းဝကို သိမ်းပိုက် စိုး စံ သောမောရှမ်းများသည် ယခင် အင်းဝမင်းဆက် ဘုရင်များကဲ့သို့ မဟုတ်ပဲ ဗုဒ္ဓ ဘာ သာ နှင့် ပြည်သူ လူထုများကို ညှင်းပန်းနှိပ်စက်ခြင်းပြုသဖြင့် သိုဟန်ဘွား၏ ဒဏ်ကို မခံနိုင်သော မြန်မာ လူမျိုး အမြောက်အမြားသည် စစ်တောင်း မြစ်ဝှမ်းဘက်ရှိ တောင်ငူနယ်သို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ ထွက်ပြေး ကြ ကြောင်း ရေးသား ဖော်ပြ ကြသည်။

တောင်ငူနယ်သည် ဟံသာဝတီနှင့် အင်းဝတို့၏ အကြားတွင် မြန်မာလူမျိုးများ၏ ခိုလှုံစုဝေးရာ အခြေခံဒေသ ကြီး ဖြစ်မှန်းမသိဖြစ်လာသည်...အင်းဝနှင့် ဟံသာဝတီ မင်းဆက်များ၏ ပဋိပက္ခ အကြားတွင် နှစ် ပေါင်း ၂၀၀ နီးပါး ခန့်မျှ ကင်းလွတ်ပြီး ငြိမ်းချမ်းနေခဲ့သော တောင်ငူနယ်ရှိ မြန်မာ လူမျိုးများသည် တဖြည်းဖြည်း နှင့်အင်အား ကြီး မားလာကာ ၁၅ ရာစုကုန်ပြီး ၁၆ ရာစု လောက်တွင် တောင်ငူနယ်သည် မောရှမ်းများ စိုးစံလျက်ရှိသော အင်းဝ နှင့် မွန်မင်းဆက်များ စိုးစံလျက်ရှိသော ဟံသာဝတီတို့၏ အကြားတွင် အင်အားကြီးမားကာ သီးခြား ကင်း လွတ် သော မြန်မာဒေသကြီးတစ်ခုဖြစ်လာသည်ကိုတွေ့ရှိရသည်။ တောင်ငူနယ်၏ အကြီးအကဲများသည် အင်းဝ မင်း ဆက်ဘုရင်များ၏ သစ္စာတော်ခံမြို့စား နယ်စားများ သာဖြစ်ခဲ့ကြသော်လည်း တောင်ငူနယ်၏ အကြီး အကဲ ဖြစ် သူ မင်းကြီးညို ၁၄၆၈ မှ ၁၅၃၀ လက် ထက် ကျ ရောက် သော အခါ တွင် တောင်ငူနယ်နှင့် မင်းကြီးညို အား အင်း ၀ဘုရင် ရွှေနန်းကြော့ရှင် ကိုယ်တိုင်က သီးခြား အာဏာပိုင်ပြည်နယ် မင်း အဖြစ်ဖြင့် အသိအမှတ် ပြု ကာ မင်း မြောက် တန်ဆာ ငါးပါး နှင့် တူမတော်မင်းလတ် တို့ကို ပေးအပ်ကြောင်းဖြင့် မြန်မာရာဇ၀င်များ တွင် ရေး သား ဖော်ပြ ကြသည်။

ထို့နောက် ဟံသာဝတီနှင့်တကွ ဇင်းမယ် နှင့်လင်းဇင်းတို့ကပင် အသိ အမှတ်ပြု ခန့်ညား လာရကြောင်းဖြင့် ဆက် လက်ရေးသားဖော်ပြသည် ကိုလည်း တွေ့ရှိရ သည်။ ယင်း သို့ဖြင့် ပထမ မြန်မာနိုင်ငံတော်ကြီး ပျက်စီး သွားခဲ့ ရ ပြီးနောက် ဒုတိယ မြန်မာ နိုင်ငံတော်ကြီးကို ထူထောင်ခြင်း ပြုအံ့ဆဲဆဲ အချိန်တွင် မြန်မာနိုင်ငံ မြောက် ဘက် တစ် လွှားနှင့် ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းဒေသများတွင် အင်းဝ ကို ဗဟိုပြုပြီး စိုးစံနေကြသော မောရှမ်း ဘုရင် နှင့် အကြီးအကဲများ။ ပြည် နှင့်တောင်ငူ တောင်ဘက် မြန်မာ နိုင်ငံ တလွှား တွင် ဟံသာဝတီကို ဗဟိုပြုပြီး စိုးစံ နေ ကြသော မွန်မင်းဆက် ဘုရင်နှင့် အကြီးအကဲများ။ မြန်မာ နိုင်ငံအလယ်ပိုင်း စစ်တောင်းမြစ်ဝှမ်း ဒေသ တစ် လျောက် တွင် တောင်ငူကို အချက် အခြာ ပြုပြီး အင်အားစုဆောင်း နေကြသော မြန်မာလူမျိုး အကြီး အကဲ များ နှင့် ခေါင်း ဆောင် များ သည် မြန်မာနိုင်ငံတွင် လူမျိုးကြီးသုံးမျိုး အင်အားစုကြီး သုံးစုအဖြစ် ဖိုခနောက်ဆိုင် တည် ရှိ နေ ကြ သည်ကိုတွေ့ရှိရပေသည်။


ကျမ်းကိုး
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
မွန်ရာဇဝင်။ မာဂဒူ အရေးတော်ပုံ
အရေးတော်ပုံ ကျမ်းများ ပြဿနာ။ ရီရီ
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူနှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
အရှေ့တောင်အာရှ ရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)

http://www.baymyanmar.com/2010/03/blog-post_608.html

မိတ်ဆွေများခင်ဗျာ... အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ နှင့် လော့စ်အိန်ဂျလိစ်မြို့ကြီးများ
တွင် နေထိုင်လျှက်ရှိကျသော မြန်မာ့မိသားစုများမှမြန်မာပြည်၏ လက်ရှိနိုင်ငံရေးအခြေအနေ ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် သဘောထားများ အပါအ၀င် NLD ခေါင်းဆောင်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များအား မေတ္တာရပ်ခံတိုက်တွန်းချက်များပါ မြန်မာပြည်သားများ၏ သဘောထားကြေညာချက်များကို သိရှိနိုင်ရန်အတွက် ပေးပို့ဖြန့်ချီလိုက်ပါသည်။ လေးစားစွာဖြင့်
မိုးကျော် ကော်မတီအဖွဲ့ဝင် Project Help Burma Committee San Francisco Bay Area,California, USA.

ပြည်ပအဖွဲ့များ ဗုံးဖောက်ခွဲဟု ကြေးမုံ စွပ်စွဲ

http://www.irrawaddy.org/bur/index.php/news/1-news/3004-2010-04-19-10-56-18
သင်္ကြန်တွင်း ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြည်ပအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD -LA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ကို စစ်အစိုးရက စွပ်စွဲထားသည်။

ကြာသပတေးနေ့က ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီး တွေ့နေရသော ကြက်ခြေနီများ၊ လုံခြုံရေး ဝန်ထမ်းများ (ဓာတ်ပုံ - ရိုက်တာ)

ယမန်နေ့က ထုတ်ဝေသည့် အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ဗုံးဖောက်ခွဲ သူများကို ကြိုးကိုင် ထောက်ပံ့ စေခိုင်းနေသူ ပြည်သစ် ညွန့်ဝေခေါ် မောင်မောင် (NLD – ဗဟို အလုပ် အမှုဆောင် ဦးညွန့် ဝေ၏သား)၊ ၀ါရှင်တန်မှ ဒေါ်လာ ပေးပို့၊ ဗုံးပေးပို့ စီစဉ်သူ ဒါရိုက်တာမှာ NCGUB ခေါ် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်ဆိုသူ ပြည်ပြေး စိန်ဝင်း (ပြည်တွင်း၌ ရှိစဉ်က အမျိုးသား ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်၏ မောင်တ၀မ်းကွဲ) ဟု ဖော်ပြထားသည်။

နယ်စပ် ဒေသရှိ သောင်းကျန်း သူများ၊ ပြည်ပြေး (ဒုက္ခသည် အမည်ခံ) စခန်းများတွင် အနောက် နိုင်ငံသားများ လာရောက်ပြီး ဗုံးခွဲ၊ မိုင်းထောင်နည်း သင်ပေးကြောင်း၊ ဂျင်းရှပ်ဆိုသူ အမေရိကန် အဖျက်သမား၏ ထိပ်တိုက် ရင်ဆိုင် ဆန့်ကျင်ရေး သင်တန်းသို့ NLD-LA)၊ ABSDF ဘုရားသခင်၏ စစ်သည်တော်အဖွဲ့ စသည့် ပြည်ပြေး သောင်းကျန်းသူများ တက်ရောက်ခဲ့သည်ဟုလည်း သတင်းစာတွင် ရေးသားထားသည်။

NLD (LA) နိုင်ငံခြားရေးရာ တာဝန်ခံ ကိုမိုးဇော်ဦးက “ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တစုံတရာ ပြဿနာ ရှာချင်တာ၊ တခုခု စွပ်စွဲ ချင်တာရှိတဲ့ အတွက်ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေရဲ့ နာမည်ကိုပါ ဆွဲထည့်တယ်လို့ ကျနော်ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်သူလူထုကို ထိခိုက်နစ်နာမည့် အကြမ်းဖက်မှုများကို လုံးဝအားမပေးကြောင်းနှင့် ထိုသို့ ပြုလုပ်သူများကိုလည်း အမြဲတမ်း ရှုတ်ချကြောင်း ၎င်းက ဆိုသည်။

ABSDF တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဆလိုင်းယောအောင်က ယင်းပေါက်ကွဲမှုနှင့် ပတ်သက်မှုမရှိကြောင်းနှင့် ပြည်သူကို ထိခိုက် နစ်နာအောင် မပြုလုပ်ကြောင်း ငြင်းဆိုလိုက်သည်။

ကိုဆလိုင်းယောအောင်က “နအဖ ဗိုလ်ချုပ်ကြီးတွေကြားထဲမှာ အချင်းချင်း ပြဿနာတွေရှိတယ်။ အဲဒီ အပေါ်မှာ အဓိက ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လုပ်ကြံချင်တာလည်း ဖြစ်နိုင်တယ်။ နောက် တခုကတော့ ဖိုးလပြည့်ပေါ့။ ဖိုးလပြည့် ဆိုတာကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ရိုက်နည်းနဲ့ သော်လည်းကောင်း၊ သွယ်ဝိုက်နည်းနဲ့ သော်လည်းကောင်း သက်ဆိုင်နေတော့ အဲဒါကို ခုတုံးလုပ်ပြီး သူတို့အချင်းချင်း ဖြစ်တဲ့ ပြဿနာလို့ ကျနော်တို့မြင်တယ်” ဟု ဆက်ပြောသည်။

သင်္ကြန်အကြတ်နေ့၊ ကြာသပတေးနေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး အနီးရှိ X2O ရေကစားမဏ္ဍပ် အနီး၌ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ ပြည်ပအခြေစိုက် အဖွဲ့ဝင်များကို စစ်အစိုးရက ယခုကဲ့သို့ စွပ်စွဲခြင်းဖြစ်သည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း မှုခင်းဌာနသို့ ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက မသိရှိရကြောင်းသာ ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ရှိ သတင်းသမားများ အဆိုအရ ဗုံးပေါက်ကွဲခဲ့သည့် နေ့မှစ၍ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် မင်္ဂလာတောင်ညွန့် ရဲစခန်းသို့ ပြည်တွင်း မီဒီယာများက ဆက်သွယ်မေးမြန်းခဲ့ကြသော်လည်း ၎င်းတို့က ဖြေပိုင်ခွင့်မရှိကြောင်းသာ ပြန်လည် ပြောဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုတွင် စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ အမျိုးသားနှင့် အမျိုးသမီး ၈ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ စုစု ပေါင်း လူဦးရေ ၁၇၀ ရှိကြောင်း သိရသည်။

ရန်ကုန်တွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စနေနေ့တွင် ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်း ဆောင်ရွက် နေသည့် အနီးဝန်းကျင်၌ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တည်ဆောက်နေသည့် အေရှားဝေါလ် ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦးနှင့် တရုတ် ပညာရှင်များ နေထိုင်သည့် နေရာများတွင် ဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း မြစ်ဆုံရေကာတာ တည်ဆောက်ရေးစီမံကိန်းကို စစ်အစိုးရ၏ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် အစိုးရပိုင် CPI ကော်ပိုရေးရှင်းတို့က ပူးပေါင်းဆောင်ရွက်၍ စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော ပိုင်ဆိုင်သည့် အေရှားဝေါလ် ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

Thursday, April 15, 2010

ဧပြီလ(၂၂)နေ့နောက်ဆုံးထား၍ အကြောင်းပြန်ရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီအားတိုက်တွန်း

ဆူးပန်း၊ ကောင်းဝါ
ဧပြီ ၁၅၊၂၀၁၀။

စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်မှ မွန်ပြည်သစ်ပါတီကို ဌာနေပြည်သူ့စစ် အသွင်ပြောင်းရန်အတွက် ဧပြီလ(၂၂)ရက်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ရန်တိုက်တွန်းခဲ့သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်မှပြောပါသည်။

မွန်ပြည်သစ်ပါတီဒုဥက္ကဌနိုင်ရော့စ ဦးဆောင်ပြီးတွဲဘက်အတွင်းရေးမှူးနိုင်ချမ်းတွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် နိုင်ထာဝရ နိုင်တလညီ ဗိုလ်မှူးကြီးလယီဂကောင်းတို့သည် ဧပြီလ(၇)ရက်နေ့တွင် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌တွေ့ဆုံဆွေးနွေးစဉ်အတွင်း တိုက်တွန်းပြောဆိုခဲ့သည်ဟု နိုင်ချေးမွန်မှ ပြောပါသည်။

မွန်ပြည်သစ်ပါတီဘက်ကမူ အတာသင်္ကြန်လွန် ဗဟိုကော်မီတီအစည်းအဝေးပြီးမှ အကြောင်းပြန်မည်ဟု ဆိုပါသည်။ မွန်ပြည်သစ်ပါတီအနေနှင့် စစ်အစိုးရတိုက်တွန်းသည့် ဌာနေပြည်သူ့စစ်အသွင်ကို လက်ခံရန် အခက်ခဲရှိ နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်ကယခုလိုဆိုပါသည်။

အခက်အခဲတော့ရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ရဲ့ပြည်သူ့အသံ ကိုလစ်လျှူရှုလို့မရသလို မွန်ပြည်သူတို့ရဲ့အသံကိုလည်းလေးစားရမှာပါ။ အစိုးရအဆက်ဆက်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပဋိပက္ခဖြစ်ခဲ့တာကြာပြီး။ ဒါကြောင့်မို့လို့ ပဋိပက္ခကိုတဆင့်ခြင်းဖြေရှင်းချင်လို့ အပစ်ရပ်ခဲ့ကြတာ။ ဆက်ပြီးတော့လဲ ကျွန်တော်တို့အချင်းချင်းညှိလုပ် ကြအုန်းမှာပါ။

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်တပ်ဖွဲ့အသွင်ကိုရော ဌာနပြည်သူ့စစ်အသွင်ကိုပါ ပြောင်း လဲဖို့ငြင်းဆိုထားသော်လည်း ဤကဲ့သို့စစ်အစိုးရမှ တင်းတင်းကြပ်ကြပ်ဖိအားပေးလာသည့်အပေါ် မည်ကဲ့သို့ တုန့်ပြန် မှုရှိလာမည်ကို စိတ်ဝင်စားနေကြသည်ဟု နယ်စပ်စစ်ရေးအကဲခတ်သူများကကဆိုပါသည်။